စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday171
mod_vvisit_counterYesterday169
mod_vvisit_counterThis week827
mod_vvisit_counterLast week1243
mod_vvisit_counterThis month1552
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51807

Online Guests: 4
Your IP: 38.107.191.88
,
Today: Sep 09, 2010
ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အခန်း-၁၊ အပိုင်း-၂)

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အခန်း-၁၊ အပိုင်း-၂)



နိုင်ငံရေးဆိုတာ အစိုးရဆိုင်ရာ အနုပညာတရပ်ဖြစ်တယ်။ သိပံ္ပပညာရပ်မဟုတ်တဲ့ ၀ိဇ္ဇာပညာရပ်တခုဖြစ်တယ်



ဂျာမန် Chancellor Bismarck က နိုင်ငံရေးဆိုတာ သိပ္ပံပညာမဟုတ်ဘူး။ ၀ိဇ္ဇာပညာရပ်ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ သူယူဆတဲ့ ၀ိဇ္ဇာပညာဆိုတာက လူ့အဖွဲ့အစည်းအတွင်းက လူအများစုပေါင်းပြီး ဆုံးဖြတ်ချက်တွေ ချမှတ်မှု၊ ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မှုတွေအပေါ် အခြေခံပြီး လူ့အဖွဲ့အစည်းအတွင်း အစိုးရလုပ်ငန်းဆောင်တာ လုပ်ဆောင်ခွင့် တည်ဆောက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ရှေးခေတ်ဂရိနိုင်ငံတွေမှာ ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကနေ မြစ်ဖျားခံလာတယ်လို့ ဆိုနိုင်ပါတယ်။



Politics ဆိုတဲ့ စကားလုံးဟာ polis ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပြီး၊ အဓိပ္ပာယ်ကတော့ မြို့ပြနိုင်ငံဖြစ်ပါတယ်။ ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ လွတ်လပ်တဲ့ မြို့ပြနိုင်ငံငယ်လေးတွေ အများအပြား ဖွဲ့စည်းပါဝင်ပါတယ်။ ဒီမြို့ပြနိုင်ငံငယ်လေးတွေမှာ သူတို့နဲ့ သက်ဆိုင်ရာ အစိုးရတွေ သီးခြားရှိကြပါတယ်။ ဒီမြို့ပြနိုင်ငံတွေထဲမှာ အကြီးဆုံးနဲ့ နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှု အရှိဆုံးနိုင်ငံကတော့ အေသင်နိုင်ငံဖြစ်ပါတယ်။ အေသင်ကို ဒီမိုကရေစီအစိုးရရဲ့ ပုခက်လို့ ပြောစမှတ်ပြုခဲ့ကြပါတယ်။ နိုင်ငံရေးကို ဒီအမြင်ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးဆိုတာ polis နဲ့ ဆက်စပ်တဲ့ ကိစ္စရေးရာတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ခေတ်သစ်အဓိပ္ပာယ် ဖွင့်ဆိုချက်အရဆိုရင်တော့ နိုင်ငံတော်နဲ့ ဆက်စပ်တဲ့ ကိစ္စရေးရာတွေ မှန်သမျှဟာ နိုင်ငံရေးပဲ ဖြစ်ပါတယ်။ ဒီအမြင်ကို ယနေ့ခေတ်တွေမှာ လက်ခံနားလည် ထားတာ ပိုများပါတယ်။ လူတွေဟာ ပါလီမန်၊ အစိုးရအုပ်ချုပ်ရေးဆိုင်ရာတွေမှာ လုပ်ကိုင်နေရင်၊ လုပ်ကိုင်ဖို့ကြိုးပမ်းအားထုတ်နေရင် ဒီလူတွေကို နိုင်ငံရေးသမားတွေလို့ လူအများက သတ်မှတ်ကြပါတယ်။



ဒီတော့ ဒီအမြင်နဲ့ ကြည့်မယ်ဆိုရင် နိုင်ငံရေးပညာလေ့လာတယ်ဆိုတာ အစိုးရကို လေ့လာတာဖြစ်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့်ထပ်ချဲ့လိုက်ရင် အာဏာကျင့်သုံးမှုကို လေ့လာတာလို့ ဆိုနိုင်လာပါတယ်။ ဒီအမြင်ကို ခိုင်ခိုင်မာမာ ဆိုခဲ့သူကတော့ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ဒေးဗစ်အီစတန်ပါ။ သူက နိုင်ငံရေးဆိုတာ လူထုက ပေးလာတဲ့ ဖိအားတွေကို အစိုးရက ဆုပေး၊ ဒဏ်ပေးတာတွေ ပြုလုပ်ပြီး တုန့်ပြန်ဆောင်ရွက်တဲ့ ဖြစ်စဉ်ပေါင်းများစွာ ပါဝင်တဲ့ “တန်ဖိုးတွေကို အာဏာကျင့်သုံးပြီး ခွဲဝေခြင်း“ လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီအခါမှာ အာဏာကျင့်သုံးမှုတန်ဖိုးဆိုတာကို လူအဖွဲ့အစည်းက ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာတာဖြစ်တယ်လို့ သူက ဆိုထားပါတယ်။ ဒါကို ထပ်ချဲ့ပြီး ကြည့်မယ်ဆိုရင် နိုင်ငံရေးဆိုတာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လုပ်ငန်းဆောင်တာ စီမံချက်တွေကို အာဏာကျင့်သုံးပြီး ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်၊ မူဝါဒတွေနဲ့ ဆက်စပ်လာပါတယ်။



ဒေးဗစ်အီစတန်တဲ့ ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပညာရှင်အများအပြားက ကန့်ကွက်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က နိုင်ငံရေးကို ကျဉ်းမြောင်းတဲ့ အမြင်ရှုထောင့်ကနေ ရှုမြင်မှုကို ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ကို ကျဉ်းမြောင်းတဲ့ အမြင်နဲ့ ရှုမြင်သူများဟာ နိုင်ငံရေးဆိုတာ Polity အတွင်းမှာပဲ ရှိတယ်လို့ မြင်ကြပါတယ်။ Polity ဆိုတာက အစိုးရလည်ပတ်မှုယန္တရားအပေါ်မှာ အခြေတည်ထားတဲ့ လူမှုအဖွဲ့အစည်း စနစ်တရပ်ဖြစ်ပါတယ်။ နိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်ကတော့ ဒါကို လူအားလုံးရဲ့ အကျိုးစီးပွားအတွက် လူမှုအဖွဲ့အစည်းတရပ်ကနေ နိုင်ငံရေးအာဏာကျင့်သုံးပြီး အုပ်ချုပ်တာလို့ ဖွင့်ဆိုထားခဲ့ပါတယ်။ ဒီလို နိုင်ငံရေးဆိုတာ Polity အတွင်းမှာပဲ ရှိတယ်လို့ ရှုမြင်တယ်ဆိုရင်တော့ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေကို  ကက်ဘိနက်ထဲမှာ၊ ဥပဒေရေးရာချိန်ဘာတွေထဲမှာ၊ အစိုးရဌာနဆိုင်ရာတွေမှာ နိုင်ငံရေးသမားတွေကပဲ ကျင့်သုံးနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီအခါမှာ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ တခြားပညာရေး အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မိသားစုတွေက နိုင်ငံရေးပြင်ပကို ရောက်သွားသလို ဖြစ်နေပါတယ်။ ဒီအမြင်ဟာ အစိုးရမှာ မပါဝင်တဲ့ လူအများကို နိုင်ငံရေးပြင်ပကို ဖယ်ထုတ်ထားတာကြောင့် ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်လို့ လူအများက သတ်မှတ်ကြပါတယ်။ အစိုးရပိုင်းဆိုင်ရာ တာဝန်ယူနေသူတွေကပဲ နိုင်ငံရေးနဲ့ ဆိုင်သလိုဖြစ်နေတဲ့ ဒီအမြင်ထက် ပိုမိုကျယ်ပြန့်တဲ့ နောက်ထပ်အမြင်တခုကတော့ နိုင်ငံရေးဆိုတာ အများနဲ့ ဆိုင်တယ်ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးဆိုတာ လူအများနဲ့ ဆိုင်တဲ့ ပြည်သူ့ရေးရာဖြစ်တယ်



ဒီအမြင် မြစ်ဖျားခံလာတာကတော့ ဂရိနိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်ရဲ့ “လူဆိုတာ နိုင်ငံရေးသတ္တ၀ါဖြစ်တယ်“ ဆိုတဲ့ အဆိုအမိန့် အပေါ်မှာ ဖြစ်ပါတယ်။ ဒီတော့ လူဆိုတာ နိုင်ငံရေးသတ္တ၀ါဖြစ်တာကြောင့် နိုင်ငံရေးဆိုတာ လူအများနဲ့ ဆိုင်တဲ့ ပြည်သူ့ရေးရာလို့ရှုမြင်လာတဲ့အခါမှာ  နိုင်ငံရေးရာလား၊ နိုင်ငံရေးရာ မဟုတ်ဘူးလားဆိုတဲ့ ခွဲခြားမှုဟာ ကိုယ်ပိုင်ဘ၀ (private life) နဲ့ အများဆိုင်ဘ၀ (public life) ခွဲခြားမှုအပေါ်မှာ မူတည်လာပါတယ်။



ကိုယ်ပိုင်ဘ၀နဲ့ အများဆိုင်ဘ၀ကို အစဉ်အလာအရ ခွဲခြားမှုကတော့ နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) အနေနဲ့ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဆိုင်တဲ့ အစိုးရယန္တရား၊ တရားရုံး၊ ရဲအဖွဲ့၊ စစ်တပ်၊ လူမှုဖူလုံရေးစနစ် စတာတွေက လူအဖွဲ့အစည်းတခုလုံးအပေါ်မှာ တာဝန်ရှိတာမို့ အများဆိုင်ဘ၀ လို့ သတ်မှတ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းမှာကျတော့ မိသားစု၊ မျိုးနွယ်စု၊ ကိုယ်ပိုင်စီးပွားရေး၊ ကုန်သွယ်မှုအသင်းအဖွဲ့၊ လူမှုအဖွဲ့အစည်း စတာတွေ ပါဝင်ပြီး၊ ဒါတွေကို နိုင်ငံတော်က တည်ထောင်တာမဟုတ်ပဲ ပြည်သူပြည်သားတွေက ဖွဲ့စည်းတည်ထောင်တာဖြစ်တဲ့အတွက် ကိုယ်ပိုင်ဘ၀လို့ သတ်မှတ်ပါတယ်။ Edmund Burke ကတော့ သေးငယ်တဲ့ တပ်စုလေးတွေလို့ ခေါ်ဆိုပါတယ်။ ဒီလိုခွဲခြားမှုအပေါ်မှာ အခြေခံမယ်ဆိုရင်တော့ နိုင်ငံရေးဆိုတာ နိုင်ငံတော်က ထမ်းဆောင်တဲ့ လုပ်ငန်းဆောင်တာ တာဝန်ဝတ္တရားတွေနဲ့ပဲ ပတ်သက်ပြီး၊ လူတဦးချင်းစီရဲ့ စီးပွားရေး၊ လူမှုရေး၊ အိမ်တွင်းရေး၊ ကိုယ်ရေးကိုယ်တာ၊ ယဉ်ကျေးမှုရေး စတာတွေက နိုင်ငံရေးမဟုတ်ပါဘူး။



သို့ပေမယ့်လဲ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာက နိုင်ငံတော်နဲ့သာ ခွဲခြားလို့ရပေမယ့် လူအများနဲ့ကျတော့ ခွဲခြားလို့ မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ လူအများကြားမှာ ပါဝင်ပတ်သက်ပြီး လူအများနဲ့ သက်ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ခေတ်သစ်နိုင်ငံရေးပညာက ကိုယ်ပိုင်ဘ၀နဲ့ အများဆိုင်ဘ၀ဆိုတာကို ခွဲခြားမှုသဏ္ဍာန်သစ်တမျိုးနဲ့ ချဉ်းကပ်လာပါတယ်။ အများဆိုင်ဘ၀ဆိုတာဟာ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ အနုပညာ၊ ယဉ်ကျေးမှုအားလုံးနဲ့ သက်ဆိုင်ပြီး၊ ကိုယ်ပိုင်ဘ၀ကတော့ မိသားစုနဲ့ အိမ်တွင်းရေးရာတွေနဲ့ သက်ဆိုင်တဲ့ ဆိုတဲ့ သဏ္ဍာန်ပါ။



ဒီသဏ္ဍာန်ကို အမျိုးသမီးဝါဒီတွေက ဝေဖန်ကြပါတယ်။ နိုင်ငံရေးဆိုတာ အိမ်ရှေ့တံခါးမှာတင် ရပ်တန့်သွားပြီး မိသားစုရေးရာတွေ၊ အိမ်တွင်းရေးရာတွေ၊ တဦးနဲ့တဦးဆက်ဆံရေးတွေနဲ့ မပတ်သက်ဘူးဆိုလိုသလို ဖြစ်နေကြောင်း သူတို့ကဆိုပါတယ်။ လူတယောက်က မိမိအိမ်မှာ အိမ်ထောင်ဘက်ဖြစ်သူကို လိမ်ညာလှည့်ဖျားတာ၊ ရိုက်နှက်နှိပ်စက်တာ၊ သားငယ်သမီးငယ်တွေကို ရိုက်နှက်ညှဉ်းပန်းတာတွေ လုပ်နေမယ်ဆိုရင် ဒါတွေကို ကိုယ်ပိုင်ဘ၀ရေးရာလို့ပဲ သတ်မှတ်လို့ မရနိုင်ကြောင်း သူတို့က မီးမောင်းထိုးပြကြပါတယ်။



နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာ ဖြစ်တယ်ဆိုတဲ့ ဒီအမြင်နဲ့ ပတ်သက်ပြီး အကောင်းမြင်သူရော၊ အဆိုးမြင်သူတွေပါ ရှိပါတယ်။ အရစ္စတိုတယ် ခေတ်မှာတုန်းကတော့ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ အရေးကို ဆောင်ကျဉ်းပေးတာကြောင့် အင်မတန်မြင့်မြတ်ပြီး၊ တိုးတက်တဲ့ လူ့ဘောင်သစ်ကို ဖော်ဆောင်ပေးတဲ့ လုပ်ငန်းဆောင်တာတရပ်အနေနဲ့ သတ်မှတ်ကြပါတယ်။ ဒါကို ဂျာမန်နိုင်ငံရေးသီအိုရီပညာရှင်နဲ့ တွေးခေါ်ပညာရှင်ဖြစ်တဲ့ Hanna Arendt က ထောက်ခံခဲ့ပါတယ်။ သူမရဲ့ The Human Condition (1958) စာအုပ်ထဲမှာ နိုင်ငံရေးဆိုတာ လွတ်လပ်ပြီး တန်းတူညီမျှတဲ့ လူသားတွေရဲ့ ဆက်နွယ်မှုဖြစ်တာကြောင့် လူမှုလုပ်ငန်းဆောင်တာတွေအားလုံးရဲ့ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာ အနေနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးသီအိုရီပညာရှင်ကြီးတွေဖြစ်တဲ့ Jean-Jacques Rousseau နဲ့ John Stuart Mill တို့ကလဲ ဒီလို အဆိုတွေ ဆိုခဲ့ကြဖူးပါတယ်။ Rousseau က နိုင်ငံသားတွေရဲ့  နိုင်ငံရေးရာတွေမှာ တိုက်ရိုက်စဉ်ဆက်မပြတ် ပါဝင်ပတ်သက်မှုကသာ နိုင်ငံတော်ကို အများနဲ့ ဆိုင်တဲ့ အကျိုးစီးပွား (common good) တနည်းဆိုရင် အများသဘောတူတဲ့ ဆန္ဒ(general will) ကို ဖြည့်ဆည်းဆောင်ကျဉ်းပေးနိုင်မယ်လို့ ဆိုပါတယ်။ Mill ရဲ့ အမြင်အရလဲ ပြည်သူ့ရေးရာတွေမှာ ပါဝင်ပတ်သက်မှု၊ တနည်းဆိုရင် နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ လုတဦးချင်း၊ တယောက်ချင်းရဲ့ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ၊ မြော်မြင်တွေးခေါ်မှုဆိုင်ရာတွေကို တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။



ဒီအမြင်ကို လစ်ဘရယ်သီအိုရီပညာရှင်တချို့က ဆန့်ကျင်ကြပါတယ်။ သူတို့အဆိုအရ ကိုယ်ပိုင်ဘ၀ဆိုတာ ရွေးချယ်မှု၊ တဦးချင်းလွတ်လပ်မှု၊ တဦးချင်း တာဝန်တွေနဲ့ စပ်ဆိုင်တဲ့ အရာဖြစ်တာကြောင့် စီးပွားရေး၊ မိသားစုဘ၀နဲ့ အားကစားရေးရာတွေမှာ နိုင်ငံရေးကို ဖယ်ထုတ်ထားသင့်တယ်လို့ ဆိုကြပါတယ်။ ဒီရေးရာတွေမှာ နိုင်ငံရေးပါဝင်တဲ့အခါကျရင် စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်ကိုင်မယ်၊ ကလေးသူငယ်တွေကို ဘယ်လိုပြုစုပျိုးထောင်မယ်၊ အားကစားကို ဘယ်လိုကစားမယ်၊ ဘယ်သူတွေနဲ့ ကစားမယ်စတဲ့ ရွေးချယ်ခွင့်တွေမှာ လွတ်လပ်စွာရွေးချယ်ခွင့်မရှိပဲ ၀င်ရောက်စွက်ဖက် သလို ဖြစ်စေနိုင်တယ်လို့ သူတို့ ဆိုကြပါတယ်။ သူတို့ရဲ့အမြင်အရတော့ ကိုယ်ရေးကိုယ်တာတွေကိစ္စရပ်တွေမှာ နိုင်ငံရေးဆိုတာ မလိုလားအပ်တဲ့ ၀င်ရောက်စွက်ဖက်နှောင့်ယှက်မှုအဖြစ် တွေးမြင်ကြပါတယ်။



နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့အတင်းပြုလုပ်မှု (compromise) နဲ့ အများသဘောတူလက်ခံမှု (consensus) ဖြစ်တယ် (နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်ဖြစ်တယ်)



ဒီအမြင်ရှုထောင့်အရဆိုရင် နိုင်ငံရေးဆိုတာ ပဋ္ဋိပက္ခတွေကို ဖြေရှင်းတာဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာ အင်အားသုံးဖြေရှင်းမှု၊ အာဏာကို ပရမ်းပတာ အသုံးပြုမှုမဟုတ်ပဲ အပေးအယူ၊ အလျှော့အတင်းပြုလုပ်တာ၊ ပြန်လည်သင့်မြတ်ရေးပြုလုပ်တာ၊ ညှိနှိုင်းဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့  နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီအမြင်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတွေရဲ့ နိုင်ငံရေးရာပြဿနာတွေကို အဖြေရှာမှုသဏ္ဍာန်တွေကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို အဖြေရှာတဲ့အခါမှာ စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းပဲ ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမှုတွေ၊ အပြန်အလှန်သဘောတူလက်ခံမှုတွေနဲ့ အဖြေရှာသင့်တယ်ဆိုတဲ့ သဏ္ဍာန်ဖြစ်ပါတယ်။ ဒီနေရာမှာ အများသဘောတူလက်ခံမှု (consensus) ဆိုတာက သာမန် သဘောတူညီမှု (agreement) ကို ဆိုလိုတာ မဟုတ်ပါဘူး။ အများသဘောတူလက်ခံမှုဆိုတဲ့သဘောတရားမှာ လူအများ၊ အုပ်စုအများအပြားက ကျုယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု၊ အခြေခံသဘောတရားများပါဝင်မှု စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် အများသဘောတူလက်ခံမှုဆိုတာမှာ တချို့သော အကြောင်းအရာ၊ သဘောတရားတွေ ကွဲပြားမှုကို အတိုင်းအတာ တခုအထိ လက်ခံပေးမှု ပါဝင်ပါတယ်။ အဲဒီမှာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အကြံပြုမှု၊ အပေးအယူပြုမှုတွေအပေါ် အခြေတည်ပြီး ပြုလုပ်တဲ့ procedural consensus ဆိုတာရှိသလို၊ အခြေခံ မူဝါဒရေးရာတွေမှာ သဘောတူညီမှုနဲ့ မတူညီတဲ့ အိုက်ဒီယိုလော်ဂျီရပ်တည်မှုတွေကို ညှိနှိုင်းဆောင်ရွက်တဲ့ sustantive consensus ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီလို အများသဘောတူလက်ခံမှုတွေ ပေါ်ထွက်လာအောင်ပြုလုပ်ခြင်းကို နိုင်ငံရေးလုပ်ခြင်းအနေနဲ့ အချို့က ရှုမြင်သုံးသပ်ကြတာဖြစ်ပါတယ်။



ဒီအမြင်မှာ အရစ္စတိုကရေစီနဲ့ ဒီမိုကရေစီ သွင်ပြင်လက္ခဏာတွေ ပေါင်းစပ်ပါဝင်နေပါတယ်။ ဒီအမြင်ကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားတင်ပြခဲ့သူကတော့ Bernard Crick ပါ။ သူ့ရဲ့ In Defence of Politics မှာ ဘားနတ်က နိုင်ငံရေးဆိုတာ မတူညီတဲ့ အကျိုးစီးပွား၊ ရပ်တည်ချက်တွေကို ကိုင်ဆောင်ထားသူတွေအကြားမှာ အများပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ ရှင်သန်ရပ်တည်မှုကို ဦးစားပေးပြီး အာဏာခွဲဝေကျင့်သုံးဖို့ ညှိနှိုင်းဆောင်ရွက်တဲ့ လုပ်ငန်းဆောင်တာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီအမြင်က လစ်ဘရယ်- ရာရှင်နယ်လစ် အခြေခံသဘောတရားတွေမှာ အခြေခံပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။



ဒါပေမယ့် ဒီအမြင်မှာ အားနည်းချက်နှစ်ခုရှိပါတယ်။ ဒီအမြင်က လူ့အဖွဲ့အစည်းအတွင်းမှာ ဆွေးနွေးညှိနှိုင်းမှု၊ သဘောမတူညီမှုတွေကို လူကြီးလူကောင်းဆန်ဆန် ငြင်းခုံဆွေးနွေးတတ်မှုရှိတဲ့ နိုင်ငံရေးယဉ်ကျေးမှုထွန်းကားနေတယ်လို့ ကြိုတင် ထင်မြင်သတ်မှတ်ချက်အပေါ်မှာ အခြေတည် ထားပါတယ်။ နောက်တချက်က လူ့အဖွဲ့အစည်းအတွင်းမှာ အများသဘောတူလက်ခံမှု ထွက်ပေါ်လာ အောင် ဆွေးနွေးပြီးလုပ်ယူလို့ရတယ်ဆိုတဲ့ ယုံကြည်ချက်ပါဝင်ပါတယ်။ ဒါကြောင့် ဒီအမြင်ဟာ ရွေးကောက်ပွဲတရားမျှတမှု၊ ပါတီများလွတ်လပ်စွာဖွဲ့စည်းတည်ထောင်ယှဉ်ပြိုင်ခွင့် စတာတွေအပေါ်မှာ အခြေတည်တဲ့ အနောက်နိုင်ငံလူ့အဖွဲ့အစည်းနဲ့ အစိုးရစနစ်တွေအတွက်ပဲ ပိုမိုသင့်တော်တယ်လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကိုပဲ ပြုလုပ်တဲ့ အနုပညာတရပ်ဆိုတဲ့ ဒီအမြင်ကို တပါတီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေနဲ့ စစ်အာဏာရှင်နိုင်ငံတွေမှာ အသုံးပြုလို့ မရနိုင်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲ တရားမျှတမှု၊ ပါတီများလွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ယှဉ်ပြိုင်ခွင့် ဆိုတာတွေ မရှိတဲ့အပြင်၊ ဆွေးနွေးညှိနှိုင်းတတ်မှု၊ သဘောမတူညီမှုတွေကို လူကြီးလူကောင်းဆန်ဆန် ငြင်းခုံဆွေးနွေးတတ်မှုရှိတဲ့ နိုင်ငံရေးယဉ်ကျေးမှု ကလဲ မထွန်းကားနိုင်သေးလို့ပဲ ဖြစ်ပါတယ်။



နိုင်ငံရေးအပေးအယူပြုလုပ်မှုဆိုတာမှာ နှစ်ဦးနှစ်ဘက်စလုံးက မိမိတို့ရဲ့ ရပ်တည်ချက်အမြင်တွေကို လျှော့ချပြီး အပေးအယူပြုလုပ်ရတာကြောင့် နှစ်ဘက်စလုံးမှာ ကျေနပ်နှစ်သိမ့်မှုရှိမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘက်တဘက်ရဲ့ အဆိုပြုချက်၊ လုပ်ငန်းဆောင်တာ၊ လမ်းကြောင်းမှာပဲ ပါဝင်ဆောင်ရွက်ရတာဆိုရင်တော့ ဒါကို နိုင်ငံရေးအပေးအယူပြုလုပ်ခြင်းလို့ မခေါ်ဆိုနိုင်ပါဘူး။ နိုင်ငံရေးအရ အရှုံးပေးပြီး၊ တဘက်ရဲ့ လမ်းကြောင်းမှာ ပါဝင်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးပြီး၊ နှစ်ဘက်စလုံးက အပေးအယူ၊ အလျှော့အတင်းလုပ်ပြီး နောက်ပိုင်းမှာမှ အများသဘောတူလက်ခံတဲ့ procedural consensus, sustantive consensus ကို ကိုင်ဆောင်ပြီး လမ်းကြောင်းသစ်တခုကို ဖော်ဆောင်ခြင်းကသာ နိုင်ငံရေးအရ ဖြစ်နိုင်ချေတွေကို ပြုလုပ်ခြင်းလို့ ခေါ်ဆိုနိုင်တာဖြစ်ပါတယ်။ တပါတီစနစ်နဲ့ စစ်အာဏာရှင်စနစ်နိုင်ငံတွေမှာ ဒီလိုအခြေအနေ ဖြစ်ထွန်းနိုင်ချေ နည်းပါးတာကြောင့်” နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်ဖြစ်တယ် ” ဆိုတဲ့ ဒီအမြင်နဲ့ အာဏာရှင်နိုင်ငံများရဲ့ နိုင်ငံရေးကို ဆုံးဖြတ်လုပ်ကိုင်လို့ မရကြောင်း နိုင်ငံရေး ပညာရှင်တွေက လေ့လာဖော်ပြခဲ့ကြပါတယ်။





(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၇၊၉၊ ၂၀၀၉)

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်