ကိုလိုနီခေတ်
ပဒေသရာဇ်ခေတ်က လယ်ယာမြေ ကံကြွေးချစနစ် ဖြစ်တယ်။ ဘုရင်က ရေမြေသနင်းဖြစ်ပြီး အမှုထမ်း အရာထမ်း ကျေးတော်မျိုး ကျွန်တော်မျိုးကို လယ်မြေလုပ်စားခွင့် ပေးသနားတာပဲ။ အခွန်တော် ဆယ်ဘို့တဘို့ ဆက်သရတယ်။ မင်းတုန်းခေတ်က စလို့ အထက်ဗမာပြည်မှာ သဿမေဓခွန်(လူခွန်) ဆိုတာ ကောက်တယ်။ ထို စဉ်က လယ်ယာစိုက်ပျိုးရေးဟာ ၀မ်းစာဖူလုံရေးအတွက်သာ စိုက်ပျိုးကြပြီး ကူးသန်းရောင်းဝယ်ရေး မထွန်းကား သေးဘူး။
ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲ (၁၈၂၄)၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၉၅၂) ပြီးတော့ အောက်ဗမာ ပြည် အင်္ဂလိပ်လက်အောက် ကျရောက်တယ်။ စူးအက်တူးမြောင်း(၁၈၆၇)ဖွင့်လိုက်တော့ ဗမာ့ဆန်စပါး ဈေးကွက် နဲ့ ကမ္ဘာ့ဈေးကွက် (အင်္ဂလိပ် ကိုလိုနီဈေးကွက်) ဆက်မိသွားတယ်။ အောက်ဗမာပြည် လယ်ဧက ၁၀ သန်း ကျော် လယ်သစ်ဖော်တယ်။ ဆည်မြောင်း တာတမံများ၊ ဆန်ကြိတ်ခွဲစက်များ၊ ဆန်စပါး ရောင်းဝယ်ရေးကုမ္ပဏီ များ၊ ဘဏ်ကြီးများ ပေါ်လာပါတယ်။ လယ်ယာလုပ်သား အင်အားကို အထက်ဗမာပြည်မှလည်းကောင်း။ အိန္ဒိယ မှ လည်းကောင်း ခေါ်ယူတယ်။ ထုစဉ်က လယ်ယာစိုက်ပျိုးရေးအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်တယ်။
|
ခုနှစ်
|
လူဦးရေ
|
စပါးစိုက်ဧက
|
နှစ်စဉ်နိုင်ငံခြားပို့ဆန်
|
|
၁၈၅၂-၅၃
|
LB ၄,၃၇၉,၂၉၀
UB ၄၇၄,၉၃၄
စုစုပေါင်း ၅ သန်းနီးပါး
|
၆ သိန်း (အောက်ဗမာပြည်)
|
-----
|
|
၁၉၃၅
|
၁၀ သန်း
|
၁၂ သန်းကျော်
|
တန် ၃ ဒသမ ၁၇ သန်း
|
|
၁၉၄၇
|
၁၇ သန်း
|
၁၂ သန်းကျော်
|
----------
|
၁၈၈၅ ခုနှစ်တွင် ဗြိတိသျှဧကရီ ၀ိတိုရိယဘုရင်မကြီး လက်အောက်သို့ ဗမာတပြည်လုံး ကျရောက်ခဲ့ တယ်။ သို့ရာတွင် နယ်ချဲ့ဆန့်ကျင်ရေး စစ်ပွဲများကြောင့် အထက်အောက် အုပ်ချုပ်ရေး တသားတည်း ပေါင်း၍မရ သေး။ ၁၉၈၇ မှာ ဗမာပြည်ကို အိန္ဒိယအင်ပါယာအတွင်း ပြည်နယ်တနယ်အဖြစ် ပေါင်း၍ ဒုတိယ ဘုရင်ခံတဦး ခန့်အပ်အုပ်ချုပ်တယ်။ အုပ်ချုပ်ရေးစနစ် အပြောင်းအလဲနဲ့အတူ ဗမာ့ကျေးလက် လူ့အဖွဲ့အစည်းတခုလုံး အကြီး အကျယ် ပြောင်းလဲခဲ့တယ်။ ထူးခြားချက်တွေက အောက်ပါအတိုင်းပဲ။
၁။ ပဒေသရာဇ် မင်းစိုးရာဇာ မူးမတ်အခွင့်အာဏာများကို ဖယ်ရှားပြီး တိုက်ရိုက်အုပ်စိုးတဲ့ ထိုမှ ဥပဒေ ဖြင့် အုပ်စိုးတဲ့ နည်းသိုဏ္ဍ တစတစ ဖော်ဆောင်လာတယ်။
၂။ အစဉ်အလာ မြို့စား (မြို့ယူနစ်) စနစ်ကို ဖျက်သိမ်းပြီး ရွာသူကြီး၊ တိုက်သူကြီး (ရွာယူနစ်) စနစ်ကို ထူထောင်လိုက်သဖြင့် အစဉ်အလာ ကျေးလက်ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ကွယ်ပျောက်သွားတယ်။
၃။ ၁၈၇၆ လယ်ယာမြေနှင့် လယ်ခွန်တော်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းတယ်။ အင်္ဂလိပ်က သဿမေဓ အခွန် (လူခွန်) နဲ့ မြေခွန်ဆိုပြီး နှစ်မျိုးကောက်တယ်။ အောက်ဗမာပြည်လူခွန်၊ အထက်ဗမာပြည် သဿမေဓခွန် ဟု ခေါ်တယ်။ အိန္ဒိယအင်ပါယာအတွင်း ဗမာပြည်တပြည်ထဲသာ ကောက်တာ ဖြစ်တယ်။ ၀င်ငွေအများဆုံး အခွန် မှာ လယ်ခွန်ဖြစ်ပြီး ၁၉၃၇-၃၈ စာရင်းအရ ကျပ် ၅၁၀ သိန်း ဖြစ်တယ်။ (ဦးဘခိုင် ဗမာပြည် နိုင်ငံရေး ရာဇ၀င် ၁၉၃၈ ဒီဇင်ဘာ)
“တောကြီး မြက်မည်းကို စတင်ခုတ်ထွင်ရှင်းလင်း၍ လုပ်ကိုင်စားသောက်သူတို့သည် ၁၂ နှစ်ကာလပတ်လုံး ဆက်လက်၍ မြေခွန်တော် တင်ဆက်ပါက ယင်းမြေကို ပိုင်ဆိုင်ခွင့် ရှိသည်”ဟု ပါရှိပါတယ်။
၎။ စတီးလ်ဘရားသာ (၁၈၇၀) ဘူလင်ဂျာပူးလ်စတဲ့ အင်္ဂလိပ်ပိုင် ဆန်စပါးကုမ္ပဏီကြီးများ ထူထောင် ပြီး နိုင်ငံခြားသို့ ဆန်တင်ပို့တယ်။
၁၈၇၂ - ဆန်တန် ၃၇၄,၀၀၀ ဖြင့်စတင်
၁၉၀၀ - ဆန်တန် ၂ သန်း
၁၉၃၅ - ဆန်တန် ၃ ဒသမ ၁၇ သန်း
နောက်ပိုင်း - ဆန်တန် ၃ ဒသမ ၅ သန်း အထိတိုးလာတယ်။
၅။ အိန္ဒိယ တောင်ပိုင်း မဒရပ်ဇာတိ ချစ်တီးငွေတိုး ချေးစားသူများ တင်သွင်းပြီး ဓားမဦးချ လယ်သစ် ဖော်တဲ့ လယ်သမားများကို အရင်းအနှီးချေးငှားတယ်။ ချစ်တီးအဖွဲပေါင်း ၁၆၀၀ ခန့် ရှိပြီး အများစု ရှစ်ပုံ ခုနစ်ပုံ (၇ ပုံ ၈ ပုံ) ဟာ မြစ်ဝကျွန်းပေါ်တွင် အခြေချတယ်။ လယ်သမား ၅၀၀၀ လျှင် ချစ်တီးတဖွဲ့နှုန်းဖြင့် ဖွဲ့စည်းတယ်၊ တနှစ်တရာသီ အတိုးနှုန်း ၁၅ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်း အထိရှိခဲ့တယ်။
၁၈၇၄ မှစ၍ ဘင်္ဂလားနယ်(ယခုဘင်္ဂလားဒေ့ရှ်) မှ ကုလားလယ်ယာ အလုပ်သမားများ တင်သွင်းတယ်။ နှစ်စဉ်ပျမ်းမျှ ၁၅,၀၀၀ ခန့် တင်သွင်းကြောင်း မှတ်တမ်းများအရ သိရတယ်။
၁၉၂၉-၃၀ ကမ္ဘာ့စီးပွားပျက်ကပ် ကာလမှာ ဆန်ဈေးတွေ ထိုးကျကုန်တယ်။ ပြည်တွင်းမှာ အဆမတန် ဈေးနှိမ်ဝယ်ယူပြီး ပြည်ပသို့ ပမာဏတိုးတင်ခြင်းဖြင့် ဗြိတိသျှအရင်းရှင်ကြီးများရဲ့ အမြတ်အစွန်းကို ဆက်လက် ထိန်းသိမ်းတယ်။ စီးပွားပျက်ဒဏ်ကို ဗမာလယ်သမားထု ပခုန်းပေါ်ပုံချတာပဲ။ သို့ဖြင့် ဆရာစံတောင်သူလယ်သ မား သူပုန်ကြီးပေါ်လာတယ်။ (၁၉၃၀)
ဗြိတိသျှအစိုးရ အစီရင်ခံစာအရ ၂ နှစ်ကြာ နှိမ်နင်းခဲ့ရတဲ့ ဆရာစံသူပုန်ထမှုအတွင်း သေသူစာရင်း အတိအကျ မသိရဘူး။ ထိခိုက်ဒဏ်ရာရသူ ၃၀၀၀ နီးပါး၊ အဖမ်းခံရသူ ၈၀၀၀ကျော်၊ သေဒဏ်ကျခံရသူ ၇၈ ယောက်၊ တသက်တကျွန်းကျခံရသူ ၂၇၀ ရှိကြောင်း ဖော်ပြထားတယ်။ ထိုအထဲတွင် ဆင်းရဲသား ကုလားလယ် သမားများလည်း ပါတယ်။
၁၉၂၉-၃၀ ဗြိတိသျှအစိုးရ စုံစမ်းရေးကော်မတီ အစီရင်ခံစာအရ လယ်သမားများ တင်ရှိနေတဲ့ ကြွေးမြီ ကျပ်ကုဋေ ၆၀ ခန့်၊ လယ်သမား ၁၀ ဦးမှာ ၉ ဦး ကြွေးတင်၊ စပါး တင်း ၁၀၀ ထွက်လျှင် သီးစားခမှာ ၃၂ တင်းမှ ၇၈ တင်းအထိ ပေးခဲ့ရ။ လယ်မြေ လက်လွတ်ဆုံးရှုံးမှု ၁၉၃၂ တွင် ဧကပေါင်း ၆၄၅,၁၈၈ ရှိကြောင်း ဖော်ပြ ထားတယ်။
ချုပ်လိုက်ရင် ဗြိတိသျှနယ်ချဲ့လက်အောက်တွင် ဗမာ့လယ်ယာစီးပွားရေးဟာ ကံကြွေးချစနစ်မှ မြေရှင်ပ ဒေသရာဇ်စနစ်သို့ ပြောင်းသွားတယ်။ သီးစား-အတိုး-လုပ်အားသွေးစုပ်မှုသဏ္ဌာန် အမျိုးမျိုးပေါ်လာတယ်။ ဆန်စ ပါး ရောင်းဝယ်မှုလုပ်ငန်း ထွန်းကားလာသော်လည်း နယ်ချဲ့ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ထားတယ်။
လွတ်လပ်ရေးခေတ် (၁၉၄၅ - ၁၉၄၈)
ဂျပန်ခေတ် (၁၉၄၂-၄၅) အတွင်း ဗမာ့လယ်ယာလုပ်ငန်းဟာ စစ်ကြီးနဲ့အတူ အဘက်ဘက်က ဆုတ် ယုတ်ပျက်ပြားသွားတယ်။ အင်္ဂလိပ်ပြန်ဝင်လာတဲ့အခါ အိန္ဒိယပြည် ဆင်းမလားမြို့ စစ်ပြေးအစိုးရ ရေးဆွဲခဲ့တဲ့ ဗမာ ပြည် ပြန်လည် ထူထောင်ရေး စီမံကိန်းအတိုင်း ကက်စ်ဘီ (CAS-B) ခေါ် စစ်အုပ်ချုပ်ရေးဖြင့် စတင်အုပ်ချုပ် တယ်။ ၁၉၄၅ မေ ၁၇ ဗြိတိသျှ ပါလီမန်မှ ဗမာပြည်အနာဂတ် အုပ်ချုပ်ရေး ဆင်းမလားစီမံကိန်း စက္ကူဖြူကြေညာ စာတမ်း ထုတ်ပြန်တယ်။ ဗမာပြည်ကို ဘုရင်ခံက ၃ နှစ် ကိုပိုင်အာဏာဖြင့် အုပ်ချုပ်ပြီး ဗမာပြည်ကို မိမိဘာသာ အုပ်ချုပ်နိုင်အောင် တဖြည်းဖြည်း လေ့ကျင့်သင်ကြားပေးရင်း နောက်ဆုံး ဗြိတိသျှဓနသဟာယအုပ်စုဝင် လွတ် လပ်တဲ့ ဒိုမီနီယံ နိုင်ငံတနိုင်ငံအဖြစ် ဖော်ဆောင်ပေးမယ့် အုပ်ချုပ်ရေးစီမံကိန်းဖြစ်တယ်။
ဒီစီမံကိန်းနဲ့အတူ နယ်ချဲ့ဗျူရိုကရေစီ အုပ်ချုပ်ရေးနဲ့ ဥပဒေယန္တရားကို ပြန်အသက်သွင်းတယ်။ ဗြိတိသျှ အရင်းရှင်ကြီးများပိုင် ဆန်စပါး၊ ကျွန်းသစ်၊ သတ္တုရေနံစတဲ့ ကုမ္ပဏီကြီးများရဲ့ ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းအရပ်ရပ်ကို ပြန်စတယ်။
ဒီကာလဟာ ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲ မိုးသက်လေထန်ကာလပဲဖြစ်တယ်။ တဖက်မှာ ကိုလိုနီယန္တ ရားရဲ့ အလိုတော်ရိ ဗျူရိုကရက်ဟောင်းများ၊ လက်ဝေခံများ၊ မြေရှင်များ၊ ငွေတိုးချေးစားများ၊ အ၀ယ်တော်ကိုယ် စားလှယ်စသူများ ပြန်ခေါင်းထောင်လာသလို တဖက်မှာ လယ်သမား တိုက်ပွဲများ၊ အလုပ်သမား တိုက်ပွဲများ၊ လူထုလူတန်းစားပေါင်းစုံရဲ့ အထွေထွေ သပိတ်တိုက်ပွဲများ လူထုအစည်းအဝေးကြီးများစတဲ့ တိုက်ပဲါများလည်း ပြင်းထန်လာတယ်။
လယ်ယာလုပ်ငန်းတွင် မြေရှင်အတိုးကြီးစားများနဲ့ လက်ဝေခံများဟာ ကိုလိုနီအုပ်ချုပ်ရေးယန္တရားရဲ့ အ ကာအကွယ်နဲ့ အတူ ပြန်ပေါ်လာတယ်။ စစ်ကာလ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သူတို့အကျိုးစီးပွားများကို တဆင့်တိုး ဖိနှိပ်သွေးစုပ်လာတယ်။ သူတို့နဲ့အတူ ဗြိတိသျှစီးပွားရေး ပရောဂျက်များပါလာတယ်။ လယ်သမားများဟာ ကြွေး ဟောင်းများ ကြွေးသစ်များဖြင့် ဒဏ်ပိလာတယ်။ အစိုးရထုတ် ဘားမားဂေဇက်တွင် စစ်မဖြစ်မီကထက် ယခုနေ ထိုင်မှုစရိတ် ၁၂ ဆတက်နေကြောင်း ဖော်ပြတယ်။ ဒါပေမဲ့ စပါးဈေးက စစ်မဖြစ်မီကဈေးနဲ့ သိပ်မကွာဘူး။ တင်း ၁၀၀ = ၁၈၀ ကျပ်ပဲ ရှိတယ်။ ပြည်လုံးကျွတ်ဖဆပလညီလာခံကြီးက စပါးဈေး ၅၀၀ ကျပ်ပေးဖို့နဲ့ ကျွဲနွားသတ်ရုံ တွေ ပိတ်ဖို့ တောင်းဆိုကြောင်း ဆုံးဖြတ်တယ်။
စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းခဲ့တဲ့ ဗမာလယ်သမားထုဟာ လွတ်လပ်ရေးတိုက်ပွဲနဲ့အတူ မိမိတို့ရဲ့ ကျောမွဲနင်းပြားဘ၀မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လာကြတယ်။ လယ်သမားသမဂ္ဂတွေ ဖွဲ့စည်းထူ ထောင်ကြတယ်။ လယ်လုပ်သူလယ်ပိုင်းရေး၊ သီးစားခဖျက်သိမ်းရေး၊ လက်ငုတ်လယ်လက်မလွတ်ရေး၊ စပါးဈေး တိုးပေးရေးစတဲ့ တောင်းဆိုချက်များနဲ့ တိုက်ပွဲဝင်ကြတယ်။ လယ်သမားအငတ်တပ် ချီတက်ဆန္ဒပြပွဲကြီးများ၊ ဆန်လုဆန်သိမ်းပွဲများ၊ လယ်သမားညီလာခံများ ပေါ်ပေါက်လာတယ်။ ဗြိတိသျှအုပ်ချုပ်ရေးယန္တရားက ပြင်းပြင်း ထန်ထန် ဖိနှိပ်တယ်။
ဒီလိုနဲ့ ရခိုင်၊ ပျဉ်းမနား၊ လယ်ဝေး၊ ကျောက်ကြီး ၊နတ်မောက်စတဲ့ ဒေသတွေမှာ လယ်သမားသူပုန်ထမှု တွေ ပေါ်လာတယ်။
ဒီလယ်သမားတိုက်ပွဲ အလုပ်သမားတိုက်ပွဲနဲ့ လူထုလူတန်းစားတရပ်လုံးရဲ့ အထွေထွေသပိတ်တိုက်ပွဲ ဟာ ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို သွက်သွက်ခါသွားစေတဲ့ ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲရဲ့ အင်အားတွေပဲ ဖြစ်တယ်။ ဒါပေမဲ့ဒါဟာ ဖဆပလတပ်ပေါင်းစုကြီးအတွင်း သဘောထားကွဲမှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း ကြီးတခုဖြစ်လာပြီး အဓိကပါတီကြီးတရပ်ဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလအတွင်းမှ ထုတ်ပယ်ခဲ့တဲ့ အထိ ဖြစ်လာတယ်။ ဒါဟာ နယ်ချဲ့သမားနဲ့ အလိုတော်ရိလူတန်းစားအတွက် အကြိုက်တွေ့ အခွင့်သာစေပြီး နယ် ချဲ့ဆန့်ကျင်ရေး-အမျိုးသားလွတ်မြောက်ရေးအင်အားစုကြီးအတွင်း အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲခြင်းရဲ့ နိ ဒါန်းပဲ ဖြစ်ပါတယ်။
ဖဆပလခေတ် (၁၉၄၈-၆၂)
၁၉၄၈ ဇန်န၀ါရီ ၄ မြို့တော်ခန်းမထက်မှ ဗြိတိသျှ ယူနီယံဂျက်အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာ နိုင်ငံတော်အလံကို လွှင့်ထူတဲ့အခမ်းအနားနဲ့အတူ ဗမာပြည်လွတ်လပ်ရေး ရလာတယ်။
လွတ်လပ်ရေးဟာ နိုင်ငံရေးအရ လွတ်လပ်သော်ငြားလည်း စီးပွားရေးအရ မလွတ်လပ်ဘူး။ အမှီအခို မ ကင်းဘူး။ ကိုလိုနီအရင်းအနှီးတွေ ဆက်လက်ကြီးထွားနေတယ်လို့ လက်ဝဲအင်အားစုများက ဝေဖန်တယ်။ အာဏာရ ဖဆပလအစိုးရနဲ့ ဆိုရှယ်လစ်ပါတီက ဒီဝေဖန်ချက်ကို ခါးခါးသည်းသည်း ငြင်းဆန်တယ်။
ပြည်တွင်းစစ်ဖြစ်တယ်။ အမျိုးသားစည်းလုံးညီညွတ်ရေး အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားတယ်။ ပါလီမန်ဒီမို ကရေစီနဲ့အတူ အာဏာရဖဆပလအတွင်း ဂိုဏ်းဂနတိုက်ပွဲတွေ ပြင်းထန်လာတယ်။ ဖဆပလ နှစ်ခြမ်းကွဲတယ်။ နောက်ဆုံးမှာ စစ်တပ်က ပထမအကြိမ် တရားဝင်အာဏာသိမ်းတယ် (၁၉၅၈-၆၀)။ ၁၉၆၂ မှာ ဒုတိယအကြိမ် အပြီးအပိုင် အာဏာသိမ်းလိုက်ပါတယ်။
ဖဆပလအစိုးရက -၁၉၅၃ လယ်ယာမြေပိုင်ပြုလုပ်ရေး ဥပဒေ၊ ၁၉၅၄ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး နည်းဥပဒေကို ပြဋ္ဌာန်းတယ်။
လယ်ယာမြေ ဧကပေါင်း ၃ ဒဿမ ၃ သန်းလောက်ကို ခွဲဝေပေးခဲ့တယ်။ မြေရှင်ကြီးများကို လျော်ကြေး ပေးခဲ့တယ်။ ဖဆပလခေတ်မှာ အင်္ဂလိပ်ခေတ်ကအတိုင်း စိုက်ပျိုးလယ်မြေ ၁၂ သန်းကျော်ရှိရာ ၂၅ ရာခိုင်နှုန်းကို လယ်မြေဝေခြမ်းရေး (စာရင်းအရ) လုပ်တာဖြစ်တယ်။ သို့သော် “ တောင်သူလယ်သမား သမဂ္ဂများ ” မှတဆင့် ပြုလုပ်ခြင်းမဟုတ်ဘဲ၊ ဖဆပလက ဖွဲ့စည်းပေးတဲ့ “ မြေယာချထားရေး ဘုတ်အဖွဲ့များ” မှ ပြုလုပ်ခြင်းဖြစ်ရာ နိုင်ငံ ရေး ပယောဂ မကင်းပါ။ လယ်မြေကို ပေါင်နှံရောင်းချ လွှဲပြောင်းခွဲစိပ်ခြင်းမပြုရ၊ သက်ဆိုင်ရာအာဏာပိုင်းများရဲ့ ခွင့်ပြုချက်ဖြင့်သာ လုပ်ခွင့်ရှိတယ်။ ဒါ့အပြင် တောင်သူလယ်သမားဘ၀ကို မစွန်ဏ္ဍရ ပလပ်မြေအဖြစ် မထားရ၊ သီးစားမချရစတဲ့ စည်းကမ်းများလည်း ပါရှိတယ်။
မြေယာဝေခြမ်းရေး-လယ်လုပ်သူ လယ်ပိုင်ရေးဆိုတာ ဓနရှင်တော်လှန်ရေးတရပ်ပါပဲ။ ဥရောပ ဓနရှင် တော်လှန်ရေးများဟာ အလယ်ခေတ်သက်ဦးဆံပိုင်မင်းစိုးရာဇာများရဲ့ ပဒေသရာဇ်အာဏာကို ဖြိုချပြီး ၎င်းတို့ပိုင် လယ်များကို ဆင်းရဲသား ကျေးတော်မျိုး ကျွန်တော်မျိုးများကို ဝေခြမ်းပေးခြင်းဖြစ်တယ်။ ပုဂ္ဂလိကပိုင်ပေးလိုက် တာပဲ။ ပဒေသရာဇ်ပိုင်ဆိုင်မှုမှ အရင်းရှင်ပိုင်ဆိုင်မှုသို့ ပြောင်းသွားပြီး လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရသွားတဲ့အတွက် ထုတ်လုပ်ရေး မြင့်တက်လာတယ်။
ဒီလိုလုပ်ရာမှာ အမေရိကန်နည်းနဲ့ ပရပ်ရှား ဂျန်ကာနည်းရယ်လို့ နည်း ၂ နည်းရှိတယ်။ အမေရိကန် နည်းက ပြင်သစ်တော်လှန်ရေးနည်းလိုပဲ ပြတ်သားတယ်။ ဘာစေ့စပ်ရေး၊ ဘာလျော်ကြေးမှ မပေးဘူး။ ပရပ်ရှား ဂျန်ကာနည်းက အင်္ဂလိပ်ပါလီမန်နည်းလိုပဲ သံသရာရှည်တယ်။ စေ့စပ်အပေးအယူ လုပ်တယ်။
ဗမာပြည်လို ကိုလိုနီတပိုင်း-ပဒေသရာဇ်တပိုင်း လူ့အဖွဲ့အစည်း (ထိုစဉ်က သတ်မှတ်ချက်) အဖို့ မြေယာ ဝေခြမ်းရေး (မြေယာတော်လှန်ရေးလို့လည်း ခေါ်တယ်) ကို ဓနရှင်လူတန်းစားက ခေါင်းမဆောင်နိုင်ဘူး။ အကြောင်းက ဗမာပြည်ရဲ့ ဓနရှင်လူတန်းစားဟာ လက်ဝေခံလက္ခဏာဆောင်လို့ ဖြစ်တယ်။ အမျိုးသားဓနရှင်လူ တန်းစားကလည်း နိုင်ငံရေး၊ စီးပွားရေးအရ ချည့်နဲ့အားပျော့နေလို့ပဲဖြစ်တယ်။ မြေယာတော်လှန်ရေးအတွက် ယေဘုယျအားဖြင့် အောက်ပါအချက်တွေလိုတယ်။
၁။ကျေးလက် ဗျူရိုကရက် အုပ်ချုပ်ရေးအာဏာကို ဖျက်သိမ်းပြီး တည်ငြိမ်တဲ့ လယ်သမားသမဂ္ဂများရဲ့ အုပ်ချုပ်ရေးအာဏာထူထောင်ထားပြီး ဖြစ်ရမယ်။(လယ်သမားတိုက်ပွဲတွေနဲ့ လယ်သမားတော်လှန်ရေးတွေက ဒါ ကို လုပ်ဆောင်တယ်။)
၂။အလုပ်သမားလူတန်းစားနဲ့ လယ်သမားလူတန်းစား ခိုင်မာတဲ့ မဟာမိတ်ဖွဲ့ပြီး ဖြစ်ရမယ်။ (ဒါဟာ သော့ချက် ကျတယ်။)
၃။ဆင်းရဲကို အခြေခံ အလတ်ကို မဟာမိတ်ဖွဲ့၊ ချမ်းသာကို ကြားထား၊ မြေရှင်ကို ဦးတည်တိုက်ဆိုတဲ့ ကျေးလက်လူတန်းစားပေါ်လစီရှိရမယ်။ (မြေရှင်ကြီးများရဲ့ သီးစားချမြေများကိုသာ သိမ်းပြီး ဝေခြမ်းတာပဲ။)
၎။ရောင်းပေါင်လွှဲ ခွဲစိပ်ခြင်းအပါအ၀င် လွတ်လပ်စွာ စိုက်ပျိုးရောင်းချစီမံခန့်ခွဲခွင့် ပုဂ္ဂလိကပိုင် ပေးရမယ်။
၅။ အရင်းအနှီး လယ်လုပ်ကိရိယာနည်းပညာ ဈေးကွက်စသည့် လိုအပ်ချက်များ ခိုင်မာသန်စွမ်းမှုရှိ အောင် ရေတိုရေရှည် ပံ့ပိုးမှုများ ရှိရမယ်။
ဒါပေမဲ့ ဖဆပလ မြေယာဥပဒေနဲ့ မြေယာဝေခြမ်းရေးဟာ ပဒေသရာဇ် မြေရှင်စနစ်ကို မဖျက်သိမ်းရုံမက ဆက်လက်ကြီးထွားလာစေတယ်။
၁၉၅၃ - ၆၀ ပြည်တော်သာ စီမံကိန်း (၈ နှစ်စီမံကိန်း) ကို အမေရိကန် KTA ကုမ္ပဏီက ရေးဆွဲပေးမှုနဲ့ ချမှတ်တယ်။ ၁၉၅၅ မှာ ပျက်တယ်။ ချမှတ်တဲ့အချိန်က ကိုရီးယားစစ်ပွဲ (၁၉၅၀-၅၃) နဲ့အတူ ကမ္ဘာ့ဆန်ဈေးမြင့် တက်နေတဲ့အတွက် ဆန်တင်ပို့ရောင်းချရငွေ (အဓိက နိုင်ငံခြားပို့ကုန်) မြက်မြက်ကလေးရနေတယ်။
ဆန်ပို့ကုန်မှ ရငွေ
၁၉၅၂-၅၃ ............... ၁၀၁ ဒဿမ ၉ ကုဋေ
၁၉၅၃-၅၄ ................ ၈၁ ဒဿမ ၁ ကုဋေ
၁၉၅၄-၅၅ ................. ၈၀ ဒဿမ ၁ ကုဋေ
လူတကိုယ် တိုက်တလုံး၊ ကားတစီး၊ ဆိုက်ကားသမားတောင် သမ္မတ ဖြစ်နိုင်တယ်။ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ စတဲ့လေလုံး မိုးလုံးများနဲ့ တည်ဆောက်ထားတဲ့ ပြည်တော်သာ စီမံကိန်းဟာ ကိုရီးယားစစ်ပွဲ ပြီးဆုံးပြီး ဆန်ဈေးတွေ ပြန်ကျသွားတဲ့အခါ ရပ်သွားပါတယ်။
၁၉၅၆-၆၀ လေးနှစ်စီမံကိန်းထပ်ချတယ်။ ဆန်စပါးစိုက်ပျိုးရေးကို ဦးစားပေးတဲ့ လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်တယ်။ စစ်မဖြစ်မီက အခြေအနေကို ပြန်ရောက်ဖို့ ရည်မှန်းချက်ထားတယ်။ (ဒါပေမဲ့ ဖဆပလသာ ပြုတ် သွားတယ်။ စစ်မဖြစ်မီက အခြေအနေကို ပြန်မရောက်ခဲ့ပါ။)
ဖဆပလခေတ်မှာ ဘုတ်နဲ့ကော်ပိုရေးရှင်းတွေ(Boards and Corporations) ဖွဲ့ပါတယ်။ ဖက်စပ်လုပ်ငန်း တွေ ထူထောင်ပါတယ်။ နိုင်ငံခြားဘဏ်ကြီးတွေရဲ့ ဘဏ်ခွဲတွေ ဖွင့်ခွင့်ပြုတယ်။ နိုင်ငံကြီးများထံမှ အထောက်အ ပံ့ အကူအညီဆိုတဲ့ သဏ္ဌာန်အမျိုးမျိုးနဲ့ ချေးငွေတွေရရှိတယ်။ (ဂျပန်စစ်လျော်ကြေးလည်း အပါအ၀င်ဖြစ်တယ်။) အင်္ဂလိပ်အရင်းရှင်ကြီးများရဲ့ ကုမ္ပဏီများကို တချို့ အရစ်ကျငွေ ချေပြီးဝယ်တယ်။ တချို့ကို ၅၁း၄၉ နဲ့ ဖက်စပ် လုပ်တယ်။
ဒီလိုနဲ့ မြေယာကျေးလက် ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်း(မြေကျေးရှင်း) (MRDC) နဲ့ နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးဘုတ်အဖွဲ့ (SAMB) တို့ ပေါ်လာတယ်။ SAMB က ယခင်စတီးဘရားသားကို အသွင်ပြောင်းထားခြင်းဖြစ်တယ်။ (မဆလခေတ်မှာ ကုန်သွယ်ရေးကော်ပိုရေးရှင်း(၁) ဆိုတာ ဖြစ်သွားတယ်။) မြေကျေးရှင်းက လယ်ယာလုပ်ငန်းကို ခန့်ခွဲတာဖြစ်ပြီး SAMB က လယ်ထွက်သီးနှံရောင်းဝယ်ရေးကို ချုပ်ကိုင်ပါ တယ်။ ထိုခေတ်က သွင်းကုန်ထုတ်ကုန်လိုင်စင်ခေတ် ပါ။ (ယနေ့အခေါ် ပါမစ်)။ အာဏာပိုင်းများနဲ့ နီးစပ်ရင် လိုင် စင်ရပြီး နိုင်ငံခြားသား (အထူးသဖြင့် တရုတ်၊ ကုလား) ကို ပြန်ရောင်းစားရုံနဲ့ ကြီးပွားပါတယ်။ လိုင်စင်သူဌေးတွေ ပေါတယ်။ ဆိုင်းဘုတ်ချိတ်ထားရုံ ကုမ္ပဏီတွေ ပေါတယ်။
ဆန်ကုန်သည်ကြီးများအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်းတို့ ပေါ်လာတယ်။ ပွဲစားကြီးများ၊ လုပ်ငန်းရှင် ကြီးများပေါ်လာတယ်။ ဒါပေမဲ့ ဖဆပလ သန့်ရှင်း-တည်မြဲနိုင်ငံရေးပါတီများရဲ့ ခါးပိုက်ဆောင်လယ်သမားအဖွဲ့အ စည်းများကတော့ သုံးလေးဖွဲ့လောက် ကွဲနေပါတယ်။ တပါတီ တဖွဲ့နှုန်းနဲ့ ဖွဲ့ကြပြီး နိုင်ငံရေးသမားများက လယ်သ မားခေါင်းဆောင်တွေ တက်လုပ်ကြတယ်။ အမတော်ကြေးထုတ်ချေးတဲ့ ကိစ္စ၊ စပါးအရောင်းအ၀ယ်ကိစ္စတွေကို ခါးပိုက်ဆောင်လယ်သမားအဖွဲ့အစည်းတွေက တဆင့်သာ ဆောင်ရွက်တယ်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် မြေရှင်ကြီး လူတန်းစား ကြီးထွားလာပြီး၊ တချို့က နိုင်ငံရေးပါတီ နောက်ခံနဲ့ ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့လာကြတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပြူစောထီးတို့ ကာကွယ် ရေးတို့ ဆိုတာတွေ ဖြစ်တယ်။ သီးစား အတိုးကြီးစားနဲ့ လုပ်အားသွေးစုပ်မှုဟာ သဏ္ဌာန်အသီးသီးနဲ့ ကြီးထွားနေ တယ်။ ဧက ထောင်ချီပိုင်တဲ့ မြေရှင်ကြီးတွေ (လက်ဝေခံ အရင်းရှင်တွေလည်း ပါတယ်။) ဟာ လွှတ်တော်ထဲမှာ အုပ်ချုပ်ရေးယန္တရားထဲမှာ တွင်ကျယ်နေတယ်။ အာဏာရ ဖဆပလ အစိုးရအတွင်းမှ အရေးပါ အရာရောက်သူ များနဲ့ ပလဲနံပသင့်နေကြတယ်။ အာဏာရ လူတန်းစားအတွင်း အကျင့်ပျက် ခြစားမှု အပုပ်နံ့ ဟောင်နေပါတယ်။
(ဆက်လက်ဖော်ပြသွားပါမည်)
မောင်သန်းမြရွှေ