စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday69
mod_vvisit_counterYesterday169
mod_vvisit_counterThis week725
mod_vvisit_counterLast week1243
mod_vvisit_counterThis month1450
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51705

Online Guests: 11
Your IP: 38.107.191.87
,
Today: Sep 09, 2010
အလုပ်သမား လယ်သမား အခြေခံ လူတန်းစား အရေး




(၁)
ဗမာပြည် လူဦးရေနဲ့ လူသားအရင်းအမြစ် အင်အားကို အောက်ပါအတိုင်း အကြမ်းဖျင်း တွေ့ ရတယ်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနရဲ့ စာရင်းအင်းထုတ် ပြန်ချက်အရ
၂၀၀၄ - ၂၀၀၅ (ယာယီ) လူဦးရေ (ကျား+မ) ---------- ၅၄ သန်းကျော်
တောနေ  ---------- ၃၈ သန်း (၇၀%)
မြို့နေ    ----------- ၁၆ သန်း (၃၀ %)
အလုပ်လုပ်နိုင်သူ (၁၅ နှစ်မှ ၅၉ နှစ်) ---------    ၃၂့ ၁၂ သန်း(၅၉့၄၈%) 
အလုပ်လုပ်နိုင်သူ (၁၅ နှစ်မှ ၅၉ နှစ်) များတွင် အောက်ပါပုဂ္ဂိုလ်များကို ထည့်တွက်နိုင် သည်။

ကျောင်းသား -         အလယ်တန်း ---------- ၂,၀၈၁,၂၃၄
အထက်တန်း ----------    ၆၇၆,၃၂၉
အသက်မွေးသင်တန်းကျောင်း----------       ၂၉,၀၇၉
(စက်မှု၊ စိုက်ပျိုးနှင့် အခြား)
တက္ကသိုလ်၊ ကောလိပ်  ----------      ၈၁၇,၇၈၀
(ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များမပါ)
စုစုပေါင်း   ------------- ၃့  ၆ သန်း
ဝန်ထမ်း    ------------- ၁့  ၅ သန်း
စစ်သား   -------------- ၀့  ၄ သန်း
သံဃာ ----------------- ၀့  ၃ သန်း
စုစုပေါင်း --------------- ၅့  ၈ သန်း
ကျန်အလုပ် လုပ်နိုင်သူပေါင်း  ------------- ၂၆့  ၃၂ သန်း



ကျန်အလုပ် လုပ်နိုင်သူ (ကျား+မ) ၂၆့  ၃၂ သန်းကို တောနေ (လယ်သမား) ၁၈့  ၄၂ သန်း (၇၀ %) နှင့် မြို့နေ လုပ်အား ၇့  ၉၀ သန်း (၃၀ %) ထပ်ခွဲနိုင်တယ်။ အဲဒါဟာ ဗမာ ပြည် လုပ်အား အရင်းအမြစ် အကြမ်းဖျင်း ပုံကားချပ်ပါပဲ၊
မြို့နေလုပ်အား ၇့  ၉၀ သန်းအနက် တည်ငြိမ်တဲ့ စက်ရုံအလုပ်ရုံနဲ့ ၀န်ဆောင်မှုလုပ် ငန်းများမှာ အလုပ်သမားအဖြစ် အလုပ်လုပ်နေနိုင်တာ ဘယ်နှစ်ဦးရှိသလဲ။ အတိအကျ မသိရ ဘူး။ ငွေရင်းရှိတဲ့ လုပ်ငန်းရှင်နဲ့ ပညာဖြင့် အသက်မွေးဝန်းကြောင်းသူ ပညာတတ်က အနည်းစု သာ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ ကျန်သန်းနဲ့ ချီတဲ့ အများစုကြီးမှာတော့ လက်လုပ်လက် စားနဲ့ ကျပန်းအခစား လုပ်အားရောင်းစားသူ အလုပ်သမားထုကြီးသာ ဖြစ်တယ်။

Weekly Eleven ၂၃-၁-၂၀၀၈ ပါ ဆောင်းပါးတပုဒ်အရ ဗမာပြည်မှာ အသေးစား လုပ်ငန်း ၃၃, ၈၄၅၊ အလတ်စားလုပ်ငန်း ၆, ၄၀၂၊ အကြီးစားလုပ်ငန်း ၃, ၄၈၃ ရှိကြောင်း စက်မှုကြီးကြပ်ရေးနဲ့ လုပ်ငန်းစစ်ဆေးရေး ဦးစီးဌာန၊ အမှတ် ၁ စက်မှုဝန်ကြီးဌာနရဲ့ ၃၁-၈-၂၀၀၇ ထုတ်ပြန်တဲ့ စာရင်းဇယားများကို ကိုးကားပြီး ဖော်ပြတယ်။ ၎င်း အသေးစားနဲ့ အလတ် စားလုပ်ငန်းများ (SMEs) မှ အလုပ်အကိုင် လေးပုံတပုံကို ဖန်တီးပေးထားတယ်လို့ ဆိုတယ်။

ဗမာပြည်စံအရ အသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရဲ့ အများဆုံး အလုပ်သ မား အင်အား ၉ ယောက်နဲ့ 3 HP ထက်မပိုတဲ့ စက်အား သုံးစွဲမှုဖြစ်တယ်။ ဒါကြောင့် အလုပ်ရနိုင်သူပေါင်း ၉ x ၃၃, ၈၄၅ = ၃၀၄, ၆၀၅ သာ ရှိတယ်။ အလတ်စားလုပ်ငန်းရဲ့ လုပ် သားအင်အား ဘယ်လောက်ရှိမလဲ အတိအကျ မသိဘူး။ အများဆုံးရှိရင် အသေးစားလုပ်ငန်း ရဲ့ အင်အားလောက်ပဲ ရှိနိုင်မယ်။ သို့ဖြင့် အသေးစားနဲ့ အလတ်စား လုပ်သားအင်အားမှာ ၃၀၄, ၆၀၅ x ၂ = ၆၀၉, ၂၁၀ ဖြစ်တယ်။ ဒါဟာ အလုပ်အကိုင်ရဲ့ ၄ ပုံ ၁ ပုံ ပဲဖြစ်တဲ့အတွက် စုစု ပေါင်း (သေး + လတ် + ကြီး) လုပ်သားအင်အား ၆၀၉, ၂၁၀ x ၄ = ၂, ၄၃၆, ၈၄၀ (၂့  ၅ သန်းခန့်)

(၂)
ဒါဆို ကျန် ၇့  ၉ - ၂့ ၅ = ၅့  ၄ သန်းသော အရွယ်ကောင်း ကျား+မ လုပ်သားများ ဘာလုပ်ကိုင် စားသောက်နေကြသလဲ။ နအဖ စစ်အစိုးရက ဘာတွေများ စောင့်ရှောက်ပြီး သူ တို့ ဘ၀ ရပ်တည်ရေးအတွက် စီမံခန့်ခွဲပေးသလဲ။ သူတို့ကို မှီခိုနေရတဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုများကို ဘယ်လောက်တာဝန်ယူသလဲ။ ကလေးအလုပ်သမား၊ ကလေးးစစ် သားနဲ့ အမျိုးသမီးတွေ ဘ၀နစ်မွန်းနေတာတွေ လူကုန်ကူးခံနေရတာတွေ မကြားချင် အဆုံးပဲ။

သူတို့ဟာ ကြုံရာကျပန်း မြို့နေဆင်းရဲသားများ၊ မြို့နီးချုပ်စပ် ခိုကပ်နေသူများနဲ့ အများ စုဟာ မိုင်းတွင်း၊ ကျောက်တွင်း၊ ရွှေတွင်း၊ သစ်ခုတ်၊ ငါးဖမ်းစတဲ့ စစ်အစိုးရခေတ် ပေါ်ပင်လုပ် ငန်းများတွင် အလုံးအရင်းနဲ့ ဗမာပြည်အနှံ့ ရွှေ့ပြောင်း လုပ်ကိုင်နေကြရတယ်။ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်အားတပ်ဖွဲ့ကြီးဟာ ပြည်ပထွက်ပြီး အလုပ်ကြမ်းများ လုပ်ကြရတယ်။ မီဒီယာ များနဲ့ အရပ်သားပရဟိတ အဖွဲ့များ (NGOs) အဆိုအရ ထိုင်း၊ မလေး၊ စင်ကာပူစသည့် နိုင်ငံ များတွင် ၂ သန်းခွဲလောက် ရှိမယ်လို့ ဆိုပါတယ်။ ဘယ်လောက်တိကျသလဲ မပြောတတ်ဘူး၊ ဒုက္ခသည် အနေနဲ့ ပြည်ပရောက်သူ၊ တရားဝင် ဗီဇာကိုင်ပြီး ပြည်ပထွက်သူလည်း သိန်းတချို့ ရှိတယ်။ ကျန် ၂ သန်းခွဲလောက်ရှိမယ့် ပြည်တွင်းရွှေ့ပြောင်း၊ ရေကြည်ရာ မျက်နုရာ ရှာဖွေ စားသောက်နေတဲ့ လုပ်အားတပ်ဖွဲ့ကြီးဟာ ကျောက်ခေတ်၊ သံခေတ်နဲ့မခြား သက်စွန့်ဆံဖျား လုပ်အားစိုက်ထုတ် လုပ်ကိုင်နေကြရတယ်။

အထက်ပါ စာရင်းဇယားများဟာ အခြေအနေကို မှန်းဆကြည့်နိုင်ရုံသာ တွက်ချက်ဖော် ပြနိုင်တဲ့ စာရင်းဇယားများပဲ ဖြစ်တယ်၊ နအဖစစ်အစိုးရက အားလုံးကောင်းပါသည်၊ ဘာပြဿ နာမှ မရှိပါ၊ သူတို့လက်ထက် တိုင်းပြည် အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်နေပါသည် ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ၀ါဒဖြန့်နေတာ ဖြစ်တဲ့အတွက် အခြေခံလူ တန်းစား (အလုပ်သမား၊ လယ်သမား) နှင့်တကွ ပြည်သူတရပ်လုံးရဲ့ ဆိုးဝါးကျပ်တည်းမွန်း ကျပ်နေတဲ့ ဘ၀ကို ဂရုလည်းမစိုက် မှန်ကန်တဲ့ စာရင်းဇယားများလည်း ဖော်ပြမှာ မဟုတ်ပါ၊

လယ်သမားနဲ့ အလုပ်သမားဆိုတာ ဘ၀တူတွေပါ၊ မဟာမိတ်တွေပါ။ ဗမာပြည်မှာ လယ်ယာလုပ်ငန်းခွင် သာယာဖြောင့်ဖြူးခြင်းမရှိတဲ့အတွက် မြို့ကပ်လာတဲ့ လယ်သမားများ ဟာ မြို့ပြအလုပ်လက်မဲ့အဖြစ် ဘ၀ပျက်ကာ ဆန်ကောထဲ ဆီးဖြူသီးလှိမ့်သလို ရွှေ့ပြောင်း တပ်ဖွဲ့ကြီးအဖြစ် လိမ့်ချင်တိုင်း လိမ့်နေတော့တာပါပဲ။
ဒီလိုဖြစ်ရတာဟာ စစ်အစိုးရရဲ့ ဖောက်ပြန်မှားယွင်းတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပေါ်လစီအရပ်ရပ်နဲ့ဆိုင်တယ်။ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ကြီးထွားသ ထက် ကြီးထွားအောင် လုပ်နေကြတာနဲ့ ဆိုင်တယ်။ စစ်အစိုးရမှာ မှန်ကန်တဲ့ စီးပွားရေးပေါ်လ စီဆိုတာ ထား၊ ရှင်းလင်းတဲ့ စီးပွားရေးပေါ်လစီတောင် မရှိဘူး။ ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတော်ဖြစ် ရေး၊ ဈေးကွက်စီးပွားရေး။ ပြည်ပအရင်းအနှီးများ ဖိတ်ခေါ်ရေး၊ ၅ နှစ်စီမံကိန်းနဲ့ ကိန်းဂဏန်း တိုးရေးဆိုတာတွေဟာ ပေါ်လစီမဟုတ်ပါဘူး။ ဖြစ်ချင်တာတွေကို ကြော်ငြာလိုလို ကြွေးကြော် သံလိုလို လျှောက်ပြောနေတာပါ။ြ ဥပမာ - ဘတ်ဂျက် (ရသုံးငွေစာရင်း) ဆိုပါစို့။ ရှိမှ ရှိသေးရဲ့ လားတောင် မသိဘူး။ ပြည်သူတွေကို ချမပြတာ ဆယ်စုနှစ်တစုလောက် ရှိပြီ။ သဘာဝမကျ တဲ့ ငွေကြေးပေါ်လစီနဲ့ ကျပ်ငွေ တရားလွန်ဖောင်းပွနေတာ ဘယ်လို ထိန်းချုပ်မှုများမှ မလုပ် ဘူး။ လယ်ယာလုပ်ငန်း သွင်းအားစုဖြစ်တဲ့ အမတော်ကြေး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုး စပါး၊ ခိုင်းကျွဲနွားနဲ့ လယ်ယာထွက်ကုန် ဈေးကောင်းရရေးကို ဂရုတစိုက် ဘာမှမလုပ်ဘူး။] အဆိုးဆုံးကတော့ စစ်အစိုးရရဲ့ စစ်ဗျူရိုကရက် ယန္တရားပဲ။ အထက်က လုပ်ချင်သလိုလုပ် အောက်ကလည်း အထက်က မျက်နှာသာရ ပြီးရော လုပ်ချင်သလိုလုပ်။ တဗိုလ်တမင်းပဲ။



(၃)
လူ့အဖွဲ့အစည်းတရပ်ရဲ့ တစုံတခုသော ထုတ်လုပ်ရေး ဖြစ်ပေါ်တိုးပွားမှု အခြေအနေ တရပ်အတွင်း တစုံတခုသော လူတန်းစားများနဲ့ လူတန်းစားတိုက်ပွဲများ ဖြစ်ပေါ်လာတာဖြစ် ပါတယ်။ ဗမာပြည်လို စက်မှုမဖွံ့ဖြိုးတဲ့ ရှေးရိုး လယ်ယာစိုက်ပျိုးရေးတိုင်းပြည်ဟာ မဆလ ခေတ် ၁၉၈၇ မှာ ဖွံ့နိမ့် (LDC) နိုင်ငံဖြစ်ခဲ့ပြီး ယနေ့ကာလမှာ သန်းနဲ့ချီတဲ့ အလုပ်လက်မဲ့ ရွှေ့ ပြောင်းတပ်ဖွဲ့ကြီး ကြီးထွားနေတဲ့ ကျောက်ခေတ်တပိုင်းနိုင်ငံဖြစ်နေပါတယ်။

ကမ္ဘာပေါ်မှာ နိုင်ငံတွေ အမျိုးမျိုး ရှိပါတယ်။ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှုနိမ့်၊ အင်အား လွန်၊ စက်မှုဖွံ့ဖြိုးသော၊ အသစ်ကြီးထွားလာသော၊ အသစ်စက်မှုဖွံ့ဖြိုးလာသော ကျားနိုင်ငံများ (developed, developing, least developed, super power, industrialized, newly emergence, newly industrialized) စသဖြင့် အခေါ်အဝေါ်တွေ ဘယ်လိုပဲ ရှိရှိ၊ စိုက်ပျိုးရေးကနေ စက်မှု၊ ကာယအားပြုကနေ ညဏအားပြု၊ တောကနေ မြို့၊ ခေတ်နောက်ကျရာမှ ခေတ်မီ အဆင့်ဆင့် ဖြတ်သန်း တက်လှမ်းသွားကြရတာပဲ ဖြစ်တယ်။ တိုင်းပြည် ဖွံ့ဖြိုးလာရင်၊ စက်မှုနဲ့နည်းပညာ ထွန်းကားလာပြီး လယ်ယာမြေမှာ စက်မှုစိုက်ပျိုးရေး ဖြစ်လာတဲ့အတွက် လယ်သမားအရေး အတွက် လျှော့ပါးပြီး၊ စက်မှုနဲ့ ၀န်ဆောင်မှုအလုပ်သမား အရေအတွက် တိုးပွားလာတာပဲ ဖြစ်တယ်။ အလုပ်သမားတွေဟာ ပညာရေး ကျန်းမာရေး လူမှုရေးအဖက်ဖက်က ရေချိန်မြင့် မားလာရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာခြင်းရဲ့ သင်္ကေတပဲဖြစ်တယ်။ အလားတူ စက်မှုလယ် ယာဖြစ်လာတာနဲ့အမျှ လယ်သမားတွေရဲ့ လူမှုအတင့်အတန်းရေချိန်မြင့်မားလာမှာဖြစ်တယ်။

ဒီအခြေအနေအောက်မှာ နိုင်ငံတခုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ နည်း ဗျူဟာတွေ ချမှတ်ရာမှာ ကိုယ့်နိုင်ငံရဲ့ ထူးခြားချက် (အားနည်းချက် - အားသာချက်) များကို စီ စစ်တွက်ချက်ပြီး ချမှတ်ကြရတာ ဖြစ်တယ်။ သူများ လုပ်သလို လိုက်လုပ်တိုင်းရတာ မဟုတ် ဘူး။ မှန်ကန်တဲ့ ပေါ်လစီချဖို့ဆိုတာ ကိုယ့်နိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အခရာ အကျဆုံးပဲ။ ပဒေသရာဇ်တပိုင်း စစ်ဗျူရိုကရက်များကတော့ လူတွေကို ကျွန်တွေလို သဘောထားပြီး တိုင်းပြည်ရဲ့ သယံဇာတများကို လက်ဝါးကြီးအုပ်သွေးစုပ်အမြတ် ထုတ်ကြ တယ်။


(၄)

စစ်အစိုးရက အခြေခံလူတန်းစား (အလုပ်သမား၊ လယ်သမား) ကို စစ်ဗျူရိုကရက် လူ တန်းစားရဲ့ အခိုင်းခံ အခြယ်လှယ်ခံအဖြစ် ထာဝရ စစ်ကျွန်ပြုတော့မှာ ဖြစ်တယ်။ ဗမာပြည်လို ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တပိုင်း နိုင်ငံအဖို့ လူလတ်တန်းစား(ပညာတတ်၊ အတတ်ပ ညာသည်၊ လုပ်ငန်းရှင်စတဲ့) ဟာ အရေအတွက်လည်း နည်းပါး၊ စီးပွားရေးလည်း ချည့်နဲ့ရုံတင် မက သူတို့အများစုရဲ့ ဇစ်မြစ်ဟာ (အလုပ်သမားလိုပဲ) လယ်သမား ဖြစ်ကြပါတယ်။ အဘိုးအ ဘွားတွေဟာ လယ်သမားဇစ်မြစ်တွေပါ။

ဗမာပြည်မှာ လယ်သမား သားမြေးတွေဟာ လယ်သမားပဲ အများစုဖြစ်ကြပြီး ရွှံ့ထဲနွံထဲ ကကို မတက်နိုင်ပါ။ ဗမာပြည် ပညာရေးက ဘွဲ့ရ အလုပ်ကြမ်းသမား(လယ်သမား ကူလီ ဆိုက်ကားနင်းစသည်) ပေါပါတယ်။ လူလတ်တန်းစားများတာဟာ တိုင်းပြည်အတွက် ကောင်းပါ တယ်။ ဒါပေမဲ့ စစ်အစိုးရကို ခိုကပ်ကြီးထွားလာတဲ့ စစ်ဖိနပ်ကို ပါလစ်တိုက် ပေးနေတဲ့ လူလတ်တန်းစားများ ပေါ်လာတာထက် တော်လှန်တဲ့ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ ကိုယ့်ဒူးကိုယ်ချွန် ပညာတတ် လူလတ်တန်းစား များဖို့ လိုပါတယ်။ အလုပ်သမား၊ လယ်သမား၊ တော်လှန်တိုးတက်တဲ့ ပညာတတ် လူလတ် တန်းစားတွေ များသထက် များအောင် ပေါ်လစီ ချမှတ်ဖို့ အရေးကြီးဆုံး ဖြစ်တယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မှန်ကန်တဲ့ ပေါ်လစီမှန်သမျှ အောက်ခြေက လာတာပါ။ မဟာဗျူဟာ နည်းဗျူဟာဆိုတာ အထက်က ကျလာတာ မဟုတ်ပါဘူး။ ဗမာပြည်ဟာ စစ်ဗျူရို ကရက်ဓနရှင်စနစ် ရှိနေသမျှ သက်ဆိုးရှည်နေသမျှ လူတန်းစားတိုက်ပွဲတွေ သည်းသန် ပြင်းထန်လာမှာ ဖြစ်ပါတယ်၊ အလုပ်သမား၊ လယ်သမားလူတန်းစားတပ်ဖွဲ့ကြီးကို မှန်မှန်ကန် ကန် စည်းရုံးစုစည်းနိုင်တာနဲ့အမျှ တော်လှန်ရေး လူထုတိုက်ပွဲတွေ ပေါ်ပေါက်ကြီးထွားလာမှာ ဖြစ်တယ်။

အလုပ်သမား သမဂ္ဂတွေ သဏ္ဌာန် အသီးသီးနဲ့ ဗမာပြည်အနှံ့ လျှို့ဝှက် ဖွဲ့စည်းရမယ်။ တက်ကြွလှုပ်ရှားတဲ့ အစုအဖွဲ့တွေ အများအပြား လျှို့ဝှက်စုစည်းရမယ်။ ဒေါင်လိုက်ကွန်ရက် ချိတ်ဆက်မှုထူထောင်ရမယ်။ လူမှုအခွင့်အရေးတိုက်ပွဲ၊ စီးပွားရေးတိုက်ပွဲတွေမှတဆင့် နိုင်ငံ ရေးတိုက်ပွဲတွေ ဆင်နွှဲသွားရမယ်။ လူ့အခွင့်အရေးတိုက်ပွဲဆိုတာ အလုပ်သမားတိုက်ပွဲတွေနဲ့ နွှယ်ပြီး ပေါ်လာပါ။ အလုပ်သမားတိုက်ပွဲတွေရဲ့ ဂယက်ပါ။

ဗမာပြည် စစ်အာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်ပြီး တိုင်းပြည်ခေတ်မီ ဖွံ့ဖြိုးရေးအတွက် ဖြတ်လမ်းမရှိ။ ကယ်တင်ရှင် မရှိ။ ကိုယ်ဒူးကိုယ်ချွန် စွန့်လွတ်အနစ်အနာခံပြီး တစည်းတလုံးတည်း တိုက်ပွဲဝင်ခြင်းမှအပ တခြားလမ်းမရှိ။ အလုပ်သမား လယ်သမားအခြေခံ လူတန်းစားတွေ သွေးစည်းညီညွတ်ရေးဟာ အောင်ပွဲရဲ့ သော့ချက်ဖြစ်တယ်။

မောင်သန်းမြရွှေ
၅-၈-၁၀၀၉။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်