အရှေ့မိုးကောင်းကင်ပုံပြင်များ (၄)
၁၅။ ကြက်ဥ ၃ လုံး
သူဌေးကြီးတဦးဟာ မြို့ထဲမှာ ထမင်းဆိုင်တဆိုင်ကို ဖွင့်ထားသတဲ့။ တရက်မှာ အာဖန်ထီးဟာ အဲဒီ ထမင်းဆိုင်မှာ ၀င်ပြီး ကြက်ဥပြုတ် ၃ လုံး စားလိုက်တယ်။ စားပြီးလို့ ပြန်ထွက်မယ့်လုပ်ခါနီးမှ အင်္ကျီအိတ်ကို စမ်း ကြည့်လိုက်တော့ ငွေထည့်မလာမိမှန်းသိသွားတယ်။ အာဖန်ထီးဟာ ဆိုင်ရှင်သူဌေးကို ကောင်းကောင်းမွန် တောင်းပန်ပြောဆိုပြီး နောက်တချီ ဒီနေရာက ဖြတ်သွားတဲ့အခါ ငွေလာပေးပါ့ မယ်လို့ အာမခံကတိပေးလိုက်တယ်။
“ကိစ္စမရှိပါဘူး အာဖန်ထီး” “ ကြက်ဥ ၃ လုံးဆိုတာ ဘာမှ မဖြစ်လောက်ပါဘူး၊ နောက်မှ ပြောကြတာ ပေါ့” လို့ ဆိုင်ရှင်သူဌေးက ရှင်းပြပါတယ်။
နှစ်ဝက်လောက်ကြာတော့ အာဖန်ထီးဟာ မြို့ထဲကို ရောက်လာပြန်ပါတယ်။ သူဟာ အဲဒီထမင်းဆိုင်ဆီ ကို ကမန်းကတန်း ပြေးသွားပြီး ငွေ ပေးပါတယ်။ ဆိုင်ရှင်သူဌေးကို တွေ့တော့ အာဖန်ထီးက “ အရင်တခေါက်က ကျွန်တော်စားတဲ့ ကြက်ဥ ၃ လုံးအတွက် ဘယ်လောက်ကျသင့်ပါသလဲခင်ဗျာ” လို့ မေးလိုက်ပါတယ်။
ဆိုင်ရှင်သူဌေးဟာ နံရံမှာ ချိတ်ထားတဲ့ ပေသီးတွက်ခုံကြီးကို ဖြုတ်ယူလိုက်ပြီး အကြာကြီးတွက်ချက်ပြီး မှ.... “ မများဘူး၊ မများပါဘူး။ ကြက်ဥ ၃ လုံးအတွက် ၃၀၀ ကျပ်ဆို ရပါပြီ” လို့ ဆိုပါတယ်။
အာဖန်ထီးက အံ့အားသင့်သွားပြီး “သူဌေးမင်း ခင်ဗျား ဘယ်လိုများ တွက်လိုက်တာလဲဗျာ” လို့ မေးလိုက်ပါတယ်။
“ဒါ များနေသေးလို့လား။ ဒီကြက်ဥ ၃ လုံးကို မင်းသာ မစားလို့ ၀ပ်ခိုင်းလိုက်ရရင် ကြက်မ ၃ ကောင် ပေါက်လာမယ်။ ကြက်မ တကောင်ဟာ နှစ်ဝက်ဆိုရင် ကြက်ဥ အလုံး ၁၀၀ ဥမယ်။ ကြက်မ ၃ ကောင်မို့ ကြက်ဥ ၃၀၀ ဥလိမ့်မယ်။ အဲဒီ ကြက်ဥ ၃၀၀ ကနေ ကြက်ကလေးတွေ ဖြစ်လာလိမ့်ဦးမယ်။ ဒီတော့ဘယ်လောက် ကျ သင့်တုန်းဆို မင်းပဲ ပြောပါဦး” လို့ ဆိုင်ရှင်သဌေးက ဆိုပါတယ်။
အာဖန်ထီးက ဆိုင်ရှင်သူဌေးကို နိုင်ထက်စီးနင်းပြုကျင့်သူအဖြစ် ဆဲဆိုပစ်လိုက်ပါတယ်။ သူဌေးက ဘုရင်ထံသွားပြီး အာဖန်ထီး အကြောင်း ကို ပြောပြကာ အမှုဖွင့်လိုက်တယ်။
အမှုစစ်တဲ့နေ့ ရောက်တဲ့အခါ ဘုရင်ဟာ မာန်စွယ်တငေါငေါပြပြီးခန်းမဆောင်မှာ ထိုင်ရင်း အာဖန်ထီး ရောက်လာရင် ကြီးလေးတဲ့ ပြစ်ဒဏ်ရိုက်လိုက်မယ်ဆိုပြီး အထူးစောင့်ဆိုင်းနေပါတယ်။ ဒါပေမဲ့ နေ့လည် ရောက် တဲ့အထိ အာဖန်ထီးရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးပါဘူး။ ဘုရင်က ဆက်ကာဆက်ကာ လူလွှတ် လောဆော် ခေါ်ခိုင်းတော့မှ အာဖန်ထီးဟာ လက်ထဲမှာ သံယောက်မ တချောင်းကို ဆွဲပြီး ဖြေးလေးစွာ လာနေ တာကို တွေ့လိုက်ရတယ်။
“မင်း သိပ် သတ္တိကောင်းလှပါလား” “လုပ်တုန်းက လုပ်ထားပြီး မလာရဲဘူးလား” လို့ ဘုရင်က ဟိန်းဟောက် ပြောဆိုပါတော့တယ်။
“ အရှင်သခင်ကြီးဘုရား ကျွန်တော်မျိုး အလုပ်များနေလို့ပါဘုရား” “ ကျွန်တော်မျိုးနဲ့ အိမ်နီးနားချင်း ပေါင်းပြီး နက်ဖြန်မှာ မြေ ၂ မို (တရုတ်မြေဧရိယာအတိုင်းအတာ) လောက် ဂျုံစိုက်မှ ဖြစ်တော့မှာမို့ ကျွန်တော်မျိုးတို့ ဂျုံစေ့တွေကို လှော်နေတာကြောင့် အချိန်နည်းနည်း နှောင့်နှေးခဲ့ရပါတယ် ဘုရား” လို့ အာဖန်ထီးက လျှောက်ထား လိုက်ပါတယ်။
“ ဟားဟား ငတုံး” လို့ခေါ်လိုက်ပြီး ဘုရင်နဲ့ ဆိုင်ရှင်သူဌေးတို့ဟာ တဟားဟား ရယ်ပါတော့တယ်။ ဘုရင် က “ လှော်လိုက်လို့ ကျက်သွားတဲ့ ဂျုံစေ့ဟာ ပျိုးပင်ထွက်နိုင်ပါဦးမလား။ မင်းဟာ တကယ့် ငတုံးကြီးပဲ” လို့ ဘုရင်က ဆိုလိုက်ပြန်ပါတယ်။
“ တကယ်တော့ လှော်လိုက်လို့ ကျက်သွားတဲ့ ဂျုံစေ့က ပျိုးပင်မပေါက်နိုင်ဘူးဆိုတာ အရှင်ဘုရားလည်း အသိပါပဲဘုရား” “ ဒါဖြင့် ကျက်နေတဲ့ ကြက်ဥက ကြက်ကလေးတွေ ပေါက်နိုင်ပါဦးမလားဆိုတာ အရှင်ဘုရားကို မေးပါရစေဘုရား” လို့ အာဖန်ထီးက ပြောလိုက်ပါတယ်။
ဘုရင်နဲ့ ဆိုင်ရှင်သူဌေးတို့ဟာ အာဖန်ထီးစကားကို ကြားလိုက်တာနဲ့ ချက်ချင်း ပါးစပ်အဟောင်းသားနဲ့ ပြူးပြူးပျာပျာဖြစ်သွားပြီး နှုတ်ဆိတ် သွားတော့တယ်။
၁၆။ အစိမ်းရောင်ဆေးဆိုးပြီး ကျွေးလိုက်ပါ
“ အခုတလော ငါ့ မြည်းက မြက်စိမ်းစိမ်းကို သိပ်ကြိုက်တယ်။ ကောက်ရိုးခြောက်ကို ဘယ်လိုမှ မစားချင်ဘူး။ ဘယ်လိုလုပ်သင့်တယ်ဆိုတာ မင်းငါ့ကို ပြောပြပါဦးကွာ” လို့ အိမ်နီးနားချင်းတဦးက အာဖန်ထီး ကို မေးလိုက်ပါတယ်။
“ မင်းမြည်းက မြက်စိမ်းစိမ်းကိုမှ စားချင်တယ်ဆိုရင် မင်း ကောက်ရိုးခြောက်ကို အစိမ်းရောင်ဆေးဆိုးပြီး ကျွေးလိုက်ရင် ရတာပေါ့” လို့ အာဖန်ထီးက ရှင်းပြလိုက်ပါတယ်။
၁၇။ အပေါက်တခုတော့ ကျန်ခဲ့မှာပေါ့
အာဖန်ထီး ငယ်ငယ်တုန်းက တရက်မှာ အစ္စလန်ဘာသာရေး ပညာရှင်တဦးက “ လေးထဲက လေးနုတ် ရင် ဘယ်လောက်ကျန်သလဲ” လို့ တမင်သက်သက် မေးလိုက်ပါတယ်။
အာဖန်ထီးက ဘာမှမဖြေဘဲ နှုတ်ဆိတ်နေလိုက်တယ်။
“ ဥပမာ မင်းအိတ်ထဲမှာ ကြေးပြား ၄ ပြားရှိနေရာကနေ အဲဒီငွေဟာ အိတ်ထဲမှ ထွက်ကျသွားရင်း အိတ်ထဲမှာ ဘာကျန်ဦးမလဲ” လို့ ဘာသာရေး ပညာရှင်ကြီးက ဥပမာပေး ရှင်းပြပါတယ်။
“ ဘာကျန်လိမ့်ဦးမလဲ” ဆိုတော့ “ ငွေတွေ ထွက်ကျခဲ့တဲ့ အပေါက်တခုတော့ ကျန်တာပေါ့” လို့ အာဖန်ထီးက ဖြေလိုက်ပါတယ်။
၁၈။ ဆီဖြန်းပြီး အိမ်ဝိုင်းအတွင်း သန့်ရှင်းရေးလုပ်ခြင်း
အာဖန်ထီး ငယ်ငယ်တုန်းက ရွာထိပ်က သူဌေးကြီးတဦးရဲ့အိမ်ဝိုင်းကို နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးပါ တယ်။ လုပ်ခငွေကို နှစ်ကုန်တော့မှ ပေးမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကို သူဌေးကြီးက ချမှတ်ထားတယ်။ ဒီလို သတ်မှတ်ထားပေမယ့် သူဟာ အာဖန်ထီးအား ငွေမပေးရရေးကို နည်းလမ်းရှာကြံပါသေးတယ်။
အဲဒီနှစ် နှစ်သစ်ကူး အကြိုနေ့တောင် ကျရောက်လို့ လာပါပြီ။ သူဌေးဟာ အာဖန်ထီးကို ခေါ်လာပြီး “ အာဖန်ထီး ဒီနေ့ မင်းငါ့ဝိုင်းထဲကို သန့်ရှင်းရေးလာလုပ်ရင် ရေနည်းနည်းမှ ဖြန်းခွင့်မပြုဘူး။ ဒါပေမဲ့ သန့်ရှင်းရေး လုပ်ပြီးရင် ငါ့အိမ်ဝိုင်းဟာ ရွှဲရွှဲစိုနေစေရမယ်။ မင်းလုပ် မထားနိုင်ရင်တော့ ဒီနှစ်လုပ်အားခငွေ ထုတ်ဖို့ စိတ်ကူးမနေ နဲ့” လို့ပြောပြီး မိမိဘာသာ ဈေးထွက်သွားတော့တယ်။
အာဖန်ထီးဟာ အိမ်ဝိုင်းကို အေးအေးဆေးဆေးပဲ သန့်ရှင်းရေးလုပ်ပြီးသွားတယ်။ အဲဒီနောက်တော့ သူဌေးကြီးအိမ်ထဲမှာ သိမ်းဆည်း ထား တဲ့ ဆီဘူးအားလုံးကို ထုတ်ယူလာပြီး သန့့််ရှင်းနေတဲ့ ၀ိုင်းတခုလုံးပေါ်မှာ သွန်ချ ဖြန်းပစ်လိုက်ပါတယ်။ လုပ်စရာရှိတာတွေကို လုပ်ပြီး အာဖန်ထီးဟာ လှေကားပေါ်မှာ ထိုင်ရင်း မိမိ လုပ်ခတွေကို ထုတ်ဖို့ သူဌေးပြန်အလာကို စောင့်နေပါတယ်။
ညနေကျတော့ သူဌေးကြီးဟာ တလှုပ်လှုပ်နဲ့ ပြန်ရောက်လာပါတယ်။ တ၀ိုင်းလုံး အာဖန်ထီးက ဆီတွေ ဖြန်းထားတာတွေ့လိုက်တာနဲ့ ဒေါသလည်းထွက် စိတ်လည်းဆိုးလွန်းလို့ မျက်နှာမည်းသွားကာ လယ်ချောင်း တထောင်ထောင်နဲ့ “ ငါ့ဆီတွေလျော်ပေး၊ ငါ့ဆီတွေ လျော်ပေး” နဲ့ အော်ပါတော့တယ်။
“ဖြည်းဖြည်းပေါ့ သခင်ကြီးခင်ဗျား” အာဖန်ထီးဟာ မတ်တပ်ရပ်လိုက်ပြီး “ အိမ်ဝိုင်းထဲကို ရေ မဖြန်းပါဘူး။ ဒါပေမဲ့ ရွှဲရွှဲစိုနေတယ် မဟုတ်ဘူးလား။ သခင်ကြီးခိုင်းထားတဲ့အတိုင်း ကျွန်တော်လုပ်ထား ပြီးပြီမဟုတ်လား။ ကျွန်တော့်လုပ်ခကို အမြန်သာ ထုတ်ပေးပါ။ နောက် နှစ်အတွက် သခင်ကြီးသူဌေးက ကျွန်တော့်ကို ထပ်ခေါ်ချင် ရင်တောင်မှာ ကျွန်တော်က မလုပ်တော့ပါဘူး” လို့ ပြောဆိုလိုက်ပါတယ်။
သူဌေးကြီးလည်း ဘာမှမပြောနိုင်တော့ဘဲ အာဖန်ထီးရဲ့ လုပ်ခကိုသာ ပေးချေလိုက်ရတော့သတဲ့။
၁၉။ ငါက မင်းကို ကျီစယ်တာလေ
အာဖန်ထီးဟာ လက်ဖက်ရည်ဆိုင်တဆိုင်အတွင်း အေးအေးဆေးဆေး စိမ်ပြေနပြေ ထိုင်ပြီး လက်ဖက်ရည် သောက်နေပါတယ်။ ဟိုယိမ်း ဒီယိုင် ယိမ်းထိုးနေတဲ့ အရက်မူးသမားတယောက်ဟာ ဆိုင်ထဲဝင်လာပြီး အာဖန်ထီးရဲ့ မျက်နှာကို ယပ်တောင်နဲ့ တချက်ရိုက်လိုက်ပါတယ်။ ရိုက်ပီးတော့ ပြောင်စပ်စပ် မျက်နှာထားနဲ့ “ ဒါ မင်းကို ငါက ကျီစယ်တာပါကွာ” လို့ ပြောလိုက်ပါတယ်။
အာဖန်ထီးဟာ ချက်ချင်း လက်တုံ့ပြန်ကာ အရက်မူးသမားရဲ့ မျက်နှာကို “ ဗြန်း ဗြန်း” နဲ့ ၂ ချက် ဆင့် ရိုက်လိုက်ပါတယ်။ အရက် မူးသမားဟာ ဒေါသယမ်းအိုး ပေါက်ကွဲပြီး “ မင်း .... မင်း ဒါ ကျီစယ်တာလို့ ဘယ်လို လုပ် ပြောလို့ ရမှာလဲ” လို့ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလာပါတယ်။
“ ပထမ တချက် ရိုက်လိုက်တာက မင်းရဲ့ ကျီစယ်မှုကို တုံ့ပြန်လိုက်တာ။ ဒုတိယ တချက် ရိုက်လိုက် တာကတော့ ငါက မင်းကို ကျီစယ်လိုက်တာလေ” လို့ ပြောနေရင်းက အာဖန်ထီးဟာ မတ်တတ်ရပ်လိုက်ပြီး လက်ဖက်ရည်ဆိုင်ထဲက ထွက်ခွာသွားတော့တယ်။
၂၀။ အရသာက အင်္ကျီအိတ်ထဲမှာလေ
တနှစ်မှာ အာဖန်ထီးဟာ ‘ဟာမိကွား’ သခွား ၃-၄ မို (တရုတ်မြေဧရိယာ အတိုင်းအတာ) လောက် စိုက် ပါတယ်။ ဒိုင်နယ်အတွင်းက အရာရှိတယောက်ဟာ နေ့စဉ်ဆက်တိုက်ဆိုသလို သခွားခင်းလာကာ သခွားသီးခူးယူသွားပြီး စားတတ်ပါတယ်။ ဘယ်တော့မှလည်း ငွေပေးတယ်လို့ မရှိပါဘူး။
တနေ့ ‘ဟာမိကွား’ သခွားသီးတွေကို အာဖန်ထီး ဈေးမှာရောင်းနေတုန်း အဲဒီအရာရှိ ရောက်လာကာ သခွားသီး ၃-၄ လုံးကို ဆက်တိုက် လှီးစားပစ်လိုက်ပါတယ်။ အဲဒီနောက် “ အာဖန်ထီး မင်းသခွားသီးတွေဟာ ဘယ်နှယ့်လဲ အရသာလဲ မရှိပါလား” လို့ ပြောပါတော့တယ်။
ဒီတော့ အာဖန်ထီးက “ အရာရှိမင်းကြီးရေ ....” “ အလကားစားတယ်ဆိုရင် ဘယ်ဟာမှ အရသာမရှိဘူး ပေါ့။ အရသာဆိုတာ အင်္ကျီအိတ်ထဲမှာလေ” လို့ ပြောလိုက်သတဲ့။
ဆက်လက်ဖော်ပြသွားပါမည်။