စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday196
mod_vvisit_counterYesterday169
mod_vvisit_counterThis week852
mod_vvisit_counterLast week1243
mod_vvisit_counterThis month1577
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51832

Online Guests: 8
Your IP: 38.107.191.89
,
Today: Sep 09, 2010
" ကိုကျော်ဝင်း အရှေ့လေလား အနောက်လေလား"


တော်ဖလာ၊ ဟမ်တင်တန်၊ ဖူကူရားမား၊ သောမတ်စ် ဖရိုက်မင် စတဲ့ နီယိုကွန်။ နီယိုလစ်။ ဘက်က်စ်ဆဲလ်လားတို့ရဲ့ စာများကို ဘာသာပြန်ပြီး ဖွင့်ဆိုပြပြီး ပေါ်ပြူလာဖြစ်လာတဲ့ ဂလိုဘယ်လ် စာရေးဆရာ ကိုကျော်ဝင်းက "ပဋိပက္ခ ဖြေရှင်း ရေးနှင့် ရွေးကောက်ပွဲတို့၏အခန်းကဏ္ဍ" ဆိုတဲ့ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ဆောင်းပါးတပုဒ် ရေးလာတယ်။

ယခင်ကလဲ နအဖ ခေတ် လောလောလတ်လတ် နိုင်ငံရေးဆောင်းပါးများ ရေးခွင့်ရလာနေတဲ့ စစ်တပ်စိတ်ဓာတ် စစ်ဆင်ရေးဌာနရဲ့ အားပေးမှုလဲရတဲ့၊ စာစောင်တချို့မှာ သွယ်ဝိုက်ပြီး မထိတထိ ရေးသားနေတာ တွေ့ရတယ်။ ကိုယ့်အိုင်ဒီယာ (ဘိုလိုအသံထွက်ရေးမိတာ သည်းခံပါ) ကိုယ်လွတ်လပ်စွာတင်ပြတာမို့ သဘောမကိုက်သော်လည်း နားလည်လို့ရပါတယ်။  စာဖတ်ပရိသတ်တွေဟာ နလပိန်းတုံးတွေ မဟုတ်တာမို့ ကိုယ်ပိုင်အသိနဲ့ စိစစ်ဝေဖန် နိုင်ကြပါတယ်။

ယခုဆောင်းပါးကတော့ လိုင်းပြောင်းသွားတဲ့ ကိုကျော်ဝင်းရဲ့ဟန်အတိုင်း "လက်တွေ့အခြေပြု ချဉ်းကပ်နည်း" Pragmatic Approach တို့"ပဋိပက္ခ စီမံခန့်ခွဲရေး" Conflict Management တို့ "အထိန်းနဲ့အထေ" Check and Balance တို့ ဆိုတဲ့ (ကိုယ့်ကိုယ်တိုင်တောင် ဘာတွေမှန်း ရှင်းရှင်းလင်းလင်း သိရဲ့လား  မဆိုနိုင်တဲ့ ) စာအုပ်ကြီးထဲက နည်းတွေ နဲ့ ဗမာပြည်နိုင်ငံရေး လက်တွေ့ကို သုံးသပ် ပြ ပါတယ်။

သူ့ဆောင်းပါးရဲ့အချုပ်က ၁၉၅၁ ရွေးကောက်ပွဲတုန်းက “၁၉၄၈ လွတ်လပ်ရေးကို မိမိနှုန်းစံဖြင့် ချိန်ကိုက်ကြည့်ကာ ဘ၀င်မကျ၍ တောနှင့်တောင်သို့ရောက်သွား” ခဲ့တဲ့ ကွန်မြူနစ်ပါတီ မဝင်ခဲ့သဖြင့် “အတိုက်အခံ မရှိသော ပါလီမန်ပေါ်ထွက်လာခြင်းဖြစ်သည်။” “၂၀၁၀ ရွေးကောက်ပွဲသည်ပင် တခုတည်းသော ထွက်ပေါက်ဟု လိပ်ပြာသန့်သန့်ဆိုချင်ပါသည်။" NLD ရွေးကောက်ပွဲ မဝင်ရင် “အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း” သို့ ရောက်လိမ့်မည်ဟုဆိုတယ်။

သူ့ရှေ့က သွားနှင့်တဲ့ ဆရာကြီးများလို NLD ရွှေဂုံတိုင် ရပ်တည်ချက်ကို ရိုင်းရိုင်းပျပျ အသုံးအနှုန်းများနဲ့ဗြောင် မတိုက်ပေမဲ့ စိတ်ဓာတ် စစ်ဆင်ရေးက ချပေးတဲ့လိုင်းအတိုင်း လိုက်ရေးနေရတာတော့ ထင်ရှားပါတယ်။



၁၉၅၁ ရွေးကောက်ပွဲဘာလဲ


၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ပွဲက ၁၉၄၉ ဇူလိုင် မှာကျင်းပရ မှာဖြစ်တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် အလီလီ ရွှေ့ဆိုင်းခဲ့ပြီး  ၁၉၅၁ ဇွန် ၁၂ မှ ၁၉၅၂ ဇန္န၀ါရီ ၃ အထိ ၇ လ နီးပါးကြာ ၃ ရစ်ခွဲကျင်းပခဲ့တယ်။ ဘာဖြစ်လို့လဲ၊ ဖဆပလ အစိုးရအဖွဲ့အတွင်း လက်ယာဆိုရှယ်လစ်တွေ အာဏာကို အုပ်စီးမိပြီး အတိုက်အခံဟူသမျှ တောထဲနဲ့ထောင်ထဲ ပို့ထားပြီး လို့ပဲ (၂၀၁၀နဲ့ဆင်ပါတယ်။ )

ကိုကျော်ဝင်းပြောသလို ဥပဒေတွင်း အတိုက်အခံ မရှိတော့ပဲ ဆိုရှယ်လစ် (ဖဆပလ) များ ပြိုင်ဘက်မရှိ ကြဲရတော့တာမဟုတ်ဘူး။ အလုပ်သမား၊ လယ်သမားပါတီ (ဆိုရှယ်နီ) ပြည်သူ့ရဲဘော်  (ဗိုလ်ထွန်းစိန် ) ပြည်သူ့ ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစု (ဦးအောင်သန်း) နဲ့ တခြားနိုင်ငံရေးပါတီဟောင်းတချို့ ရှိခဲ့တယ်။ ကွန်မြူနစ်နဲ့ပြည်သူ့ရဲဘော် အမတ်တွေ (အယောက် ၄၀ကျော် မယ်) ကိုတော့ လွှတ်တော်မှ ထုတ်ပစ်ထားတယ်။

ကိုကျော်ဝင်း အနေနဲ့ ဒီကာလရဲ့ ပြည်တွင်းပြည်ပ အခြေအနေကို လိုက်မမီလိုက်သော်လည်း စိစိစစ်စစ် လေ့လာ သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်သူဘယ်ဝှာက ပြောလို့ပါဆိုပြီး တဆင့်ကြားနဲ့ ရမ်းတုတ်လို့မဖြစ်ဘူး။ အထူးသဖြင့် အနီးခေတ်သမိုင်းကို သုံးသပ်ရာမှာ မရှိတော့တဲ့လူကို ကိုးကား၊ တဖက်သတ်ပြောစကားနဲ့ လိုရာအဓိပ္ပာယ်ဖွင့်၊ ကာလ ဒေသ သက်သေသက္ကာရခိုင်မာမှုမရှိ လုပ်လို့တော့မဖြစ်ဘူး။ သမာသမတ်ကျဖို့ လိုပါတယ်။ (နို့မို့ ဘယ်လိုလုပ် လိပ်ပြာ သန့်နိုင်မှာတုန်း )


ပြည်တွင်းအခြေအနေ


ဒီကာလမှာ ရန်ကုန်အစိုးရ ဘဝကနေ လွန်မြောက်လာပြီ။ ပြန်ဖွဲ့တဲ့ အစိုးရသစ်မှာ လက်ယာဆိုရှယ်လစ်တွေ ဝန်ကြီးရာထူး ပြန်ရနေပြီ။ ဆိုရှယ်လစ်ပါတီ ခါးပိုက်ဆောင် သောင်းကျန်းသူနှိမ်နင်းရေး ကာကွယ်ရေး  ပြူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြပြီ၊ ၁၉၄၉ မှာ ဦးကျော်ငြိမ်း (ပြည်ထဲရေးဝန်ကြီး) ရဲ့ လဲဗီးတပ်ရင်း ၂၆ ရင်း ၊ အင်အား ၁၃၀၀၀ ရှိနေပြီ၊ တပ်ရင်းပေါင်း  ၅၂ ရင်း အထိ တိုးချဲ့ဖွဲ့စည်းဖို့ ပြင်နေပြီ။ ဒီတပ်တွေဟာ တပ်ထဲပြန်ဝင်လာတဲ့ ဗိုလ်အောင်ကြီး ကိုင်ထားတဲ့ တပ်တွေပဲ။ ဗိုလ်နေဝင်းက စစ်ဦးစီးချုပ် ။

ဒီ ခါးပိုက်ဆောင်တပ်တွေက အတိုက်အခံများပေါ်သာမက ပြည်သူလူထုပေါ်မှာလဲ အနိုင်ကျင့် ခြိမ်းခြောက် အကြမ်းဖက် သတ်ဖြတ်ကြတယ်။ ရွေးကောက်ပွဲမှာလဲ ဝင်စွက်နေတယ် (ကြံ့ဖွံ့၊ စွမ်းအားရှင် တို့နဲ့မကွာဘူး )

ရွေးကောက်ပွဲကာလ ၁၉၅၁ သြဂုတ်လထဲမှာပဲ KNU ဥက္ကဋ္ဌ စောဘဦးကြီးကို ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် တောတွင်းတနေရာမှာ အသေပစ်သတ်ဖမ်းဆီးရမိတယ်။ အလောင်းကို ပယ်လယ်ဝ သွားပစ်ပြီး လက်စတုံး ဖျောက်ဖျက် ပစ်ခဲ့တယ်။



ပြည်ပအခြေအနေ



ကိုရီးယားစစ်ပွဲ (၁၉၅၁-၅၃) ဖြစ်နေတယ်။ စစ်အေးအရှိန် မြင့်နေချိန်ပဲ ။ ဒါကြောင့် ဗမာပြည်ထဲမှာ ကူမင်တန် KMT စစ်ပြေးတွေ အလုံးအရင်းနဲ့ လှုပ်ရှားသွေးကြွနေတယ်။ အမေရိကန် KAT ကုမ္ပဏီနဲ့ပေါင်းပြီး "ပြည်တော်သာစီမံကိန်း" ရေးဆွဲနေချိန်ပဲ။ ဗိုလ်အောင်ကြီး ဦးဆောင်တဲ့ စစ်တပ်ဦးပိုင်ကော်ပိုရေးရှင်းဖြစ်တဲ့ BEDC ရဲ့ အစ DSI ကို စတင် ထူ ထောင်နေချိန်ပဲ။

ဒီလို ပြည်တွင်းပြည်ပ အခြေအနေအောက်မှာ၊ ဖဆဆိုရှယ်အစိုးရက သောင်းကျန်းသူ အမြစ်ဖြုတ်ရေး၊ အပြုတ် တိုက်ရေးပေါ်လစီ တသမတ်တည်း ကျင့်သုံးနေတဲ့အောက်မှာ ဗကပ က လက်နက်ချပြီး ရွေးကောက်ပွဲ ဝင်ရမယ်ဆိုရင် ခေါင်းကောင်းလို့ ဓားတောင်းတာပဲ ဖြစ်ပါလိမ့်မယ်။



၂၀၁၀ရွေးကောက်ပွဲဟာ ထွက်ပေါက်လား


၂၀၁၀  ဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အသက်သွင်းတာပဲ။  ပထမဆုံး လွှတ်တော် ကျင်းပတဲ့နေ့ ၂၀၀၈ အာဏာတည်တယ်။ (ပုဒ်မ ၄၄၁) ဒီအရင် န၀တ/ နအဖရဲ့ဥပဒေ အရပ်ရပ်လုပ်ရပ် အဖုံဖုံကို ဆက်ခံရမယ်။ တရားစွဲ အရေးယူခြင်း မပြုရ (ပုဒ်မ ၄၄၅)။ ဖွဲ့စည်းပုံ ဥပဒေကို  ပြင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ်  ၇၅ ရာခိုင်နှုန်း ထောက်ခံပြီး လူထုဆန္ဒ ခံယူပွဲလုပ်ရမယ် ( ပုဒ်မ၄၃၆)။ နိုင်ငံရေးပါတီတရပ်သည် ဒို့အရေးသုံးပါးနဲ့ နိုင်ငံတော်၏ကျေးဇူး သစ္စာကို စောင့်သိရိုသေရမယ် (ပုဒ်မ၄၀၄)။ နိုင်ငံရေးပါတီ တရပ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်။၂၀၀၈ ဖွဲ့စည်းပုံနဲ့ တည်ဆဲဥပဒေများကို လိုက်နာရမယ် (ပုဒ်မ၄၀၅)။ ဥပဒေပြုရာ ၊အုပ်ချုပ်ရာတွင် နိုင်ငံတော် အခြေခံမူများနဲ့အညီ (အမျိုးသားနိုင်ငံရေးတွင် တပ်မတော် ပါဝင်တဲ့ကဏ္ဍကို ဆိုလိုတယ်) လုပ်ရမယ်။ မည်သည့်တရား ရုံးတွင် မှ (ICC နိုင်ငံတကာ တရားရုံးကိုဆိုလိုတယ်) တရားစွဲဆို ခွင့်မရှိစေရ။ (ပုဒ်မ ၄၅၅) ဤဖွဲ့စည်း ပုံအာဏာမတည်မီ နိုင်ငံတော် အချုပ်အခြာအာဏာကို နအဖက ဆက်လက်ကျင့်သုံးဆောင်ရွက်မည် (ကြားဖြတ်တို့ အသွင်ကူးပြောင်းတို့ မလိုဘူးဆိုတဲ့ အဓိပ္ပာယ်)(ပုဒ်မ ၄၄၂)

အထက်ပါ ပုဒ်မတွေအရ နအဖ ဖွင့်ပေးတဲ့အပေါက်မှခေါင်းငုံ့ဝင်ရင် ငရဲပြည်သို့ထွက်ရပ်လမ်းပဲ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။



အတိုက်အခံဆိုတာ



၂၀၀၈ ဟာ အစဉ်အလာ နားလည်ထားတဲ့ အနိုင်ရနိုင်ငံရေးပါတီက အစိုးရဖွဲ့၊ အမတ်ဦးရေ နည်းတဲ့ပါတီက အတိုက်အခံလုပ်ဆိုတဲ့ ပါတီစုံ ပါလီမန်ဒီမိုကရေစီပုံစံ မဟုတ်ဘူး။ စစ်ဗျူရိုကရက် လူတန်းစားရာသက်ပန် အာဏာမြဲ ရေးအတွက် အကွက်ချစီရင်ထားတဲ့ပုံစံ ဖြစ်တယ်။

အထက်အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရွေးကောက်ပွဲဝင် ရွေးကောက်ခံစရာ မလိုတဲ့ စစ်ဗိုလ်တမတ်သား (၂၅ ရာခိုင်နှုန်း) အလိုအလျောက် ပါတယ်။ ရွေးကောက်ပွဲ ဝင်စရာ မလိုတဲ့ စစ်ဗိုလ်လူထွက်သမ္မတကို သမ္မတရွေးခြယ်ရေး အဖွဲ့ ၃ ဖွဲ့မှ ရွေးခြယ်မှာဖြစ်တယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့ မှာစစ်ဗိုလ်တမတ်သား အဖွဲ့က တဖွဲ့ ဖြစ်တယ်။ အဲဒီ သမ္မတ ကိုပြည်ထောင်စု လွှတ်တော် (အထက်-အောက်ပေါင်း) က မဲပေးအတည်ပြုပေးရမှာဖြစ်တယ်။ အဲဒီပြည်ထောင်စု လွှတ်တော်မှာက စစ်ဗိုလ်တမတ်သားက အလိုအလျောက်ပါပြီးသား ။

ရွေးကောက်ပွဲ ဝင်စရာမလိုတဲ့ စစ်ဗိုလ်လူထွက် သမ္မတမှာ (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး) အရေး ကြီးတဲ့ ရာထူးတာဝန်အားလုံး၊ ခန့်အပ်မှုအတည်ပြုမှုတွေ လုပ်နိုင်တယ်။ အဲဒီရာထူး (ဝန်ကြီး အပါအဝင်) ရသူတွေ ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရစရာ မလိုဘူး။ (ဒီသဘောကို အခြေခံဥပဒေမှာ ယခုလိုရေးထားတယ်။ လွှတ်တော် ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေတဲ့) သမ္မတကို တရားလွန် လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ လွှတ်တော်က သမ္မတလုပ်သမျှ အတည်ပြုပေးဖို့သက်သက်ပဲ။ ဒီအထဲမှာ ကာကွယ် ရေးဦးစီးချုပ်က တိုက်ရိုက်အမည်စာရင်း တင်သွင်းရတဲ့ ဝန်ကြီးတွေလည်ဲး ရှိသေးတယ်။

စစ်တပ်ကို အစိုးရအဖွဲ့ရဲ့အောက်မှာမထားဘူး။ သီးခြားအခွင့်အာဏာတွေ ပေးထားတယ်။ တရားဝင် အာဏာ သိမ်းခွင့် အထိပဲ။ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတကပဲ ခန့်နိုင်တယ်။ အစိုးရအဖွဲ့ကလည်းကောင်း၊ လွှတ်တော်က လည်းကောင်း သွားထိလို့ မရဘူး။

လိုရင်းကိုပဲ ရေးပြတာပါ။ ကိုကျော်ဝင်းပြောတဲ့ "နိုင်ငံရေးကို စောင့်ကြပ်မှု လုပ်ရမယ့်အထိန်းနှင့်အထေ Check and Balance " ဆိုတာ အဲဒါတွေပဲဆိုတာ သိစေချင်တာပါ။


ရွေးကောက်ပွဲ နဲ့လက်တွေ့


ရွေးကောက်ပွဲကို ဘုရားပွင့်တဲ့ ဗောဓိညောင်ပင်လို သဘောထားပြီး "လက်တွေ့ပေါ်တင်ကြည့်" ချင်တဲ့ ကိုကျော်ဝင်းက "လက်တွေ့အခြေပြုချဉ်းကပ်နည်း " Pragmatic Approach အရ ကမ္ဘောဒီးယားကို ဥပမာပေးပြီး "ပဋိပက္ခ စီမံခန့်ခွဲရေး" Conflict Management ကို တင်ပြလာတယ်။ ကမ္ဘေဒီးယားရွေးကောက်ပွဲ(၁၉၉၃) က စစ်အေးပြီးဆုံးချိန်၊ ကုလသမဂ္ဂနဲ့အရှေ့အနောက် နိုင်ငံစုံ ကြီးကြပ်တဲ့ ရွေးကောက်ပွဲ ကမ္ဘာပေါ်မှာ ငွေကုန်ကြေးကျ အများဆုံးရွေးကောက်ပွဲ၊ ဒိုင်ယာလော့ (ဆွေးနွေးပွဲ) တွေ အများကြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ အာဏာခွဲဝေမှု လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကော သိပါသလား ။ (ဒါတောင် အတိုက်အခံခေါင်းဆောင်တချို့ ထောင်ထဲမှာ ရှိသေးတယ်။)

၁၉၉၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားပါသလဲ။ ဗကပ က သပိတ်မမှောက်နဲ့ ဝင်သင့်တယ်လို့ အကြံပြုထားတယ်။ NLD ပြတ်ပြတ်သားသား နိုင်ခဲ့တယ်။ အဲဒီရလဒ် ဘာဖြစ်နေပြီလဲ။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့တဲ့ "အမြဲစိမ်း " အပါအဝင် နိုင်ငံရေးပါတီ အများစု ဘာလုပ်ခံရသလဲ။

၁၉၅၁ နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ညီမျှခြင်းဆွဲပြီး လောဂျစ်ထုတ်နေတဲ့ ကိုကျော်ဝင်းရဲ့ ရပ်တည်ချက်နဲ့သမိုင်းရေး ဗဟုသုတက မေးခွန်းထုတ်စရာပါ။ ကိုယ့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင် တွေ့နေရုံတင်မက ကိုယ်တိုင်ခံခဲ့ရတာတွေမှ လက်တွေ့မဟုတ်ရင် "လက်တွေ့အခြေပြု" တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

ဗကပ ကို ခမာနီနဲ့ နှိုင်းချင်လို့ ကမ္ဘောဒီးယားကို သာဓကဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဘုရားပွင့်တော့ မလောက် ကြိုဆိုမျှော်လင့်နေတဲ့ ကိုကျော်ဝင်းကို အီရတ်ရွေးကောက်ပွဲ ၊ အာဖဂန်ရွေးကောက်ပွဲ ဘာတွေ သီးပွင့် လာသလဲဆိုတာ သုံးသပ် ပြပါဦးလို့ တိုက်တွန်းချင်ပါတယ်။



ဒိုင်ယာလော့လား ၊ ရယ်ဒီကယ်လား



ဂလိုဘယ် ကမ္ဘာကြီးဟာ ရွာကြီးလည်းဖြစ်မသွားဘူး။ ပြားလဲ မသွားဘူး။ ကပ်သင့်နေတဲ့ ဂြိုဟ်ကြီးတလုံး ဖြစ်လာတယ်။ လက်ရှိအမေရိကန် ဘဏ္ဍာရေးကပ်ကို ပြေလည်ဖို့အတွက် နောက်ထပ် ကြွေးဒဏ်ခံနိုင်တဲ့ ဂြိုဟ်ကြီးတလုံး ထပ်တွေ့ဖို့လိုတယ်လို့ နိုဘယ်လ်ဆုရှင် ပေါလ်ခရပ်စ်မင်က ပြောပါတယ်။

ဘဏ္ဍာရေးကပ်၊ ဆင်းရဲငတ်ပြတ်မှုကပ်၊ သဘာဝရာသီဥတုကပ်ရောဂါစတဲ့ ကပ်များမှ လွန်မြောက်မဲ့ ကပ်လွန် ကမ္ဘာကြီး ဖြစ်ဖို့၊ ကမ္ဘာနဲ့တ၀န်း တွေ့ဆုံဆွေးနွေးပွဲ (ဒိုင်ယာလော့ ) တွေ လုပ်လာတယ်။

အမေရိကန်အစိုးရသစ်နဲ့ စစ်အစိုးရလဲ ပိတ်ဆို့မှုရုပ်သိမ်းရေးအတွက် ဒိုင်ယာလော့တွေ လုပ်လာတယ်။ ဒေါ်အောင် ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒိုင်ယာလော့လုပ်ဖို့ တင်ပြတယ်။ ဒါဟာပြဿနာ ပြေလည်စေရေးအတွက် နည်းမှန်လမ်းမှန် ဖြေရှင်းတာ ဖြစ်တယ်။ ဒိုင်ယာလော့ လမ်းကြောင်းပေါ် စလျှောက်တာနဲ့ ပြဿနာပြေလည်ရေးအတွက် အစချီချက် ဖြစ်လာပါလိမ့်မယ်။

ဒိုင်ယာလော့ကို ကျောခိုင်းပြီး တွေ့ဆုံဆွေးနွေးရေးကို တဖက်သတ် ငြင်းပယ်နေရင် နအဖ အနေနဲ့ ရှင်သန် ရပ်တည်ဖို့ဂြိုဟ်ကြီးတလုံး ရှာနေရပါလိမ့်မယ်။ ကိုကျော်ဝင်း နေရာမှားပြီး တံဆိပ်တပ်တဲ့အတိုင်း သုံးရရင် "အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း မရောက်စေရန်" ၂၀၁၀ ကို ဇွတ်မလုပ်ဖို့ ၊ ၂၀၀၈ ကို ဒိုင်ယာလော့လုပ်ဖို့ တင်ပြလိုက်ပါတယ်။

ကိုကျော်ဝင်းအနေနဲ့ အရှေ့လေလား၊ အနောက်လေလား၊ လေကြောကို လက်တွေ့ပေါ် တင်ကြည့်နိုင်ပါစေ။ ကြပ်ကြပ်သတိထား နိုင်ပါစေ။



အောင်ငြိမ်း

၂၀၊ နို ၀င်ဘာ၊ ၂၀၀၉ ။
Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်