စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday198
mod_vvisit_counterYesterday169
mod_vvisit_counterThis week854
mod_vvisit_counterLast week1243
mod_vvisit_counterThis month1579
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51834

Online Guests: 9
Your IP: 38.107.191.87
,
Today: Sep 09, 2010
အစ်မကြီးကျန်း

(ဘာသာပြန်အခန်းဆက် ဝတ္ထုရှည်)    ဘာသာပြန်သူ - မင်းနိုင်ထွန်း

‘အစ်မကြီးကျန်း’ဆိုတာ တရုတ်တော်လှန်ရေးသူရဲကောင်း တဦးဖြစ်ပါတယ်။ သူ့ကို မဏ္ဍိုင်ပြုပြီး တရုတ်ကွန်မြူနစ်ပါတီ မြေအောက်လှုပ်ရှားမှုများကို ရေးထားတဲ့ ‘ကမ်းပါးနီ’ဆိုတဲ့ တော်လှန်ရေး ဝတ္ထု ရှည်တပုဒ် ရှိပါတယ်။ တရုတ်ပြည်မှာ အလွန်ထင်ရှားတဲ့ ဝတ္ထုတပုဒ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝတ္ထုကို အလွယ်တကူ ဖတ်လို့ရနိုင်အောင် အကျဉ်းချုပ် ပြန်ရေးထားတာတွေ ရှိသလို လူငယ် ကျောင်း သားတွေ ဖတ်လို့ရအောင် အတိုဆုံးနဲ့အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးဖွဲ့ထားတာတွေလည်း ရှိတယ်။ အခု ‘အမကြီးကျန်း’ဟာ လူငယ်ကျောင်းသားတွေ ဖတ်ဖို့ ထုတ်ဝေတဲ့စာအုပ်ကို ဘာသာပြန် ထားတာ ဖြစ်ပါတယ်။ အခန်းဆက် အဖြစ်နဲ့ ဖော်ပြသွား ပါမယ်။   




၁။ ဇာတိမြေ


ကျန်းကျူကျွန်းရဲ့ဇာတိမြေဟာ စစ်ချွန်းပြည်နယ်၊ စစ်ကုန်မြို့နယ်ထဲက တောင်ကြီးတလုံးပေါ်မှာ ရှိတဲ့ ‘ကျူ ကျားကို’ဆိုတဲ့ ရွာကလေး ပါပဲ။ အဲဒီနေရာဟာ တောတောင်ထူထပ်တဲ့နေရာ ဖြစ်လို့ရှုခင်းတွေကလည်း သာယာလှပတယ်။ ကြည်လင်နေတဲ့ စမ်းရေတွေဟာ ဝါးတောတွေကို ကွေ့ကောက် ဖြတ်ကျော် စီးဆင်းနေတယ်။ ကျန်းကျူးကျွန်းကို စစ်ကုန်မြို့နယ်၊ ကျူကျားကိုဆိုတဲ့ ရွာကလေးရှိ မြက်တွေမိုးထားတဲ့ ဟောင်းနွမ်းစုတ်ချာလှတဲ့ အိမ်အိုကလေးထဲမှာ မွေးဖွားခဲ့တယ်။

ဖခင်က ကျန်းစုန့်လင်၊ မိခင်က လီဆွန့်ဟွာတဲ့။ ဖခင် ကျန်းစုန့်လင်ကတော့ လက်ကျောတင်း လှသူ မဟုတ်ဘူး။ ခြေသလုံး အိမ်တိုင် အရပ်တကာလှည့် သဝေထိုးနေသူသာဖြစ်တယ်။ သူဟာ လီဆွန့်ဟွာနဲ့ လက်ထပ်ပြီးနောက် မကြာမီမှာပဲ အိမ်ကထွက်သွားကာ ‘ချုံကင်း’စတဲ့ မြို့ကြီးတွေမှာ လေလွင့်နေတော့တယ်။  အလုပ်တခုတခုကို ခဏတဖြုတ်လောက်သာ လုပ်တတ်ပြီး နောက်တမျိုး ပြောင်းသွားလေ့ရှိတယ်။  ဘယ်မှာမှ ကြာကြာနေပြီး အလုပ်လုပ်တယ်ရယ်လို့လည်း မရှိပါဘူး။ အိမ်ကို တော့ သုံးလေးငါးနှစ်တကြိမ် ပြန်လာတတ်ပါရဲ့။ အိမ်ပြန်ရောက်တော့လည်း အိမ်မှာ ကြာကြာ နေတယ် ရယ်လို့ မရှိပြန်ဘူး။ ပြန်ထွက်သွားပြန်ရော။  သိတတ်နားလည်တတ်တဲ့အရွယ်လောက်ကစလို့ ကျန်းကျူ ကျွန်းဟာ မိခင် လီဆွန့်ဟွာနဲ့ပဲ ကြီးပြင်းခဲ့ရသူပါ။

လီဆွန့်ဟွာရဲ့ ဖခင်က လီဟွမ်ကျန်းတဲ့။ လက်သမားတဦးပေါ့။ ကျူးကျားကိုရွာကလေးနဲ့ သိပ် အလှမ်းမဝေးတဲ့ ‘ကွမ်းတောက်စစ်’မှာ နေတယ်။ သူ့မှာ သားသမီး ရှစ်ယောက်တောင် ရှိတော့ လက် သမား ဝင်ငွေလောက်နဲ့ ဒီသားသမီးတွေကို ဘယ်လိုလုပ် ဝဝလင်လင် ကျွေးနိုင်ပါ့မလဲ။ ဒါကြောင့် သားသမီးတွေဟာ ငယ်စဉ် တောင်ကြေးကတည်းက ဝမ်းရေးအတွက် ခြေတိုအောင် ပြေးလွှားရှာဖွေစား သောက်ကြရတယ်။ တချို့မကောင်းတဲ့ ဟင်းသီးဟင်းရွက်များလိုက်ကောက်၊ တချို့က ကျောက်မီးသွေး မှုန့်များ လိုက်ကောက်ပြီး တအိမ်သားလုံး အနိုင်နိုင် အသက်ဆက်ခဲ့ရတယ်။
လီဆွန့်ဟွာဟာ မန်ချူးမင်းဆက်ခေတ် ၁၈၉၅ ခုနှစ်မှာ မွေးသူပါ။ အဲဒီတုန်းကတည်းက တရုတ်ပြည်ဟာ  ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်းတိုင်းပြည် ဖြစ်နေပါပြီ။ ပြည်ပ အင်အားကြီး နိုင်ငံ များက သိမ်းပိုက်ထားပြီး ဖြစ်တာမို့ နိုင်ငံခြားသားများဟာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားကာ ဘုရားကျောင်းများ ပြုပြင်တည်ဆောက်ပြီး ကက်သလစ်ဘာသာကို ဝါဒဖြန့်နေပါပြီ။ လီဟွမ်ကျန်းဟာ ဘုရားကျောင်းအလုပ်ကို  လုပ်ကိုင်ရာမှာ အလွန်ရိုးးသား၊ အပတ်တကုတ်အလုပ်လုပ်တတ်သူအဖြစ် ဘုရားကျောင်းကို ဦးစီးဆောင်ရွက်နေသူတွေက အသိအမှတ်ပြုထားတယ်။ အဲဒီလိုနဲ့ ဘုရားကျောင်း ဝေယျာဝစ္စအလုပ်တွေ၊ တံခါးစောင့်အလုပ်စတာတွေကို ပေးလာလို့ နေထိုင်ရေးဘဝ အနည်းအကျဉ်း ချောင်လည်လာတယ်။ ဒီလိုနဲ့ သူ့သားသမီးလေးတွေ ပညာသင်ဖို့ အခွင့်အလမ်း ရလာတယ်။ ဒါပေမဲ့ လီဆွန့်ဟွာဟာ နှစ်နှစ်လောက်သာ စာသင်ခဲ့ရသူမို့ သေစာရှင်စာလောက်သာ ဖတ်တတ်ရှာတယ်။ အ သက် ၁၈ နှစ်မတိုင်မီ သူ့ကို မိဘတွေက ‘ကျန်း’မိသားစုဝင် တဦးနဲ့ လက်ထပ်ပေးလိုက်တယ်။

ကျန်းကျူကျွန်း နှစ်နှစ်သမီးအရွယ်မှာ သူ့အမေက သူ့အတွက် မောင်လေး ကျန်းကျိန့်ဖန် ကို မွေး ပေးပါတယ်။ သူ့အမေဟာ ဒီမောင်နှစ်မ နှစ်ယောက်ကို တကိုယ်တည်း သူ့ဘာသာ ရှာဖွေပြုစုကျွေးမွေး ခဲ့ရတာပါ။ နေထိုင်စားသောက်ရေးဘဝဟာလည်း အလွန်ခက်ခဲလှတယ်။ သူငယ်စဉ်က မောင်လေး က စားနေတဲ့ဘေးမှာ စာဖတ်ခဲ့ရရှာတာပါ။

သုံးလေးနှစ်သမီးအရွယ်ကတည်းက အမေနဲ့အတူ တောထဲသို့ ဝက်စာရှာထွက်ရတယ်။ ကိုယ် တိုင်စားဖို့သောက်ဖို့ အရှာထွက်ရတယ်။ အိမ်ပြန်ရောက်တော့လည်း အမေ့ကို မီးကူမွှေးပေးပြီး ထမင်း ချက်ရ၊ ဝက်စာ ကြိုရပြန်တယ်။ ငယ်စဉ်ကတည်းက လက်ကျောတင်းအောင် အလုပ်လုပ်တဲ့အလေ့၊ ခက်ခက်ခဲခဲ လုံးပန်းအားထုတ် ရတဲ့ အလေ့အကျင့်တွေကို သူရရှိခဲ့တယ်။

အသက်အရွယ်လေး ထပ်ရလာတော့ တခြားအိမ်က ကလေးတွေ ကျောင်းတက်နေတာတွေ့ပြီး ကျန်းကျူကျွန်းခမျာ သူလည်း ကျောင်းတက်ချင်စိတ် တဖွားဖွား ပေါ်ခဲ့ရတယ်။ ဒါပေမဲ့ အမေက ဒီလောက် ခက်ခဲဒုက္ခရောက်နေတာ့ အမေ့ကို ဘာများကူညီ လုပ်ကိုင်ပေးရမလဲဆိုတာကိုပဲ အမြဲစိတ် ရောက်နေမိတယ်။

သူ့အဘွား(အမေဘက်က အဘွား) ထံရောက်သွားမှပဲ ကျန်းကျူကျွန်းဟာ လောကကြီးအ ကြောင်းကို သိရှိနားလည်ဖို့ အခွင့်အလမ်း တရပ်ရပါတော့တယ်။ အဘွားနဲ့ ဒွေးလေးတို့ကတော့ မျက် လုံးဝိုင်းဝိုင်းလေးနဲ့ ခပ်အေးအေးနေတတ်တဲ့ ကျန်းကျူးကျွန်းကို သဘောကျကြတယ်။

ဒွေးလေးက ဘာသာရေးအသင်းက ထူထောင်ထားတဲ့ မူလတန်းကျောင်းမှာ စာသင်ဖူးလို့ မန်ချူး မင်းဆက်ခေတ်နှောင်းပိုင်း နဲ့ တရုတ်သမ္မတနိုင်ငံ အစောပိုင်းကာလက အဖြစ်အပျက်တွေကို တော်တော် များများ သိရှိထားသူ ဖြစ်တယ်။ သူဟာ အဲဒီဒွေးလေး ပြောပြတဲ့ အဖြစ်အပျက်တွေကို နားထောင်ရတာ သဘောကျပါတယ်။ ဒွေးလေးက သူ့ကို လမ်းမပေါ်ကစားရအောင် မကြာမကြာ ခေါ်သွားတတ်တယ်။ ဒီ လိုနည်းနဲ့ သူကလေးဟာ လမ်းမပေါ်က  အံ့ဖွယ်ကိစ္စအဖြာဖြာကို သိမြင်လာခဲ့တယ်။ သူကလည်း မသိနား မလည်တာတွေကို ဒွေးလေးထံမှ မေးဖို့စဉ်းစားနေတတ်တယ်။ ဒါပေမဲ့ တချို့ပြဿနာတွေကို ဒွေးလေးကိုယ်တိုင်ကလည်း သူ့ကို ဒက်ခနဲ ရှင်းသွားအောင်တော့ ပြောမပြနိုင်ပါဘူး။

ပြဿနာတွေဟာ တကယ့်ကို စုံပါတယ်။ ဒွေးလေးကိုယ်တိုင်လည်း ဒါတွေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်စွမ်းမရှိပါဘူး။ ဝဝဖိုင့်ဖိုင့် မျက်နှာဖြူ နိုင်ငံခြားသားတဦးက ပိန်ကြုံချည့်နဲ့လှတဲ့ တရုတ်အမျိုး သားလေးဦး ထမ်းထားတဲ့ဝေါပေါ်ကို ထိုင်လိုက်ပြီး၊ တရုတ် လေးဦးကတော့ လမ်းမပေါ်မှာ ဘာကြောင့် ဟောဟဲဆိုက်အောင် ပြေးလွှားနေရတာလဲ။ လမ်းမကြီးတလျှောက် အားလုံးဟာလည်း ဆာ လောင်မွတ် သိပ်နေတဲ့ မျက်နှာအမူအရာတွေနဲ့ အရိုးပေါ်အရေတင်လို့ ခေါ်ရလောက်တဲ့ သူတောင်စားတွေ၊ လမ်းမ ကြီးတွေပေါ်မှာ ဘိန်းခန်းတွေ၊ လောင်းကစားဝိုင်းတွေ၊ လူတွေကို ပျက်စီးစေတတ်တဲ့ အခြင်းအရာတွေ ဘာကြောင့် ဒီလောက်တောင် ဖောခြင်းသောခြင်း ရှိနေရတာပါလိမ့်....။

ကျန်းကျူကျွန်းဟာ လမ်းမပေါ်မှာ ထွက်ပြီးကစားချင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ထွက်ကစားမိ လိုက်တိုင်း သူ့စိတ်ထဲမှာ ကိုယ်ကိုယ်တိုင် အဖြေရခက်တဲ့ ပြဿနာတွေ ထင်ကျန်နေတော့တယ်။

၁၉၂ဝ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့ဖွား၊ ကျန်းကျူကျွန်းဟာ သူ့အဘွားအိမ်သွားကစားတော့ အသက် ခုနစ်နှစ် ရှစ်နှစ်သာ ရှိသေးတာမို့ ဒါတွေဟာ ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း တရုတ်ပြည်ရဲ့ ယေဘုယျလက္ခဏာဆောင်တဲ့ အခြင်းအရာတွေလို့ မသိနိုင်သေးဘူး။ နယ်ချဲ့အင်အားကြီး နိုင်ငံတွေက တရုတ်ပြည်ကို ဆုံးစမရှိ ဖိနှိပ်လုယက်နေသလို ပြည်တွင်းက ပဒေသရာဇ်စစ်ဘုရင်တွေကလည်း တနှစ် ပတ်လုံး ရပ်နားတယ်လို့ မရှိတော့ဘဲ လုံးထွေးရစ်ပတ် သတ်ပုတ် စစ်ခင်းနေတယ်။ ဒီလို စစ်ခင်းကြလို့ ပေါ်လာတဲ့ ဝန်ထုပ်ဝန်ပိုးမှန်သမျှကိုလည်း ပြည်သူလူထုခေါင်းပေါ်သို့ လွှဲချတော့တယ်။ အရွယ်ရောက် သူများကို စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်း သိမ်းသွင်းတဲ့အပြင် အခွန်အတုပ်များကလည်း အထပ်ထပ်တုပ်နှောင်ထားတယ်။ ဒီလိုနဲ့ ဆင်းရဲမွဲပြာကျလှတဲ့ တရုတ်ပြည်သားတွေဟာ သေမင်းနှုတ် ခမ်းဝမှာ ရုန်းကန်နေရင်းကပဲ နိုင်ငံခြားသားများရဲ့ကျေးကျွန် ဘယ်လိုလုပ် ဖြစ်ကုန်ရတာလဲ။

ကျန်းကျူကျွန်း ရှစ်နှစ်သမီးအရွယ်မှာပဲ စစ်ကုန်မြို့ တဝိုက်မှာ တခါမှ မကြုံဘူးသေးတဲ့ မိုးခေါင် ရေရှားမှုဘေးအန္တရာယ်နဲ့ ကြုံရပါတယ်။ မြေလွှာတွေ ခြောက်ကပ်ပြီး ပတ်ကြားအက်ကုန်တယ်။ လယ် ကွက်တွေထဲက ပျိုးပင်တွေဟာလည်း ပူပြင်းလှတဲ့ နေရောင်မှာ အခြောက်လှမ်းထားသလို မဲနေတဲ့ ထင်းခြောက်တွေလို ဖြစ်နေတယ်။ မြေကြီးထဲမှာ စိုက်ထားတဲ့ ကန်ဇွန်းဥ၊ ကောက်လျံပျိုးပင်တွေဟာ ကြာလေသေးလေဖြစ်လာပြီး နောက်ဆုံးမှာ မည်းခြောက်နေတဲ့ မြက်ခင်းဖြစ်သွားတော့တယ်။ နေရာ တကာမှာ စားရမဲ့ သောက်ရမဲ့ ဖြစ်ကုန် ပြီး ငတ်မွတ်သေဆုံးနေကြတယ်။

လီဆွန့်ဟွာဟာ မိုးခေါင်လှတဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီးနောက် ခေါင်းငိုက်စိုက်ချ လိုက်ကာ ခြောက်သယောင်းလှတဲ့ မြေကြီးကို တွေတွေကြီး စိုက်ကြည့်နေတယ်။ ကျူကျွန်းနဲ့ သူ့မောင် လေးကို ပွေ့ပိုက်ရင်း ဒီကမ္ဘာပေါ်မှာ သူတို့အသက်ရှင်ဖို့ လမ်းစလမ်းန ဘယ်မှာများ ရှိပါ့မလဲလို့ တ ကယ်ကို အဖြေရှာမရဖြစ်နေရှာတယ်။

တချို့လူတွေဟာ တုတ်ထောက်လျှောက်ရင်း တကျုတ်ကျုတ် မြည်နေတဲ့ ဆာလောင် မွတ်သိပ် နေတဲ့ ဝမ်းဗိုက်ကို ပွေ့ရင်း ဝေးလံလှတဲ့ ဆွေမျိုးများရှိရာကို သွားရောက်ခိုလုံကြပါတယ်။

ကျန်းကျူကျွန်းရဲ့ အဘွားဟာ စောစွာကတည်းက သူ့ဇာတိ ကွမ်းတောက်စစ်ကနေ ထွက်ခွာပြီး ‘ချုံကင်း’ရှိ တတိယ ဦးလေးဖြစ်တဲ့ ‘လီယိမင်’အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ဘွားဘွားကလည်း သူတို့ကို ချုံကင်းသို့ ပြောင်းလာဖို့ စာရေးလာဖူးတယ်။

တတိယ ဦးလေးဖြစ်တဲ့ လီယိမင်ကတော့ သူတို့ ဒီဆင်းရဲသား ဆွေမျိုးများကို လက်မှ လက်ခံပါ့ မလား။ အဲဒီ ချုံကင်းဆိုတဲ့ နေရာမှာကော အသက်ရှင်ဖို့ လမ်းစလမ်းနများ ရှိသေးလို့လားဆိုတာ လီဆွန်းဟွာ ကိုယ်တိုင်လည်း မသိပါဘူး။ ဒါပေမဲ့ တခြားနည်း လမ်းမရှိတော့တာမို့ ကလေးနှစ်ယောက် ကိုဆွဲပြီး တအိမ်သားလုံး ကျူကျားကိုမှ ထွက်ခွာကာ ယန်စီမြစ်ဘေးရှိ ချုံကင်းမြို့သို့ ဦးတည်ခဲ့ရတယ်။



၂။ ခလေးဘဝ



ကျန်းကျူကျွန်းဟာ မောပမ်းနွမ်းနယ်လှပေမယ့်ံ မောင်လေးနဲ့အတူ မေမေရဲ့ ရှေ့ဆောင်မှုနဲ့ ချုံကင်းကို ရောက်တော့ တတိယ ဦးလေးအိမ်ကို ရှာကြတယ်။ အဲဒီမှာ ဘွားဘွားကိုလည်း တွေ့ရတယ်။ ဘွားဘွားဟာ သူတို့မိသားစုကို တွေ့တော့ ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်ရှာတယ်။ ဘွား ဘွားဟာ မိမိရဲ့ သွေးသားဆွေမျိုးရင်းချာများကို အသည်းနှစ်အောင် ချစ်တတ်သူလို့ ကျန်း ကျူကျွန်းက ခံစားနေမိတယ်။ ဒါပေမဲ့ တချိန်တည်းမှာ တတိယဦးလေးရဲ့ အိမ်ဆိုတာ ဘွားဘွားအိမ်မှမဟုတ်ဘဲ၊ တတိ ယ ဦးလေးနဲ့ သူ့ အမေရဲ့ အိမ်ပဲ။ ဒီအိမ်မှာ ဘွားဘွားလည်း တတိယဦးလေးနဲ့ သူ့အမေတို့ရဲ့စကားကို နာခံနေရတာပဲလို ခံစားမိသေးတယ်။ တတိယဦးလေးနဲ့ သူ့မိခင်တို့ဟာ ကျွန်မတို့တတွေအပေါ် တစိမ်း တရံ ဆန်ပါတယ်။ သူတို့က ငွေကြေးအရှိန်အဝါရှိတဲ့ လူစားမျိုးတွေကိုး။ သူတို့က ကျန်းကျူကျွန်းတို့ မိသားစုကို အမှိုက်ထုပ်တွေလို့ပဲ သဘောထားတယ်။ ဘွားဘွားရဲ့ အကာအကွယ်သာ မရှိခဲ့ရင် သူတို့ မိသားစုဟာ အစောကတည်းက မောင်းထုတ်တာ ခံကြရမှာပါ။

တတိယဦးလေး လီယိမင်ဟာ ‘လီဟွမ်ကျန်’ရဲ့ သားသမီး သုံးလေးဦးအနက် လည်လည်ပတ်ပတ် အရှိဆုံးလို့ ဆိုရမယ့် သူပါပဲ။ သူဟာ ဘခင် လီဟွမ်ကျန်ရဲ့ ကိုယ်စား ဘာသာရေးအသင်းအဖွဲ့ကို ရိုးရိုးသားသား စေတနာသန့်သန့်နဲ့ အကျိုးဆောင် လုပ်ကိုင်ပေးခဲ့လို့ အဲဒီဘာသာရေးအသင်းအဖွဲ့ရဲ့ ကူညီထောက်ပံ့မှုများ ရရှိခဲ့တယ်။ ဒါကြောင့် ဇာတိမြေမှာ အရောင်းအဝယ် လုပ်နေတာလေးတွေကို ရပ်ပစ်လိုက်ပြီး ကျောင်းတက်ပါတော့တယ်။ မူလတန်းကနေ တက္ကသိုလ်အထိ တောက်လျှောက် ပညာသင်ကြားခွင့် ရပြီး ဟွာရှီးတက္ကသိုလ်ရဲ့ ပထမဆုံး ဘွဲ့ရတဲ့အသုတ်ဖြစ်လာတယ်။

ဟွာရှီးတက္ကသိုလ်မှာ တက်ရောက်ပညာသင်စဉ်က လီယိမင်ဟာ အပတ်တကုတ်ကြိုးစားတဲ့ ကျောင်းသားတယောက်ပါပဲ။ သူရဲ့ ပညာရေးမှတ်တမ်းများဟာလည်း အလွန်ကောင်းပါတယ်။ ဒါကြောင့် ဟွာရှီးတက္ကသိုလ်က ဘွဲ့ရပြီးနောက် ချုံကင်းမှာ ဘာသာရေးအသင်းအဖွဲ့က ဖွင့်လှစ်တည်ထောင်ထားတဲ့ ‘ခွမ်းရင့်’ဆေးရုံမှာ ဆရာဝန်အဖြစ် ထမ်းဆောင်ပါတယ်။ ဒီအလုပ်ကလည်း အလွန် ကောင်းတဲ့ အလုပ်ပါ။

ခရစ်ယာန်ဘာသာမှာ အယူဝါဒနဲ့ လူပုဂ္ဂိုလ် နှစ်ဂိုဏ်းရှိပါတယ်။ တဂိုဏ်းက ဧဝံဂလိဂိုဏ်း။ အဲဒီ ဧဝံဂလိဂိုဏ်းဟာ လူမှုသက်သာ ချောင်ချိရေးအလုပ်များကို အလေးထားဆောင်ရွက်ပြီး ဘာသာရေး အသင်းရဲ့ အင်အားနဲ့သြဇာကို တိုးချဲ့ပါတယ်။ ဥပမာ-ဆေးရုံများ၊ ကျောင်းများနဲ့ လူငယ်အသင်းအဖွဲ့ စတာတွေကို တည်ထောင်ဖွင့်လှစ်တယ်။ လီယိမင်ဟာ ဧဝံဂလိလူမှုရေးအသင်းကို အမှီပြုပြီး တက္က သိုလ်တက်ခဲ့တာပါ။ ဘွဲ့ရပြီးနောက် ဆရာဝန်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်အလုပ်လုပ်ပြီးနောက် သူဟာပိုမိုကောင်းမွန်တဲ့ ရှေ့အလားအလာ ရရှိနိုင်တာကို တွေ့ရှိခဲ့တယ်။ အဲဒါကတော့ အနောက်တိုင်း ဆေးများနဲ့ကုသတဲ့ ချုံကင်းအနောက်တိုင်းဆေးရုံပါပဲ။ အနောက်တိုင်းဆေးဝါးများဟာ ပြင်ပဒဏ်ရာတွေ ကုသရေးမှာ ဆေးစွမ်းထက်မြက်မှု ပေါ်လွင်လှပါတယ်။ စစ်ဘုရင်တွေဟာ တနှစ်ပတ်လုံး လုံးထွေး တိုက်ခိုက်မှုတွေ ဆုံးတယ်ရယ်လို့ ရှိတာမှမဟုတ်ပဲ။ စစ်ဘုရင်ဂိုဏ်းအသီးသီးရဲ့ အင်အားစုတွေမှ ဒဏ်ရာရစစ်ဗိုလ်တွေ ချုံကင်းဆေးရုံကို ရောက်လာတဲ့ အရေအတွက်ကလည်း  နည်းလှတာ မဟုတ်ဘူး။ ဒဏ်ရာတွေကို ကုသပေးရတဲ့ စီးပွားရေးအလုပ်ဟာ အလွန်တွင်ကျယ်လှတယ်။ တကယ်လို့ ခွမ်းရင့် ဆေးရုံမှာ မလုပ်ဘဲ အပြင်မှာ ကိုယ်တိုင်ဆေးခန်းဖွင့်မယ်ဆိုရင် သူ့ရဲ့လစဉ်ဝင်ငွေဟာ ဆေးရုံကပေးတဲ့ လစာငွေ ငွေဒင်္ဂါး ၆ဝ ထက် အများကြီး ပိုရနိုင်တယ်။ ဒါပေမဲ့ ဘာသာရေးအသင်းအဖွဲ့ရဲ့ သတ်မှတ် ချက်က ခွမ်းရင့် ဆေးရုံက ထွက်ပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်မယ်ဆိုရင် ဘာသာရေးအသင်းသို့ ကျောင်း တက်စဉ်က ပညာသင်စရိတ်ကို ပြန်လျော်ရမယ်။ သူဟာ ပညာသင်စရိတ်ကို လျော်ပေးပြီးနောက် ဟွာရှီးတက္ကသိုလ်ထွက် ပညာထူးချွန်တဲ့ ကျောင်းသားတယောက်အနေနဲ့ ခွမ်းရင့်ဆေးရုံက ဆရာဝန် ဆိုင်းဘုတ်တို့ဖြင့် ချုံကင်းမှာ စစ်ဘုရင် လျိုရှန်ရှိရဲ့ အာဏာလက်ဝယ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်များနဲ့ အချိတ် အဆက်ပြုက ‘ယိလင်ကြက်ခြေနီဆေးခန်း’ကလေးကို ထူထောင်လိုက်တယ်။ တဆက်တည်း လယ်ယာ နဲ့ဥယျာဉ်ခြံမြေအသင်းအဖွဲ့ ရန်ပုံငွေအမည်ခံကာ ကွမ်ယင်ကျောက်ဆောင်ရဲ့အောက်က မြေကွက်ကြီး တကွက်ကို အရယူလိုက်တယ်။ လီယိမင်ဟာ အဲဒီ ကွမ်ယင်ကျောက်ဆောင် မြေကွက်မှာ ယိလင်ဆေး ရုံကို တည်ဆောက်တယ်။ အဲဒီနောက် ကွမ်ယင်ကျောက်ဆောင်အောက်က မြေလွတ်မြေရိုင်း ကွက် လပ်ကြီးမှာ အိမ်ရာမြေအရောင်းအဝယ်လုပ်ငန်းကို လုပ်ပါတော့တယ်။ ချုံကင်းမြို့မှာ တည်ဆောက်ရေး တွေ ဖွံ့ဖြိုးတိုးတက်နေတာနဲ့အမျှ မြေဈေးဟာ ဖြုန်းခနဲခုန်တက်သွားလို့ လီယိမင်ဟာ တနှစ်ထက်တနှစ် ပိုကြီးပွားချမ်းသာလာတယ်။ ချမ်းသာကြီးပွားလာတဲ့ လီယိမင်ဟာ တဖြည်းဖြည်းနဲ့ ဆရာဝန်အလုပ်ကို မလုပ်တော့ဘဲ သူ့တကိုယ်ရေ ကြီးပွားရေးအတွက် တခြားလူကို ဘယ်လို အကျိုးရှိရှိအသုံးချမလဲ ဆိုတာကို ပေသီးခေါက်နေတော့တယ်။

ကျန်းကျူကျွန်းရဲ့ မေမေဟာလည်း ဒီအပြောင်းအလဲတွေကို မြင်ပါတယ်။ ဘွားဘွားဟာ အသက်အရွယ်ကြီးပြီး ရောဂါထူ ပြောလာတဲ့အတွက် သူတို့သားအမိရဲ့ ပြုစုစောင့်ရှောက်မှုလိုအပ်လို့သာ တတိယဦးလေးအိမ်ကို အနိုင်နိုင် အောင့်အီးနေတာပါ။ ဦးလေးတို့ သားအမိဟာ တခါတရံ ထမင်းစား နေတဲ့အချိန်မှာတောင် ကိုယ်မထင်ရင် မထင်သလို စိတ်ဆိုးပြီး ကျန်းကျူကျွန်းရဲ့ ထမင်းပန်း ကန်နဲ့တူ တွေ ကို ရုတ်တရက် ဆွဲယူသွားချင် သွားတတ်ပါတယ်။ ကျန်းကျူကျွန်းရဲ့မေမေဟာ သည်းခံပါတယ်။

နှစ်နှစ်ကျော်လောက်ကြာတဲ့အခါ ဘွားဘွား ဆုံးသွားပါတယ်။ လီဆွန်းဟွာဟာ ‘တုန်ဆွေမင်’ ကိုသွား အိမ်ခန်းငှားပြီး အဲဒီမှာ ရွှေ့ပြောင်းနေထိုင်တယ်။ အ၀တ်ချုပ်တဲ့အလုပ်ကို လုပ်ကိုင်ရင်း ရှာဖွေစား သောက်တယ်။ အခန့်သင့်ချင်တော့ ခင်ပွန်းသည် ကျန်းစုန့်လင်ဟာ တောက်ထုံသင်္ဘောကုမ္ပဏီမှ သင်္ဘောတစင်းပေါ်မှာ အလုပ်အကိုင် ရရှိလိုက်ပါတယ်။ အိမ်ကိုလည်း နည်းနည်းပါးပါး ထောက်ပံ့

နိုင်ပါတယ်။ ၁ဝ နှစ်သမီး ကျန်းကျူကျွန်းနဲ့ ၈ နှစ်သား မောင်လေးတို့ကို အနီးအနားက မူလတန်း ကျောင်းမှာ ကျောင်းတက်ခိုင်း နိုင်တယ်။ ကံမကောင်း အကြောင်းမလှချင်တော့ သူတို့ကျောင်းတက်လို့ နှစ်ဝက်ကျော်လောက်ရှိတော့ တောက်ထုံသင်္ဘောကုမ္ပဏီဟာ ဒေဝါလီခံလိုက်ရပြီး ဘခင်လုပ်သူဟာ အလုပ်လက်မဲ့ ဖြစ်သွားရပြန်တယ်။ ဒီနောက် သူတဦးတည်း ဇာတိရွာကို ပြန်သွားတယ်။ သူတို့ မောင်နှစ်မလည်း ကျောင်းဆက်တက်ဖို့  အခက်ကြုံသွားရပြန်ပါတယ်။

လီဆွန့်ဟွာဟာ နေရာတကာမှာ အသနားခံတောင်းရမ်းနေရင်းနဲ့ ‘နန်အန် တထုန်’ခြေအိတ်စက်ရုံ မှာ အလုပ်ရပါတယ်။ အဲဒီစက်ရုံမှာ ကလေးအလုပ်သမားလည်း ရှိတယ်။ ကျန်းကျူကျွန်းဟာ မေမေ တယောက်တည်း အလုပ်လုပ်ရုံနဲ့ မိသားစု သုံးယောက် မစားလောက်ဘူးဆိုတာ သိပါတယ်။ မောင်လေး ကျောင်းဆက်တက်နိုင်ဖို့ သူဟာ မေမေနဲ့အတူ ခြေအိတ်စက်ရုံမှာ ကလေးအလုပ်သမလေးအဖြစ် အလုပ်ဝင်လုပ်ရရှာတယ်။ သူတို့သားအမိက မောင်လေးကို မိဘမဲ့ဂေဟာတခုကို အပ်ပြီး၊ မူလတန်း ကျောင်း တက်ခိုင်းတယ်။

ကျန်းကျူကျွန်းဟာ ၁ဝ နှစ်သမီးအရွယ် ရှိနေပေမယ့် သူ့ခန္တာကိုယ်က ပုပုသေးသေး ညှက် ညှက်ကလေးပါ။ စက်တွေလောက် တောင် မမြင့်ပါဘူး။ စက်ရုံထဲမှာ သူ့အတွက် ခြေတံရှည်ခုံမြင့်တလုံး အထူးစီစဉ်ပေးထားတယ်။ ကျန်းကျူကျွန်းဟာ ငယ်ငယ်ကတည်းက ဇွဲကောင်းကောင်းနဲ့ အလုပ်လုပ် လေ့ရှိသူပါ။ ဆင်းရဲတာ၊ ပင်ပန်းတာကို မကြောက်ပါဘူး။ သူဟာ နည်းနာတွေမှာလည်း ကျွမ်းကျင်ပါး နပ်တယ်။ ခြေအိတ်ရက်တဲ့ စက်ကိုင်နည်း အတတ်ပညာစွမ်းရည်ကို အချိန်တိုတိုနဲ့ ဆုပ်ကိုင်နိုင်တယ်။ အရွယ်ရောက်အလုပ်သမတွေနဲ့ အရေအတွက်အရရော၊ အရည်အချင်းအရပါ နည်းနည်းပါးပါးပဲ ကွာ တာပါ။ ဒါပေမဲ့ သူစက်ရုံက ထုတ်ယူရရှိတဲ့လခကတော့ ကလေးအလုပ်သမမို့ အလုပ်သမကြီး တွေရဲ့လုပ်ခရဲ့တစိတ်တပိုင်းလောက်သာဖြစ်ပါတယ်။

ကျန်းကျူကျွန်းဟာ ကလေးအလုပ်သမအဖြစ် ၂ နှစ်လုပ်တယ်။ နေ့စဉ်အလုပ်ချိန်ဟာ ၁၂ နာရီ ရှိပြီး သူ့အသက်နဲ့ မမျှလို့ ခန္တာာကိုယ်တောင် ဒရွတ်ဆွဲနေရရှာပြီ။ မောင်လေးကလည်း မိဘမဲဂေဟာမှာ ဖျားနေတယ်။ ကျန်းကျူကျွန်းကို မေမေက အလုပ်ထွက်ခိုင်း ချင်နေပြီ။ အလုပ်ထွက်ပြီး မောင်လေးကို ပြုစုစေချင်နေတယ်။ စက်ရုံပိုင်ရှင်ကတော့ ပေသီးခေါက်ကြည့်ပြီး သူဟာကလေးအလုပ်သမ။ လုပ်ခ ပေးရတာ သက်သာတယ်။ အလုပ်အကျိုးရှိမှုကျတော့ အရွယ်ရောက်အလုပ်သမတွေနဲ့ အတူတူမို့ သူ့ကို အလုပ်မထွက်စေချင်ဘူး။ ထွက်မယ်ဆိုရင်လည်း သားအမိ နှစ်ယောက်လုံးသာ ထွက်လို့ဆိုလာတယ်။ ကံမကောင်းအကြောင်းမလှချင်တော့ မေမေဟာ ရောဂါ အပြင်းအထန် စွဲကပ်ပါတော့တယ်။ သားအမိ နှစ်ယောက်လုံး အလုပ်ထွက်ခဲ့ရပြန်တယ်။ ၁၂ နှစ်သမီေးလး ကျန်းကျူကျွန်းဟာ အဲဒီတုန်းက မေမေ့ကို ဆေးကုသပေးရေးမှာသာမက ဖျားနေတဲ့ မောင်လေးကိုလည်း ပြုစုရပါသေးတယ်။

အဲဒီတုန်းက ကျန်းကျူကျွန်းခမျာ တကယ့်ကို အခက်ကြုံခဲ့ရတယ်။ ကံကောင်းထောက်မလို့ မေမေရဲ့ ရောဂါဟာ နောက်ဆုံး ကျတော့ တဖြည်းဖြည်းနဲ့ သက်သာလာတယ်။ ဒါပေမဲ့ နောင်မှာဆိုရင် ဘယ်နှယ့်လုပ်ရပါ့မလဲ။ သူ့ဘဝ ရှေ့ရေးဟာ ပိန်းပိတ်အောင် မည်းမှောင်နေတယ်လို့ ခံစားနေမိတယ်။

ကျန်းကျူကျွန်း မျက်လုံးထဲမှာ ရုတ်တရက် လက်ကနဲ လျှပ်ပြက်သလို အလင်းတန်းတခုကို ဝင်းခနဲ တွေ့လိုက်ရတယ်။ သူ သတိမထားမိလို့သာပါ။ ဒီအလင်းတန်းဟာ သူ့ရဲ့ တတိယဦးလေးအိမ်က လျှပ်ပြက်လိုက်သလို ထွက်လာတဲ့ အလင်းတန်းပါ။

တကယ်တော့ အဲဒီတတိယဦးလေး ကွမ်ယင်ကျောက်ဆောင်ရှိ အိမ်ကို ရွှေ့ပြောင်းသွားတော့ သူ့သား နှစ်ယောက်ဟာ အုပ်ထိန်းဆုံးမသွန်သင်မယ့်သူ ကြည့်ရှုစောင့်ရှောက်မယ့်သူ လိုနေပါတယ်။ အဲဒီကာလတွေတုန်းက ချုံကင်းမှာ ကလေးထိန်းဌာနဆိုတာမျိုးကလည်း မရှိသေးဘူး။ ငွေကြေးကြွယ် ဝသူများက ဆရာကို အိမ်သို့ခေါ်ပြီး မိမိကလေးများကို အုပ်ထိန်းဆုံးမသွန်သင်တာမျိုး ခေတ်စား နေပါ တယ်။ ပေသီးခေါက်ရာမှာ ကျွမ်းကျင်လှတဲ့ ဦးလေးနဲ့သူ့အမေတို့ဟာ လီဆွန်းဟွာကို ချက်ချင်းသတိ ရလိုက်ကြတယ်။ စာအနည်း အကျဉ်းရေးတတ်၊ ဖတ်တတ်ပြီး အိမ်မှုကိစ္စတွေကို စီမံဆောင်ရွက်တတ်တဲ့ လီဆွန်းဟွာကို သူ့အိမ်မှာ ခေါ်ထားလိုက်ပြီး သူ့သား နှစ် ယေက်ကို ကြည့်ရှုစောင့်ရှောက် သွန်သင် ခိုင်းရမယ်။ ကျန်းကျူကျွန်းတို့ မောင်နှစ်မကို မိဘမဲ့ဂေဟာကိုပို့ ကျောင်းတက်ခိုင်းလိုက်ရင် သူတို့ ငွေ တပြားတချပ်မှ မကုန်ဘူးမဟုတ်လား။ အားထားလောက်တဲ့ မိသားစုကျောင်းဆရာနဲ့ ကလေးထိန်းတဦး ငှားထားပြီးသားလည်း ဖြစ်ရော မဟုတ်လား။ သူတို့ပေသီးခေါက်လို့ ရှင်းလင်းသွားတာနဲ့ သူတို့နဲ့ ဘာ သာရေးအသင်းအဖွဲ့တို့ နှစ်ပေါင်းများစွာ ဆက်ဆံလာမှု အရ သူတို့ဟာ ကျန်းကျူကျွန်းတို့ မောင်နှစ်မကို မိဘမဲ့ဂေဟာသို့ ပို့လိုက်ပြီး အခမဲ့စာသင်ခိုင်းနိုင်ပါတယ်။ ဒါ့အပြင်သူတို့ဟာ လီဆွန်းဟွာနဲ့ ဆွေမျိုး အ ရင်းအချာကြီးတွေမို့ ခုလိုလုပ်လိုက်တော့ လူမှုရေးအရရော နာမည်ကောင်းရမသွား ပေဘူးလား။

လီဆွန့်ဟွာဟာ လီယိမင်ရဲ့ ဒီအကြံကို သိပါတယ်။ ဒါပေမဲ့ ကျန်းကျူကျွန်းတို့ မောင်နှစ်မ အ တွက်သာ စဉ်းစားပါတယ်။ တခြားအိမ်က ကလေးတွေ လွယ်အိတ်ကလေးလွယ်ပြီး ကျောင်းသွားတာ ကိုမြင်တိုင်း အားကျလို့မဆုံးတဲ့ ဟန်အမူရာကို တွေ့ရလေတိုင်း၊ မိမိရဲ့ရင်သွေး သားနဲ့သမီးတို့ရဲ့ ခေါင်း လေးတွေကို အသာအယာ ပွတ်သပ်ဖြေသိမ့်ခဲ့ရတာတွေကို သတိရနေတယ်။ ဒါကြောင့် ကျွန်မ ဒီအလုပ် ကို သဘောမတူဘဲ မနေနိုင်ပါဘူး။

“ကျွန်မအဖို့ကတော့ ဒီလို ဆွေမျိုးသားချင်း မဆိုထားနဲ့။ သူတို့လေးတွေ ကျောင်းတက်နိုင် မယ်ဆိုရင် ကျွန်မ ဘာများပြောနေစရာ လိုသေးလို့လဲ.... ကျန်းကျူကွန်းဟာလည်း ဝမ်းသာမဆုံး ဖြစ်နေပြီ။ တို့-မေမေအတွက် ကျောင်းတက်ကြမယ်။ တို့- ကောင်း ကောင်း ကြိုးစားကြရအောင်နော်”လို့ မောင်လေးကို ပြောနေရှာတယ်။




၃။ မိဘမဲ့ဂေဟာ မူလတန်းကျောင်းမှာ အတန်းခုန်တက်တဲ့ ကျောင်းသူ


ကျန်းကျူကျွန်းဟာ မိဘမဲ့ဂေဟာကိုသွားပြီး မူလတန်းကျောင်းကို တက်ရတော့မယ်။

ကျန်းကျူကျွန်း စိတ်ပျော်နေသလို မေမေလည်း ဝမ်းသာနေပါတယ်။ မေမေဟာ ဖြူဖြူစင်စင် လျှော်ဖွပ်ထားပြီး ပြန့်ပြန့်ပျူးပျူး ခေါက်ထားတဲ့ အပြာရောင်အဝတ်တစုံကို ယူလာပါတယ်။ ကျန်းကျူ ကျွန်းကို လှမ်းပေးရင်း ဝတ်ခိုင်းပါတယ်။ “သမီးက ကျောင်းသွား တက်ရတော့မှာ။ ကျောင်းက ကွမ်ယင် ကျောက်ဆောင်အောက်မှာ မဝေးပါဘူး။ သွားရလာရ အဆင်ပြေမှာပါ။ သမီးလေး ကြိုးကြိုးစားစား စာသင်ယူလိမ့်မယ်ဆိုတာ မေမေသိပါတယ်။ မေမေမပူပါဘူး။ ဒါပေမဲ့ သမီးက အစ်မကြီး၊ မောင်လေး နဲ့အတူ ကျောင်းတက်တယ်ဆိုတော့ သူ့ကို နည်းနည်းတော့ ဂရုစိုက်မှ ဖြစ်မှာနော်”တဲ့။ ရယ်ရယ် မော မောနဲ့ မှာကြားနေတယ်။

ကျန်းကျူကျွန်းဟာ အင်္ကျီဝတ်ရင်း ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို စဉ်းစားနေမိတယ်။ မေမေက သူ့ကိုကြည့်ပြီး ပြီးခဲ့တဲ့နာကြည်းစရာဖြစ်ရပ်တွေကို စဉ်းစားနေမိမှာစိုးတာနဲ့ မျက်နှာကို တဖက်လှည့် ပစ်လိုက်တယ်။ ဒါပေမဲ့ သူ့အဖို့ နာကြည်းအခံရခက်တဲ့ ပြီးခဲ့တဲ့ဖြစ်ရပ်တွေဟာ အာရုံထဲမှာ တရေးရေး ပေါ်လာနေရာကနေ မျက်စိမြင်ကွင်းထဲ အထင်းသား ပေါ်လာတော့တယ်။

ဒါဟာ တောင်ပေါ်မြို့တမြို့ဖြစ်တဲ့ ချုံကင်းရဲ့ တွေ့ရခဲတဲ့ အချိန်ကာလတခု။ သူဟာ ထမင်းစား ပွဲပေါ်က ပန်းကန်၊ တူ၊ ပန်းကန်ပြား၊ ဟင်းချိုဇွန်းတို့ကို တခုစီတခုစီ သပ်သပ်ရပ်ရပ် နေရာတကျ ခင်း ကျင်းထားတယ်။ ဟင်းပန်းကန်တချပ်စီ၊ ထမင်းပန်းကန်တချပ်စီကို စားမယ့်နေရာတိုင်းမှာ မေမေ့အား ကူညီချပေးနေတယ်။ မေမေက သူ့ကို ကျေကျေနပ်နပ်ကြီး ကြည့်ရင်း သူကိုယ်တိုင်ကတော့ မီးဖို ချောင်ဘက်ပြန်သွားပြီး၊ ထမင်းစားမှဖြစ်မယ်လို့ ခံစားမိပါတယ်။ သူက မေမေကို ထမင်းတပန်းကန် ခူးပေးလိုက်ပြီး သူ့အတွက်လည်း ထမင်းတပန်းကန် ခူးပါတယ်။ ထမင်းစားပွဲမှာထိုင်နေတဲ့ တတိယ ဦးလေးရဲ့ မိခင်ခေါ်သံကို ကြားလိုက်ရတယ်။ သူ ထမင်းပန်းကန်ကိုချထားပြီး မျက်လုံးဝင့်ကြည့် လိုက် တော့ တတိယ ဦးလေးရဲ့ မိခင်ဟာ ဘာကြောင့်မှန်းမသိ၊ မျက်နှာတခုလုံး မည်းနေတယ်။ တူနဲ့ စားပွဲနှုတ် ခမ်းကို ရုတ်တရက် တချက်ခေါက်လိုက်တယ်။ ပါးစပ်ကလည်း “လက်ဖက်ရည် ဘယ်မှာလဲ”လို့ အော် ပါတော့တယ်။

ကျန်းကျူကျွန်းဟာ ကိုယ်ကိုမတ်လိုက်ပြီး တတိယ ဦးလေးရဲ့ မိခင်ထံ လက်ဖက်ရည်ခွက် သွားပို့ ပါတယ်။ အဲဒီနောက် မီးဖိုခန်းသို့ပြန်လာပြီး ထမင်းပန်းကန်ကိုင်ရင်း ထမင်းစားပါတော့တယ်။

ပြတင်းပေါက်အပြင်မှနေ လူငယ်လေးတွေရဲ့ ပျော်ရွှင်မြူးထူးသံတွေနဲ့ ပေါ့ပါးသွက်လက်တဲ့ ခြေ သံတွေ ပျံ့လွင့်လာတယ်။  တကယ်တော ဒါဟာ့ ကျောင်းဆင်းချိန်ကိုး။ ပြတင်းပေါက်အပြင်က ပျော်ရွှင် မြူးထူးသံတွေ ရယ်မောသံတွေဟာ အမှန်တကယ်တော့ ကျောင်းမှာပျော်ရွှင်ချမ်းမြေ့စွာ စာသင်ကြား ခွင့်ရကြတဲ့ ကျောင်းသားကျောင်းသူတွေထံက ပျံ့လွင်လာတာဆိုတာ သူသဘောပေါက် သွားတယ်။

ကျန်းကျူကျွန်းဟာ လက်က ထမင်းပန်းကန်ကို ပိုက်ရင်း မီးဖိုချောင်ထဲမှာ ရပ်မနေနိုင်တော့တာမို့ နံရံဘေးရှိ ကျောက်လှေကားကနေ ပြတင်းပေါက်အပြင်ကို မျှော်ကြည့်နေမိတယ်။ စာအုပ်ကျောပိုး အိတ်တွေကို ကိုယ်စီပိုးထားတဲ့ ကျောင်းသားကျောင်းသူတွေဟာ ခုန်ပေါက်ပြေးလွှားရင်း လမ်းမကြီး ဘေးနားကနေ သွားနေတာကို မြင်ရတော့ သူ အားကျစိတ်တွေ တဖွားဖွားပေါ်လာခဲ့ရတယ်။

အဲဒီလို ကြည့်နေတုန်း သူ့ကို ကျောက်လှေကားကနေ တစုံတယောက်က ရုတ်တရက် တအား တွန်းချလိုက်တယ်။ သူဟာ လက်ထဲမှာကိုင်ထားတဲ့ပန်းကန် ကျကွဲသွားမှာကို စိုးရိမ်နေတုန်းမှာပဲ ပန်း ကန်ကို ဆွဲလုသွားတာခံရပြီး၊ မီးဖိုပေါ် ပစ်ချလိုက်လို့ “ဂွမ်း” ကနဲ မြည်သံကြားလိုက်ရတယ်။

“ကြည့်စမ်း၊ နင် ဘာကြည့်နေတာလဲ။ တနေ့လုံး သူများရဲ့ စာအုပ်ကျောပိုးအိတ်ကို ငေးနေလို့ ကံကောင်းထောက်မပြီး၊ ကျောင်းတက်လို့ ရမှာတဲ့လား။ ရဦးတော့ နင့်ကို ဘယ်သူက ထမင်းကျွေးထား မှာလဲဟဲ့”

တတိယ ဦးလေးရဲ့ မိခင်ဟာ သူ့ရဲ့ထမင်းပန်းကန်ကို လုယူသွားတယ်။ သူ့နဲ့သူ့မေမေကို တတိယ ဦးလေးကိုယ်တိုင်ကလည်း ဟိန်းဟောက်ပါတော့တယ်။

သူက ဒီလုပ်ရပ်ပေါ်မှာ မေမေကို စိတ်နာမသွားစေချင်ဘူး။ ထမင်းမကျွေးလည်း မစားရုံပေါ့။ သူမငိုပါဘူး။ ဘာမှလည်းမပြောတော့ဘဲ လက်ထဲရှိနေတဲ့ တူတွေကို မီးဖိုပေါ် ပစ်ချလိုက်ပြီး တံခါးအပြင် ကို ခပ်မြန်မြန် ထွက်သွားတယ်။

မေမေနဲ့အတူ တုန်ဆွေမင်ကို အိမ်ပြောင်းသွားတဲ့နှစ်၊ မူလတန်းကျောင်း စာသင်နှစ် စတော့ မယ့်ကာလမှာ ကျောင်းနေဘက်တွေဟာ အိမ်ထောင်ဦးစီးမိဘတွေရဲ့ ရှေ့ဆောင်ခေါ်ယူလာမှုနဲ့ ကျောင်း တံခါးဝမှာ ပျော်ပျော်ပါးပါး စာရင်းသွင်းကြ။ ပညာသင်စရိတ်ပေးသွင်းကြ။ ကျောင်းစာအုပ်တွေ ထုတ်ကြနဲ့ ပေါ့။ အဲဒီမှာ နှစ်ဝက်လောက် စာသင်မယ့် ကျန်းကျူကျွန်းကလေးလည်း ရောက်လာတယ်။ ဒါပေမဲ့ သူကတော့ တကိုယ်တည်း တိတ်တဆိတ်ရောက်လာတာပါ။ အဖေက အလုပ်ပြုတ်သွားပြန်တော့ သူလည်း ကျောင်းဆက်မတက်နိုင်ဘူး။ ကျောင်းနဲ့ခပ်လှမ်းလှမ်းတနေရာကနေ ကျောင်းတံခါးမကြီးထဲ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ကျောင်းနေဘက်တွေကို သူကြည့်နေမိတယ်။ ရင်ထဲကလည်း အဆက် မပြတ် တဒိတ်ဒိတ်ခုန်နေတယ်။ “နင်ဟာ ကျောင်းနေဖို့ အခွင့်အလမ်းမှ ရှိပါဦးတော့မလား”လို့ မိမိ ဘာသာ မေးနေမိတယ်။

မေမေဟာ သူအဝတ်လဲပြီးနေတာကို တွေ့တာနဲ့ အဝတ်ဟောင်းတွေကို စုစပ်ချုပ်ထားတဲ့ ကျောင်းစာအုပ်ထည့်တဲ့ ကျောပိုး အိတ်ကလေးကို သူ့လက်ထဲ ထည့်ပေးလိုက်တယ်။ လေးတွဲ့တွဲ့ရှိလှတဲ့ ကျောပိုးအိတ်ထဲကို စာရွက်တွေ၊ ကလောင်တံတွေ၊ ကျောင်းစာအုပ်တွေနဲ့ မင်သွေးကျောက်ကို ထည့်လိုက်တယ်။ အားလုံးဟာ မေမေညဥ့်နက်သန်းခေါင်တိုင် အဝတ်ချုပ်ရင်း ရလာတဲ့ငွေစလေးတွေနဲ့ ဝယ်ထားတာလေးတွေပါ။

မေမေက မောင်လေးကိုလည်း အဲဒီလို ကျောင်းသုံးစာအုပ်တွေထည့်ဖို့ ကျောပိုးအိတ်လေးတလုံး ပေးပါတယ်။ ကျန်းကျူကျွန်း ဟာ မောင်လေးကိုယ်စား ကျောပိုးအိတ်ကလေးကို ပိုးလိုက်တယ်။ “မေမေ- မေမေအတွက် ကျွန်မတို့ စာကို ဂရုတစိုက် သင်ယူမယ်။ မေမေရဲ့ ဒီစိတ်ဆန္ဒကို အထိခိုက်ခံလို့ မဖြစ်ပါဘူး”လို့ ပြောချင်လိုက်တာ အလွန်ပဲ။ ဒါပေမဲ့ စိတ်နာစရာတွေပဲ ခံစားနေရလို့ ဘာမှ ပြောမ ထွက်ပါဘူး။ မေမေ့ကိုသာ လေးလေးနက်နက် ခေါင်းညိတ်ပြနေမိပါတယ်။ “သွားကြစို့။ မမ ရှေ့ ဆောင်သွားမယ်”လို့ မောင် လေးကို ပြောလိုက်တယ်။

ဘာသာရေးအသင်းအဖွဲ့ မိဘမဲ့ဂေဟာက ထူထောင်ထားတဲ့ ဒီကျောင်းဟာ တနေကုန် ကျောင်း တက်ရတဲ့ မူလတန်းကျောင်းပါ။ ကျောင်းသားကျောင်းသူတွေကို အများပိုင်စရိတ်နဲ့ ပညာသင်တဲ့သူနဲ့ မိမိစရိတ်နဲ့မိမိဘာသာ ပညာသင်ယူတဲ့သူများအဖြစ် ၂ မျိုး ခွဲထားတယ်။ ကျောင်းကို နှိုင်းယှဉ်ခြင်း အားဖြင့် ဂရုတစိုက် ထူထောင်ထားတဲ့ ကျောင်းဖြစ်တာမို့ အတွေ့အကြုံ ကြွယ်ဝတဲ့ကျောင်းဆရာ တချို့ကို ခန့်ထားတယ်။ ကျောင်းတည်ဆောက်ထားမှုကလည်း မဆိုးပါဘူး။ အများဆိုင်ရာစရိတ်နဲ့  ကျောင်းတက် တဲ့ ကျောင်းသားကျောင်းသူတွေဟာ ဘာသာရေးအသင်းရဲ့ စီးပွားရေးအဖွဲ့က ခက်ခဲတဲ့မိသားစုများမှ ကလေးများကို အာမခံပေးပို့လာတာဖြစ်တယ်။ မိမိစရိတ်နဲ့တက်တဲ့ ကျောင်းသူကျောင်းသားတွေထံက ကောက်ယူတဲ့ ပညာသင်စရိတ်ဟာ နှိုင်းယှဉ်ခြင်းအားဖြင့် မြင့်ပါတယ်။ ဒါကလည်း ကျောင်းဖွံ့ဖြိုး တိုး တက်ရေးအတွက် တကယ့်လက်တွေ့အထောက်အကူ အများအပြားကို ရရှိစေတယ်။ ကျောင်းဟာ အဲဒီ တုန်းကတည်းက ဖွံ့ဖြိုးတိုးတက်တဲ့အဆင့် ရောက်နေပါပြီ။ ကျောင်းမှာပညာသင်ယူနေတဲ့ ကျောင်းသား တွေဟာ မနည်းလှရုံမက သူတို့ဟာ မိဘမဲ့တွေ မဟုတ်ကြပါဘူး။

ကျန်းကျူကျွန်းဟာ ကျောင်းစတက်ကတည်းက နေ့တိုင်းအချိန်မှန် အိပ်ရာထ၊ အချိန်မှန် ကျောင်း သွားတယ်။ ဆရာတွေ သင်ခန်းစာမစမီ သူဟာ အမြဲဆိုသလို အချိန်ယူပြီး သင်ခန်းစာတွေကို တခေါက် ကြိုဖတ်လေ့ရှိတယ်။ ဆရာက သင်ခန်းစာတွေ ရှင်းပြတဲ့အခါ ဆရာပြောတဲ့စာလုံးများ ကျကျန်ရစ်မှာ စိုးရိမ်လို့ သူဟာ အာရုံစူးစိုက်နားထောင်လေ့ရှိတယ်။ အိမ်စာလေ့ကျင့်ခန်းတွေ ရှိရင် သူဟာအမြဲတမ်း အချိန်မှန် ပြီးစီးအောင်လုပ်တတ်တယ်။

ဒီကျောင်းမှာ စည်းကမ်းတခု ရှိတယ်။ ဒီစည်းကမ်းကို ကျန်းကျူကျွန်းက အထူးအားရ ကျေနပ် တယ်။ စာသင်ကာလတိုင်း အဆင့်တက်သွားသလား၊ ကျသွားသလား သိနိုင်ရေးအတွက် နှစ်ဝက် ကာလတိုင်းမှာ စာမေးပွဲ ၃ ခါလောက် စစ်ပါတယ်။ စာမေးပွဲ ရမှတ်အထူးကောင်းသူတွေက အတန်းတက်သွားပြီး အထူးညံ့သူတွေကို အတန်းချပစ်ပါတယ်။ အထူးကြိုးစားသူ ကျန်းကျူကျွန်းဟာ စာ မေးပွဲတိုင်းမှာ ရမှတ် အလွန်ကောင်းတယ်။ ဒါကြောင့် သူဟာ ဆက်တိုက် ၃ တန်း ခုံတက်သွားရပါတယ်။ ၃ နှစ်ခွဲအချိန်အတွင်းမှာ သူဟာ စာမေးပွဲတိုင်း ရမှတ် အထူးကောင်းသူဖြစ်လို့ မူလတန်းသင်ရိုးးအားလုံး ဆုံးခန်းတိုင်ခဲ့တယ်။

ဒီလိုနဲ့ သူဟာ မိဘမဲ့ဂေဟာမှာ အတန်းခုန်တက်သူအဖြစ် ထင်ရှားပြီး ပညာရေးဘက်မှာ ရမှတ် ကလည်း တကျောင်းလုံး နံပါတ် ၁ ဖြစ်ခဲ့တယ်။


Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်