စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday49
mod_vvisit_counterYesterday169
mod_vvisit_counterThis week705
mod_vvisit_counterLast week1243
mod_vvisit_counterThis month1430
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51685

Online Guests: 9
Your IP: 38.107.191.87
,
Today: Sep 09, 2010
အစ်မကြီးကျန်း (အခန်း-ငါး)


၁၅။ ဒုတိယ စစ်မျက်နှာ

ဖုန်ရုန်းဝူရဲ့ လက်ထောက်အနေနဲ့ ကျန်းကျူကျွန်းဟာ ပါတီရဲ့ လျှို့ဝှက်ဌာနနဲ့ ဆက်သွယ်ရေးစခန်းရဲ့ လုပ်ငန်းတာဝန် များကို ဦးစားပေးဆောင်ရွက်နေရရုံမက အဲဒီအချိန်မှာ မိမိဟာ အလွန်ဂုဏ်ရောင်ပြောင်တဲ့ အလွန်ကြီးမားခက်ခဲတဲ့ တော်လှန် ရေးလုပ်ငန်း တာဝန်တရပ်ကို ထမ်းဆောင်နေရင်း ရန်သူရဲ့နောက်ပိုင်း ကျယ်ပြန့်တဲ့ဒုတိယ စစ်မျက်နှာမှာ မားမားမတ်မတ် ရပ် တည် နေတာပါလားလို့ လေးလေးနက်နက် ခံစားမိတယ်။

ဒီစစ်မျက်နှာဟာ ဒီလိုကျယ်လည်းကျယ်ပြန့်လှတာမို့ လူကိုလည်း ရင်တွင်းမှာ လှိုင်းတလိမ့်လိမ့်ထနေတဲ့အလား နှလုံးသွေးများ လှိုက်ဆူတက်ကြွလာစေတယ်။

ကျွန်မတို့ပါတီရဲ့ ကြံ့ခိုင်တဲ့ ခေါင်းဆောင်မှုအောက်မှာ တက္ကသိုလ်နဲ့ အထက်တန်းကျောင်းများကို အခြေခံစခန်းများ အဖြစ် ထားကာ အမေရိကန်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခုခံဆန့်ကျင်ရေး၊ ငတ်မွတ်မှု တိုက်ဖျက်ရေး၊ ပြည်တွင်းစစ် ဆန့် ကျင်ရေးလှုပ်ရှားမှုကို ပြည်ချစ်ကျောင်းသားများက ဆင်နွှဲနေမှုတွေကြောင့် ချုံကင်းဟာ အမေရိကန်နဲ့ ချန်ကေရှိတ် ဖောက်ပြန် ရေးသမားတွေက စတင်လိုက်တဲ့ တပြည်လုံးမှာ တောက်လောင်နေတဲ့ပြည်တွင်းစစ်ကြီးရဲ့ နောက်ပိုင်းမှ  ကြီးမြတ်တဲ့ ဒုတိယ စစ်မျက်နှာတရပ်အဖြစ်  ပေါ်ထွက်လာနေတယ်။ ခေတ်တခေတ်ရဲ့ လူငယ်တွေက ရက်စက်ကြမ်းကြုတ်မှုကို မမှုဘဲ တရုတ် ပြည်ရဲ့ ပြည်တွင်းရေးအား အမေရိကန်က ဝင်ရောက်စွက်ဖက်နေမှုကို ဆန့်ကျင်ရေး၊ ပြည်တွင်းစစ်ဆန့်ကျင်ရေး တရားမျှတတဲ့ တိုက်ပွဲ ဆင်နွှဲလိုက်ခြင်းကို ကျယ်ပြန့်တဲ့ ပြည်သူလူထုကြီးကလည်း ထောက်ခံလိုက်တယ်။ ပြည်သူလူထုကြီးက ဒီလိုထောက် ခံလိုက်ခြင်းက အမေရိကန်နဲ့ ချန်ကေရှိတ် ဖောက်ပြန်ရေးသမားများကို ပြင်းထန်စွာ ထိုးနှက်ပစ်လိုက်ခြင်း ဖြစ်ပါတယ်။

ချုံကင်းတက္ကသိုလ်နဲ့ အထက်တန်းကျောင်းအများအပြားမှ ဒီကြီးမြတ်တဲ့ ပြည်ချစ်တက္ကသိုလ်ကျောင်းသားများရဲ့ လှုပ်ရှားမှုအားလုံးအတွင်း ကျန်းကျူးကျွန်းဟာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တယ်။ အမျိုးသမီးဆရာအတတ်သင်သိပ္ပံ၊ ရှီနန် ကောလိပ်၊ ယွိဆိုင် ကျောင်းပါတီကလာပ်စည်းမှ ရဲဘော်များ၊ လှုပ်ရှားမှုအတွင်း ပေါ်လွင်ထင်ရှားလာတဲ့ ရဲဘော်အမြောက် အမြားဟာ သူနဲ့ အလွန်ရင်းနှီး သိကျွမ်းသူတွေ ဖြစ်လာကြတယ်။ သူတို့ကို သူက နားလည်ပါတယ်။ သူရဲ့ ဦးနှောက်ထဲမှာ သူတို့ရဲ့ ငယ်ရွယ်နုပျိုတဲ့၊ သတ္တိရှိတဲ့၊ ကြံ့ခိုင်တဲ့ ရုပ်သွင်တွေ မကြာခဏဆိုသလို ပေါ်လာတတ်ပါတယ်။

ကူမင်း ရှီနန်ဆက်သွယ်ရေးတက္ကသိုလ် ဖျက်သိမ်းလိုက်တော့ “၁၂-၁” ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ဖူးတဲ့ ရဲဘော်တချို့ ချုံကင်းသို့ ပြောင်းရွှေ့လာပြီး၊ လုပ်ငန်းတာဝန်ယူကြတယ်။ သူတို့က ဘယ်လိုမှ မေ့မရနိုင်တဲ့ အောက်မေ့ သ တိရဖွယ် ဖြစ်ရပ်တွေကို သူ့အတွက် ချန်ထားပေးခဲ့တယ်။ လုပ်ငန်းတာဝန်တွေမှာ အထူးတက်ကြွတဲ့၊ ဂရုတစိုက်ရှိကြတဲ့ ယခင် ရှီနန်ဆက်သွယ်ရေးတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ်၊ ကူမင်းကျောင်းသားမဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ‘ချိလျန့်’။ သူရဲ့ ဟန်အမူအရာ အေးဆေးတည်ငြိမ်ပြီး၊ အကွက်စေ့စေ့ အလုပ်လုပ်တတ်တဲ့ လုပ်ဟန်ဟာ လူကိုကြည့်လိုက်တာနဲ့ အထူး တိကျသေချာပြီး၊ ယုံကြည်အားထားလောက်တဲ့ ရဲဘော်ဖြစ်တယ်ဆိုတာ ပေါ်လွင်ပါတယ်။ လုပ်ရဲကိုင်ရဲရှိပြီး ချမ်းသာကြွယ်ဝ ဂုဏ်ရှိန်ကြီးတဲ့ မိသားစုက ဆင်းသက်လာတဲ့ ‘လျိုကော်စစ်’ ဟာ သတ္တိကောင်းပြီး၊ ရဲရင့်ပြတ်သားတယ်။ စည်းကမ်းကို တသွေမတိမ်း လိုက်နာတတ်ပါတယ်။ သူတို့အားလုံးဟာ ကျယ်ကျယ်ပြန့်ပြန့် ပေါင်းသင်းဆက်ဆံတတ်တဲ့ အရည်အချင်း ရှိကြတယ်။ သူတို့အားလုံးဟာ ဆက်သွယ်ရေးတက္ကသိုလ် အမှတ် ၂ ကလာပ်စည်းက ရဲဘော်တွေ ဖြစ်ကြတယ်။ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံတတ်တဲ့ အရည်အချင်းဟာ တကယ်တော့ ဆက်သွယ်ရေးတက္ကသိုလ်မှာ၊ တော်လှန်ရေး ဒီရေနိမ့် ကာလ က၊ ပတ်ဝန်းကျင် ဆိုးဝါးလှတဲ့ အချိန်မှာ သံခဲတင်ပေါ်ထွက်လာခဲ့တာပါပဲ။ ကူမင်းနေစဉ်က ချိလျန့်ဟာ မိတ်ဆွေ အပေါင်း အသင်း အထူးများပြားလှတယ်။ မိမိကိုယ်တိုင်က ကျောင်းစာမှာ လေ့လာမှုကောင်းရုံမက ကျောင်းနေဘက် ကျောင်းသူ ကျောင်းသားများအတွက် အကျိုးဆောင်ရေးမှာ အထူးတက်ကြွမှုတွေကြောင့် မိတ်ဆွေပေါများရခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းက ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်အောင် တက်နေပါတယ်။ ကျောင်းသားတွေရဲ့ အစားအသောက်ဟာလည်း အထူးညံ့ဖျင်းလှ တယ်။ ချိလျန့်ဟာ ဘာကိုမှ မတွက်၊ ကျောင်းနေဘက် သူငယ်ချင်းတွေအတွက် စားရေးသောက်ရေးအဖွဲ့လေးကို ထူထောင် လိုက်တယ်။ သူ့ရဲ့ နေထိုင်စားသောက်ရေး အဖွဲ့ဟာ လုပ်တာကိုင်တာ ကောင်းလှတာကြောင့် ကျောင်းသားတွေက သူ့ကို မဲ ပုံသြပေးလိုက်ကြပြီး ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးလိုက်တယ်။ ချုံကင်းရောက်တော့ ချိလျန့်ဟာ ရှင်ဟွာနေ့စဉ် သတင်း စာရဲ့ သတင်းထောက်ဖြစ်လာတယ်။ သူ့ရဲ့ လုပ်ငန်းတာဝန်ဟာ ကျယ်ဝန်းလာပေမယ့် သူဟာ ကျောင်းသားတွေရဲ့ ပြည်ချစ် လှုပ်ရှားမှုကို ပိုမိုတက်ကြွစွာ အာရုံစိုက် ထောက်ခံပါတယ်။

လျိုကော်စစ်ဟာ ချုံကင်းမှာ ဇိချွမ်းပြည်နယ် ဘဏ်ဝန်ထမ်းအဖြစ် လူ့အဖွဲ့အစည်းအတွင်း ဗြောင် အတိအလင်း လုပ်ကိုင်နေသူပါ။ ဒီဘဏ်နဲ့ သူရဲ့ ချမ်းသာကြွယ်ဝ ဂုဏ်ရှိန်ကြီးတဲ့ မိသားစုကြီးနဲ့ အထူးဆက်စပ်မှုတွေ ရှိနေတာကြောင့် သူ ဟာ ဒီဘဏ်အတွင်းမှာ အခန်း ၃- ၄ ခန်းကို မိမိဘာသာ စီမံခန့်ခွဲပိုင်ခွင့် ရှိနေသူပါ။ လက်တွေ့အရ သူဟာ ဒီအခန်းတွေ အားလုံးကို ပါတီရုံးဌာနအဖြစ် သုံးထားတာပါ။ သူ့ရဲ့ ဒီလို ထူးခြားတဲ့ ဂုဏ်သိက္ခာတွေက သူလျှို့ဝှက်ရေး လုပ်ငန်းတာဝန်တွေ လုပ်ကိုင်နေတာကို ဖုံးကွယ်ရေးအတွက် အလွန်အကျိုးရှိပါတယ်။ ဒါပေမဲ့ ငယ်ရွယ်နုနယ်သူ ရဲဘော်တချို့ကတော့ မကြာခဏ နားမလည် ဖြစ်ကြတယ်။ လျိုကော်စစ်ဟာ ချုံကင်း တက္ကသိုလ်နဲ့ ဆက်သွယ်ရေးတာဝန်ကို တာဝန်ခံ ဆောင်ရွက်နေသူ လည်းဖြစ်တယ်။ ချုံကင်းတက္ကသိုလ်က ငယ်ရွယ်နုပျို၊ ရဲရင့်ပြတ်သားတဲ့ အမျိုးသမီးရဲဘော် ‘ဆိန်းစစ်ရှာ’ဟာ လျိုကော်စစ် ရဲ့အိမ်က လျိုကော်စစ်အား အမေရိကန်သို့ ပညာတော်သင်အဖြစ်သွားရေး ၃- ၄ ကြိမ်စီစဉ်ပေးပေမယ့် သူဟာ ပြည်တွင်းမှာ နေပြီး တိုက်ပွဲဝင်လိုတာကြောင့် မိသားစုက စီစဉ်ပေးမှုတွေကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ် ဆိုတာကို သိထားသူ ဖြစ်တယ်။ လျိုကော်စစ်ဟာ ပါတီနဲ့ တော်လှန်ရေးအကျိုးကို အရာအားလုံးရဲ့ ထိပ်မှာ ထားသူဖြစ်တယ်ဆိုတာ ခံစားမိသူ ဖြစ်တယ်။ တချိန်တည်းမှာလည်း လျိုကော်စစ်ဟာ လျိုမိသားစုရဲ့ ‘သခင်လေး’ဖြစ်တယ်ဆိုတာကို ခံစားမိသူဖြစ်တယ်။ တရက်မှာ လုပ်ငန်းဆက်စပ်မှုကြောင့် ရဲဘော်ဆိန်းစစ်ရှာဟာ တခြားအမျိုးသမီးရဲဘော်တဦးနဲ့အတူ မြို့ထဲလာပြီး လျိုကော်စစ်ကို ရှာ ကြတယ်။ လုပ်ငန်းတာဝန် ဆွေးနွေးပြီးတော့ ထမင်းစားချိန် လွန်နေပြီမို့ လျိုကော်စစ်နဲ့ ဆိန်းစစ်ရှာတို့ အတူသွားပြီး ထမင်းစား ကြတယ်။ စားပြီးနောက် ဆိန်းစစ်ရှာဟာ လျိုမိသားစုရဲ့ သခင်လေးက ငွေချေမှာကို မလိုလားဘဲ တင်းတင်းမာမာ ဖြစ်ကာ သူတို့ဘာသာ အဲဒီ ထမင်းတနပ်အတွက် ငွေချေလိုက်ပါတယ်။ ဒါကြောင့် သူတို့ပါသမျှငွေ ပြောင်သွားတော့တယ်။ ကျောင်း ပြန်ဖို့ ကားခ တပြားမှ မရှိတော့တာကြောင့် သူတို့ ဆားဖျင်ပကို ခြေကျင်လျှောက် ပြန်သွားရတယ်ဆိုတာ ကိစ္စတွေ ပြီးသွား ပြီးမှ လျိုကော်စစ် သိသွားရှာတယ်။

လျိုကော်စစ်ဟာ ဆိန်းစစ်ရှာနဲ့ ထိတွေ့ဆက်ဆံရတာများလာတော့  သူ့အပေါ်ကို ထူးထူးကဲကဲ ချစ်ခြင်းမေတ္တာ သံယောဇဉ် နှောင်ကြိုးတွေ ရစ်ပတ်လာမိတယ်။ လျိုကော်စစ်ဟာ ချုံကင်းတက္ကသိုလ် အမျိုးသမီးဘော်ဒါဆောင်မှာ သူတို့ နှစ်ယောက် လုပ်ငန်းတာဝန်ကိစ္စတွေ ဆွေးနွေးပြီးနောက် မိမိရဲ့ နှလုံးသားပြဿနာကို ဆိန်းစစ်ရှာအား ရိုးရိုးသားသား ရင်ဖွင့်လိုက်မိတယ်။ ထင်မှတ်မထားဘဲ အပြောခံလိုက်ရတော့ ဆိန်းစစ်ရှာဟာ အတင်းပြေးထွက်သွားပြီး အခန်းတံခါးကို ပိတ်ပစ်လိုက်တယ်။ လျိုကော်စစ်ဟာ အပြင်ကနေ အခန်းတံခါးကို ခေါက်ပေမယ့် ဆိန်းစစ်ရှာက ဂရုမစိုက်ပါဘူး။ လျိုကော် စစ်ဟာ စိတ်လောလာပြီး “စစ်ရှာ လုပ်ငန်းကိစ္စ ရှိသေးတယ်”လို့ ပြောလိုက်မိတယ်။ ဆိန်းစစ်ရှာဟာ အဲဒီတော့မှ တံခါးကို ဖွင့်ပါတယ်။ “အလုပ်ကိစ္စရှိရင်ပြော၊ ခါတိုင်းရက်တွေလိုပဲ ကျွန်မ ရှင့်ကို ကား ဂိတ်လိုက်ပို့ဖို့ လိုသေးလို့လား”လို့ ပြောပါတယ်။

ကျန်းကျူကျွန်းက သူတို့အပေါ် နက်နက်နဲနဲ နားလည်ပါတယ်။ သူတို့နဲ့ ထိတွေ့ဆက်ဆံရမှုအတွင်းမှ ကျန်းကျူ ကျွန်းဟာ ချုံကင်း ရှီနန်ကောလိပ်တက်ရောက်ပြီး အမေရိကန်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအတွင်း အလွန်ရဲရင့် ပြတ်သားမှု တို့ကို ဖော်ပြခဲ့တဲ့ ကျောင်းနေဘက် တဦးကို အကြောင်းအားလျော်စွာ စဉ်းစားနေမိတယ်။ ဒါနဲ့ သူက ရှီနန်ကောလိပ်က“ ‘လော်ကွမ်းပင်း’ လည်း ယွင်နန်က ပြောင်းလာတာ၊ ရှင် သူ့ကို သိသလား”လို့ မချုပ်တည်းနိုင်တော့ဘဲ လျိုကော်စစ်ကို မေးကြည့်မိလိုက်တယ်။

“ဘယ်နဲ့ မသိဘဲ နေပါ့မလဲ”။ “ဆက်သွယ်ရေးတက္ကသိုလ်ရဲ့ လက်အောက်ခံ အထက်တန်းကျောင်းကလေ။ လှုပ်ရှား မှုကာလတုန်းက လက်အောက်ခံ အထက်တန်းကျောင်းက ကျော်ကြားတဲ့ ကျောင်းသပိတ်ကော်မတီ အကြီးအမှူးပဲ။ ဒါ့အပြင် မြေအောက်ပါတီရဲ့ အပြင်စည်းအဖွဲ့အစည်းတခုဖြစ်တဲ့ ပြည်သူ့လူငယ်အဖွဲ့ရဲ့ အကြီးအမှူးလည်း ဖြစ်တယ်လေလို့ ချိလျန့်ပြော တာ မကြားဖူးဘူးလား”

ကျန်းကျူကျွန်းက ခေါင်းရမ်းရင်း က “ကျွန်မက ရှင့်ကိုပဲ မေးနေတာလေ”လို့ ဖြေလိုက်တယ်။

“ကျွန်တော် ပြောရမှာလား။ ရှောက်လော်ဟာ ရဲဘော်ကောင်းပဲ”။ “သူဟာ ပသေရာဇ် ဗျူရိုကရက် အိမ်ထောင်စုကို သစ္စာဖောက်ပြီး တော်လှန်ရေးတပ်ဦးထဲကို ဝင်ရောက်လာသူဖြစ်တယ်။ တော်လှန်ရေးစိတ်ဓာတ်လည်း အလွန် ပြင်းထန်သူပါ။ ‘၁၂-၁’လှုပ်ရှားမှု အစမှအဆုံး အလွန်ကောင်းတဲ့ လူထုလှုံ့ဆော်မှုတွေ၊ စည်းရုံးရေးစွမ်းရည်တွေကို ဖော်ပြခဲ့တယ်။ သူဟာ ပုံတိုပါဒ်စတွေကိုလည်း ပြောဆိုတတ်ပါတယ်။ လူထုကြီးနဲ့ စည်းလုံးညီညွတ်တဲ့ အရည်အချင်း ရှိပါတယ်။ ကျောင်းသင်တန်း များအတွင်း သင်ခန်းစာများကို အပူတပြင်း လေ့လာတတ်သူပါ။ သူဟာ ကျောင်းနေဘက် အမျိုးသားအမျိုးသမီး သူငယ်ချင်း တွေကို ဖိတ်ခေါ်ပြီး မြို့ဆင်ခြေဖုံးကို သွားရောက်လည်ပတ်၊ တောင်တက်၊ လှေလှော်၊ စာဖတ်စတဲ့ လှုပ်ရှားမှုတွေကို လုပ် တတ်ပါတယ်။ အဲလို သွားတဲ့အခါတိုင်း ကျောင်းနေဘက်တွေကိုယ်စား သူပဲ ဖျော်ရည်၊ ရိက္ခခြောက်လို စားစရာတွေကို တက်တက်ကြွကြွ ပြင်ဆင်ခဲ့တယ်။ သူဟာ ဆက်သွယ်ရေးတက္ကသိုလ် လက်အောက်ခံ အထက်တန်းကျောင်းမှာ တိုးတက် တဲ့မိတ်ဆွေ အမြောက်အမြားနဲ့ ပေါင်းသင်းဆက်ဆံခဲ့ဖူးတယ်။ ‘၁၂-၁’ လှုပ်ရှားမှု အောင်ပွဲခံ အဆုံးသတ်သွားပြီးနောက် ကျွန်တော့်အိမ်က မိသားစုဝင်တွေက ကျွန်တော် တော်လှန်ရေးထဲ ခြေစုံပစ်ပါဝင်သွားမှာ စိုးရိမ်စိတ်နဲ့ စာအစောင်စောင်၊ ကြေးနန်းအဖုံဖုံ ပို့လာပါတယ်။ အမေရိကန်ကို ပညာတော်သင်အဖြစ် သွားဖို့ ပြင်ဆင်ထာကြောင်းလည်း ပြောကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ ပါတီအဖွဲ့အစည်းရဲ့ ညွှန်ကြားချက်အရ ကူမင်းက ဆုတ်ခွာခဲ့ ရတယ်။ ယွင်နန်ပြည်နယ် လုလန် ခရိုင် အထက်တန်းကျောင်းကို သွားရပါတယ်။ အဲဒါဟာ အလွန်ဝေးလံ ချောင်ကျတဲ့ ခရိုင်မြို့လေးတမြို့ ဖြစ်ပါတယ်။ အဲဒီ ကျောင်းမှာ ဆရာလည်း ကျွန်တော်၊ ကျောင်းတက်ကျောင်းဆင်း ခေါင်းလောင်းထိုးလည်း ကျွန်တော်ပါပဲ။ ရှောက် လော်လည်း အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အရ ယွင်နန်ပြည်နယ် ကျင့်ဆွေခရိုင်၊ ကျင့်မင်အထက်တန်းကျောင်းကို သွားရပါတယ်”လို့ လျို ကော်စစ်က ပြောပြပါတယ်။

“ရှောက်လော်ရဲ့ အိမ်က သူ့ကို ဇိချွမ်းပြန်လာဖို့ စာရေးမခေါ်ဘူးလား”

“သူ့အိမ်ကလည်း စာရေးပြီး ဇိချွမ်းပြန်လာဖို့ ခေါ်တာပေါ့။ ဒါပေမဲ့ သူက ကြံ့ခိုင်ပြတ်သားစွာ ပါတီဆုံးဖြတ်ချက်အ တိုင်း ဝေးလံချောင်ကျလှတဲ့ ကျင့်မင်အထက်တန်းကျောင်းကို သွားပါတယ်”

“သြော်....သူ အဲဒီကို တကယ်သွားသလား”

“သူ အဲဒီ အထက်တန်းကျောင်းမှာ လုပ်ကိုင်ဆောင်ရွက်ပုံ မဆိုးဘူးလို့တောင် ပြောသံကြားဖူးတာပဲ။ ရှောက်လော် ဟာ အဲဒီမှာ ပြင်းထန်တဲ့ စမ်းသပ်စစ်ဆေးမှုကို ခံရတယ်လို့လည်း ပြောသံကြားမိသေးတယ်။ သူဟာ ရှီနန်ဆက်သွယ်ရေး တက္ကသိုလ်လက်အောက်ခံ အထက်တန်းကျောင်းမှာ ၂ နှစ်ပညာဆည်းပူးခဲ့သူပဲ။ တိုက်ပွဲထဲပါဝင်နေခဲ့ရမှုကြောင့် သူတို့ အတန်းဟာ ဓာတုဗေဒသင်ခန်းစာတွေ မသင်ခဲ့ရဖူးဘူး။ မမျှော်လင့်ပဲ ကျင့်မင်အထက်တန်းကျောင်းမှာ ဓာတုဗေဒဆရာ တယောက်ရှိနေခဲ့တယ်။ သူဟာလည်း ရဲဘော်တဦး ဖြစ်နေတယ်။ ပါတီရဲ့ ဆုံးဖြတ်ချက်အရ အဲဒီရဲဘော်ဟာ ကျင့်မင် အထက်တန်းကျောင်းက ချက်ချင်းဆုတ်ခွာရန် လိုအပ်နေပါတယ်။ ရှောက်လော်သွားတော့ အဖွဲ့အစည်းက သူဟာ ဓာတု ဗေဒသင်ရိုးညွှန်းတန်းတွေကို တာဝန်ခံသင်ပေးနိုင်လိမ့်မယ်လို့ မျှော့်လင့်ထားတယ်။ အဖွဲ့အစည်းက သူ့ကို အခြေအနေမှန် အတိုင်းလည်း ပြောဆိုရှင်းပြတယ်။ ရှောက်လော်ဟာ တွန့်ဆုတ်မနေဘဲ ချက်ချင်းပဲ ဒီသင်ရိုးကို တာဝန်ယူလိုက်တယ်။ သူဟာ် ဓာတုဗေဒ ပြဋ္ဌာန်းစာအုပ်ကို ညလုံးပေါက် လေ့လာဖတ်ရှုပါတယ်။ ဓာတ်ခွဲခန်းထဲမှာ လက်တွေ့စမ်းသပ်မှုများကိုလည်း လေ့လာလုပ်ဆောင်ပါတယ်။ နေ့ခင်း ကျောင်းတက်ပြီဆိုရင် ပြဋ္ဌာန်းစာအုပ်ကို ယူမလာတော့ပါဘူး။ သူညက ဖတ်ရှု နားလည်သိရှိထားတဲ့ သင်ခန်းစာကို ကျောင်းသားတွေကို ရှင်းလင်းသင်ပြပေးပါတယ်။ လက်တွေ့စမ်းသပ်မှုတွေကိုလည်း တဦးပြီးတဦး သင်ကြားပေးပါတယ်။ ဒီလိုနဲ့ အားလုံးအဆင်ချောခဲ့တယ်။ သူ့ကို ကျောင်းသားတွေက အကောင်းဆုံး ဓာတုဗေဒ ဆရာအဖြစ် အသိအမှတ် ပြုခဲ့ကြရုံမက ကျင့်မင့်အထက်တန်းကျောင်းမှာ သူဟာ ပြည်သူ့လူငယ်အဖွဲ့ဝင် ရဲဘော် အမြောက် အမြားကိုလည်း မွေးမြူလေ့ကျင့်ခဲ့သူလည်း ဖြစ်တယ်”တဲ့။

“ချိလျန့်ကတော့ ပြောဖူးတယ်”“သူ ချုံကင်းကို ဆုတ်ခွာလာတာဟာလည်း အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အရတဲ့။ ချင်တူးက အဲဒီအိမ်ကိုလည်း ပြန်သွားချင်စိတ် မရှိဘူး။ ချုံကင်းသာ ပြန်လာချင်တာလို့ ပြောသံ ကြားဖူးတယ်။ သူ့မိဘတွေဟာ ချင်တူးက အဲဒီအိမ်မှာ နေကြတယ်။ သူကတော့ ပြန်မသွားချင်ဘူး။ ဒါပေမဲ့ သူ့ရဲ့အစ်ကို ကူမင်တန် တပ်ဖွဲ့စု သေနာပတိ လုပ် နေသူ လော်ကွမ်းဝင်လည်း ချင်တူးမှာ နေတယ်ဆိုတာကိုတော့ သူမသိပါဘူး။ လော်ကွမ်းဝင်ဟာ ချုံကင်းမှာ အိမ်တလုံး ရှိနေတယ် မဟုတ်လား”လို့ ကျန်းကျူကျွန်း က ကြားဖြတ် ပြောလိုက်တယ်။

“ကျွန်တော် ချုံကင်းမှာ ရှောက်လော်နဲ့ ဆုံဖူးတယ်။ ချုံကင်းမှာ လော်ကွမ်းဝင်ရဲ့ အိမ်တလုံး ရှိနေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သူမသိဘဲ နေပါ့မလဲ။ လော်ကွမ်းဝင်ဟာ သူ့မရီးကို ရှောက်လော်အား သူ့ရဲ့ အိမ်တော်ကို ခေါ်လာပေးဖို့ အကြောင်းကြားဖူးတယ်။ သူ မသွားပါဘူး။ သူ အမြဲပဲ အကြောင်းရှာ ကွေ့ရှောင်နေခဲ့တယ်။ သူ ရှီနန်ကောလိပ်က ထွက်သွား ပြီး ဖန်ရှီး၊ ကျင့်မင် အထက်တန်းကျောင်းတို့မှာ စာသွားပြနေခဲ့တယ်။ အခုထိ သူ့ မရီး သူ့ကို ရှာမတွေ့သေးဘူး ထင်တယ်”

“ ရှင်ပြောတာ ဟုတ်ပါတယ်။ ရှောက်လော်ဟာ တကယ့် ရဲဘော်ကောင်းပါ”“ကော်စစ် သူ့ရဲ့စိတ်နေသဘောထားတွေ တော်တော်များများဟာ ရှင်နဲ့ သိပ်တူနေသလားဆိုတာ ရှင်မခံစားမိဘူးလား”လို့ ကျန်းကျူကျွန်းက ရယ်ရယ်မောမောနဲ့ ပြောလိုက်ပါတယ်။

“ဟုတ်တယ်။ သိပ်တူတာပဲ”

“ဒါပေမဲ့ ရှောက်လော်ရဲ့ သူ့အိမ်နဲ့ ပတ်သက်တဲ့ ဒီသဘောထား ဒီနည်းနာဟာ နည်းနည်း လွန်နေတာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ခံစားမိတယ်။ သူ့ရဲ့ ဒီပဒေသရာဇ် ဗျူရိုကရက် မိသားစုကို ကျောခိုင်းတာတော့ လုပ်သင့်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေး တိုက်ပွဲ အောင်ပွဲခံဖို့ လိုအပ်မှုအတွက် သူ့ရဲ့ ဒီထူးခြားတဲ့ လူ့အဖွဲ့အစည်းဆက်စပ်မှုကို အသုံးချလို့ ရနိုင်တယ် မဟုတ်လား။ ရှင်လည်း ရှင့်ရဲ့ မျိုးရိုးမိသားစု ဆက်စပ်မှုကို အသုံးချပြီး ဇိချွမ်းပြည်နယ်ဘဏ်မှာ သုတေသနအခန်းကို ဖန်တီဲးပြီး ပါတီအတွက် တော်လှန်ရေးအတွက် ဖြစ်နိုင်တဲ့  အကျိုးဆောင်မှုများကို ပိုမိုအကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်သွား နိုင်ခဲ့တယ် မဟုတ်လား”

“ခင်ဗျားရဲ့ ဒီထင်မြင်ချက်များကို ကျွန်တော် သဘောတူပါတယ်။ ကျွန်တော် သူ့ကို ဖျောင်းဖျ ပြောဆိုကြည့်မလားလို့ စဉ်းစားကြည့်ခဲ့ဖူးပါတယ်။ သူ့အစ်ကို လော်ကွမ်းဝင်ရဲ့ အဲဒီအိမ်တော်ကို ရှောက်လော် ပြန်သွားလို့ ဖြစ်နိုင်သေးတယ်”

“ကောင်းပြီ။ ဒီကိစ္စကို ရှင့်ပဲ ခိုင်းလိုက်တော့မယ်”“စစ်ရှာလည်း အခုတလော စိတ်ဓာတ်ရေးရာအရ သိပ်မဆိုးဘူး။ သူရှင့်ကို ထပ်မံမောင်းထုတ်တော့မှာ မဟုတ်ပါဘူး”လို့ကျန်းကျူကျွန်းဟာ လျိုကော်စစ်ကို စူးစိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်ပါတယ်။

“ကျန်းကျယ် ပြောပြန်ပြီလား”“ကျန်းကျယ်လည်း အားလုံး နားလည်ပြီပဲ။ အမြဲတမ်း သူ့ကို ကာကွယ်နေဖို့တော့ မသင့် တော့ပါဘူး”လို့ လျိုကော်စစ် ရယ်ရယ်မောမောနဲ့ ပြောလိုက်ပါတယ်။

၁၆။ ရှေ့ကို တဟုန်ထိုးချီတက်ကြ (ထင်ကျင့် ပေါက်) ဂျာနယ်

ကလေးရဲ့ “မေမေ၊ မေမေ...”ဆိုတဲ့ ချိုလွင်လှတဲ့ ခေါ်နေသံကို ကြားလိုက်တာနဲ့ ကျန်းကျူကျွန်းဟာ အသံကို နားစွန့်ရင်းနဲ့ ထွက်လာပါတယ်။ ဒါဟာ တခြားကလေးရဲ့ အသံမဟုတ်ပါဘူး။ သူ့သားလေး ‘ယွင့်အယ်’ရဲ့ အသံပဲပေါ့။ သူဟာ “မေမေ”“ဖေဖေ”လို့ ခေါ်တတ်စမို့ ခေါ်နေတာပါ။ မနက်အိပ်ရာ ထလာရင် ဒီလိုခေါ်ရတာကို ကျေနပ်နေပြီး တစာစာ ခေါ်နေ တော့တာပါပဲ။

မိမိက သူ့ကို ပြန်မထူးရင်တော့ ယွင့်အယ်ဟာ တွားသွားလာပြီး အသံကုန်အော်တော့တာပါပဲ။

မနေ့ညက အိပ်ရာထတာ သိပ်နောက်ကျပါတယ်။ ဒါကြောင့် အိပ်ရာက မထနိုင်ပါဘူး။ ဒါပေမဲ့ ဒီနေ့ လုပ်စရာတွေ အများကြီး ရှိလို့ လုပ်ဖို့စဉ်းစားနေတာ ယွင့်အယ်ရဲ့ ခေါ်သံကြားလိုက်တာနဲ့ နောက်ဆုံးတော့ အိပ်ရာက ထလာရတော့တယ်။

ယွင့်အယ်ဟာ မေမေ့ကို တွေ့လိုက်တာနဲ့ တွားသွားလာပြီး ကျန်းကျူကျွန်းရဲ့ ရင်ခွင်မှာ ကနွဲ့ကယ မှီနေရှာတယ်။ ကျန်းကျူကျွန်းဟာ ယွင့်အယ်လေးကို နို့တိုက်ပြီး ကလေးထိန်းကို ပေးလိုက်တယ်။ ပြီးတော့ အပြင်ထွက်ဖို့ ပြင် လိုက်တယ်။

ညည အိပ်ရာဝင်တာလည်း သိပ်ညဥ့်နက်ပါတယ်။ မနက်ပြန်ထ၊ စောစော ပြန်ထွက်သွားနဲ့ ဆက်တိုက် ညပေါင်း များစွာ ဒီလို လုပ်နေရပေမယ့် ကျန်းကျူးကျွန်းဟာ နည်းနည်းမှ မောပန်းလှတယ်ရယ်လို့ မခံစားမိပါဘူး။ မကုန်ခန်းနိုင်တဲ့ စွမ်းအားတွေ ရှိနေသလိုပါပဲ။ ဖုန်ရုန်းဟူဟာ ချွမ်းးတုန် ကျေးလက်လက်နက်ကိုင်ပုန်ကန်မှုကို ခေါင်းဆောင်ဖို့ ထွက်ခွာသွား ပါပြီ။ လောက်ဖုန် ချုံကင်းက မထွက်မီ သူ ဦးစီးရှေ့ဆောင် လုပ်နေတဲ့ လုပ်ငန်းအချို့ကို ကျန်းကျူကျွန်းအား လွှဲပေးထားခဲ့ပါ တယ်။ သူ သွားရောက် ဆက်သွယ်လုပ်ဆောင်ရမယ့် အလုပ်တွေဟာ များပြားလာလို့ မနက်စောစောထ ညမိုးချုပ်အထိ လုပ်ဖို့ လိုလာတော့တယ်။

လျူ-တိန့် (လျူပိုချိန်-တိန့်ရှောက်ဖင် ဦးဆောင်တဲ့) တပ်မတော်ကြီးဟာ  တာပြဲ့တောင် (တာပြဲ့စန်) သို့ မိုင်ပေါင်း ထောင်ချီပြီး တဟုန်ထိုးချီတက်ကာ ရန်သူများကို တိုက်ခိုက်ချေမှုန်းလိုက်ပြီးနောက် တရုတ်တပြည်လုံး လွတ်မြောက်ရေး စစ်ပွဲဟာ အလှည့်အပြောင်းသစ် တရပ်သို့ ဖြစ်ထွန်းတိုးတက်သွားတော့တယ်၊။ အမေရိကန်-ချန်ကေရှိတ် ဖောက်ပြန်ရေး ဂိုဏ်းဟာ တပ်ဖွဲ့ကြီးတွေကို စုစည်း ပြောင်းရွှေ့ပြီး ပြည်သူ့လွတ်မြောက်ရေးဒေသကို ထပ်ခါထပ်ခါ စထင်ထိုးစစ်ဆင်လာမှု မလုပ်နိုင်တော့ပါဘူး။ အခုအခါ တော်လှန်ရေးနဲ့ တန်ပြန်တော်လှန်ရေးတို့ရဲ့ တိုက်ခိုက်မှုတွေဟာ ကူမင်တန် အုပ်စိုးရာ ဒေသတွေမှာ ဖြစ်နေပါပြီ။ လျူ-တိန့်တပ်ဖွဲ့ကြီးရဲ့ တာပြဲ့စန်သို့ တဟုန်ထိုးချီတက် တိုက်ခိုက်မှုကို ပေါင်းစပ်ပေးရေးအတွက် ချွမ်းတုန်မြေအောက်ပါတီ ယာယီကော်မတီဟာ ချုံကင်းမှ ရဲဘော်အမြောက်အမြားကို ထုတ်ယူပြီး ကျေးလက်ဆင်းကာ ချွမ်းတုန် ကျေးလက်ဒေသလက်နက်ကိုင်ပုန်ကန်မှုကို သွားရောက်ကူညီရေးကို ဆုံးဖြတ်လိုက်ပါတယ်။ ဖုန်ရုန်းဟူနဲ့ ကျန်း ကျူကျွန်းတို့ နှစ်ယောက်လုံးက လိုက်ပါတိုက်ပွဲဝင်ရေးကို တောင်းဆိုကြတယ်။ ပါတီအဖွဲ့အစည်းက လောက်ဖုန်ရဲ့ ကျေးလက် ဆင်းတိုက်ပွဲဝင်ရေး တောင်းဆိုချက်ကို ခွင့်ပြုခဲ့တယ်။ ကျန်းကျူကျွန်းကိုတော့ ချုံကင်းမှာ ဆက်လက်နေထိုင်ပြီး အလုပ်လုပ် ခိုင်းခဲ့တယ်။ ကျန်းကျူကျွန်းဟာ လောက်ဖုန်ကို လိုက်ပို့ခဲ့ပြီးနောက် မိမိဟာ လောက်ဖုန်ထားခဲ့တဲ့ လုပ်ငန်းတာဝန်အားလုံးကို ဆက်လက် ထမ်းဆောင်သွားသင့်တယ်လို့ စိတ်ထဲမှာ တောက်လျှောက်ခံစားနေမိတယ်။

လောက်ဖုန်ချန်ထားခဲ့တဲ့ လုပ်ငန်းတာဝန်တွေအနက် အချို့လုပ်ငန်းတွေဟာ သူကျွမ်းဝင်တဲ့ လုပ်ငန်းတွေဖြစ်တယ်။ ဒါပေမဲ့ တချို့လုပ်ငန်းတွေဟာ သူတိုက်ရိုက်လက်ခံပြီးနောက်မှာမှ အခိုင်အမာ အခြေအနေနဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ရဲဘော်တွေကို ပိုရင်းနှီး ကျွမ်းဝင်လာခဲ့တာပါ။ မြေအောက် မြို့နယ်ပါတီကော်မတီရဲ့အာဘော် ‘တဟုန်ထိုး ချီတက်ကြ (ထင် ကျင့်ပေါက်) ဂျာနယ်’ လုပ်ငန်းကို လောက်ဖုန် ကျေးလက်မဆင်းမီက ကျန်းကျူကျွန်းဟာ တဆင့်ခံသာ ထိတွေ့ခဲ့ရတာပါ။ လောက်ဖုန် ကျေးလက်ကို ဆင်းသွားပြီးနောက်တော့ အဲဒီလုပ်ငန်းကို သူကိုယ်တိုင် ထိတွေ့ရပြီး ပိုနားလည်ခွင့်ရ လိုက် ပါတယ်။

ကိုယ်ခန္တာ ကြံ့ခိုင်၊ ကိုယ်အားနဲ့ဉာဏ်စွမ်းအား သန်မာပြည့်ဖြိုးနေတဲ့ ‘ချိန်ရန့်’ဟာ ဒီဂျာနယ်ကို ကိုယ်တိုင် ဖ ရောင်းစက္ကူရေး၊ ကိုယ်တိုင် ပုံနှိပ်နေတဲ့ အဓိက အင်အားပါပဲ။ ပုံနှိပ်ထုတ်ဝေတဲ့အခါတိုင်း ဖရောင်းစက္ကူပေါ်မှာ စာတလုံးချင်း တလုံးပြီးတလုံး ဂရုတစိုက် ရေးကာ စာကူးစက်ဖြင့် ပုံနှိပ်ထားတဲ့ ဂျာနယ်တရွက်ပြီးတရွက် ထွက်လာတဲ့အထိ သူဟာ ၃-၄ ရက် နေ့ရောညပါ ဆက်တိုက် အလုပ် လုပ်လေ့ရှိပါတယ်။ တင်းကျပ်တဲ့ လျှို့ဝှက်ရေးရဲ့ လိုအပ်မှုအရ ချိန်ရန့်ဟာ ဂျာ နယ်ပုံနှိပ်ရာနေရာကို သူ့အိမ် ကျဉ်းကျဉ်းလေးရဲ့ စတိုခန်းလေးမှာ စီစဉ်ထားပါတယ်။ စာကူးစက်မှ တကျွိကျွိမြည်သံ ထွက် မလာစေရေးအတွက် စာကူးစက်ကို တကြိမ်ပြီးတကြိမ် တိုးတက်ကောင်းမွန်လာအောင် သူ ပြုပြင်ထားပါတယ်။ ဖရောင်းစက္ကူ ပိုများများ ပုံနှိပ်နိုင်ရေးအတွက် ပိုမိုရှင်းလင်းရေးအတွက် သူဟာ ဖရောင်းစက္ကူရေးတဲ့ အတတ်ပညာကို အကြိမ်များစွာ စမ်းသပ်မှုတွေ၊ သုတေသနပြုမှုတွေ လုပ်ခဲ့ပါတယ်။ နေ့ခင်းမှာ သူဟာ သူအလုပ် လုပ်နေတဲ့ အဲဒီစက်ရုံရဲ့ တာဝန်ခံပါ။ ညဘက်မှာတော့ သူရဲ့ စတိုခန်းကျဉ်းကျဉ်းလေးထဲ ဝင်သွားပြီး လက်မောင်းစွပ် (လက်ကောက်ဝတ် မှ တတောင်ဆစ် သို့မဟုတ် တတောင်ဆစ်အထက်ထိ မိမိဝတ်ထားတဲ့ အင်္ကျီလက်ကို အညစ်အကြေးများ မပေရန်နဲ့ လက်ကို စွပ်ရတဲ့ အရာ) ကို စွပ်လိုက်တယ်၊။ သူဟာ အကျွမ်းကျင်ဆုံး ပုံနှိပ်အလုပ်သမားအဖြစ် ရောက်သွားတယ်။ နေ့စဉ်လောက်နီးနီး ဒီအတိုင်း လုပ်ခဲ့ ပါတယ်၊။ တောင်ပေါ်မြို့ ချုံကင်းဟာ “မီးဖို”လို့ အမည်ကျော်ကြားတဲ့ မြို့ပါ။ ချိန်ရန့်ရဲ့ အဲဒီ စတိုခန်းကျဉ်းကျဉ်းလေးရဲ့ အပူချိန် ဘယ်လောက်မြင့်မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ပူအိုက်လှတဲ့ နွေရာသီမှာမို့ စတိုခန်းလေးဟာ မီးဖိုအတွင်းမှ မီးဖိုလို့ပဲ ပြောရတော့မလိုပါပဲ။ ဒါပေမဲ့ အခန်းကျဉ်းလေးထဲ သူဝင်သွားလိုက်တဲ့ အခါတိုင်း ပုံနှိပ်လုပ်ငန်းကို စလိုက်ပြီးနောက် အလုပ်မပြီးမခြင်း ချိန်ရန့်ဟာ ဘယ်တော့ မှ လုပ်ငန်းတဝက်တပျက်နဲ့ ပြန်ထွက်လာလေ့ မရှိပါဘူး။

ချိန်ရန့်ရဲ့ မိခင်ဟာ အလွန်ကောင်းတဲ့ မိခင်တဦးပါ။ သူဟာ သူ့သားကို တိတ်တခိုး စောင့်ရှောက်နေလေ့ရှိပါတယ်။ ချိန်ရန့် စတိုခန်းထဲ အလုပ်လုပ်နေတဲ့ အချိန်မှာ သူက သူ့သားအတွက် ကင်းစောင့် အကာအကွယ်ပေးလေ့ ရှိပါတယ်။ ချိန်ရန့်ရဲ့ အစ်ကိုကတော့ စောစွာကတည်းက လွတ်မြောက်ဒေသသို့ ထွက်သွားခဲ့ပါပြီ။ ချိန်ရန့်ဟာ သူ့အစ်ကိုက သူ့ကို မျှော် လင့်တကြီးနဲ့ စူးစိုက် ကြည့်နေ တယ်လို့ပဲ အမြဲခံစားနေလေ့ရှိတယ်။ ချိန်ရန့်မှာ အလွန်ကောင်းတဲ့ နှမလေးတယောက်လည်း ရှိသေးတယ်။ သူကလည်း မေမေလိုပါပဲ။ ချိန်ရန့်ကို ဂရုစိုက် ကာကွယ်ပေးလေ့ရှိပါတယ်။

ထင်ကျင့်ပေါက်ဂျာနယ်ရဲ့ အဓိက အကြောင်းအရာတွေကတော့ ရှင်ဟွာသတင်းစာတိုက်က ကြေးနန်းသတင်းတွေ ကို ထည့်သွင်း ဖော်ပြထားတာပါ။ ရှင်ဟွာသတင်းစာတိုက်က ကြေးနန်းသတင်းတွေကို ရွေးချယ်ရေးဟာ အလွန်အသေးစိတ် ကျရတဲ့ လုပ်ငန်းတရပ် ဖြစ်ပါတယ်။ နည်းနည်းလေးမှ မှားယွင်းအတိမ်းအစောင်းခံလို့ မဖြစ်ပါဘူး။ နေ့တိုင်းမပြတ်မလတ် ဆောင်ရွက်နေရတဲ့ လုပ်ငန်း တရပ်ပါပဲ။ ဒီလို ကျော်ဇောမှုမရှိ၊ တိတ်တိတ်ဆိတ်ဆိတ် လုပ်ရတဲ့ လုပ်ငန်းတာဝန်ကို လျို ကော်စစ်၊ ချိန်စန်မော့စသူတွေလည်း လုပ်ခဲ့ဖူးကြတယ်။

ဂျာနယ် ပုံနှိပ်ပြီးလို့ ထွက်လာခဲ့ပါပြီ။ ဒီလို မြေအောက်ဂျာနယ်ကို တမြို့လုံးရှိ တိုးတက်တဲ့ ပြည်သူလူထုတွေလက်ထဲ့ လုံလုံခြံခြုံ ဘယ်လို ဖြန့်ဝေမလဲ။ ဒါဟာ သိပ်ကို အရေးကြီးပြီး အလွန်အန္တရာယ်ကြီးတဲ့ လုပ်ငန်းတာဝန်ပါ။  ထောက်လှမ်း ရေးတွေ ဝိုင်းဝိုင်းလည်နေပြီး၊ အထပ်ထပ် တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာတွေကို ထိုးဖောက်ကာ တကြိမ်နဲ့တကြိမ် မတူတဲ့နည်းနာတွေကို အဆက်မပြတ်စဉ်းစားရှာဖွေ ပြောင်းလဲကျင့်သုံးပြီး တိုက်ပွဲအများအပြားကို ဖြတ်ကာ ထင်ကျင်းပေါက် ကို ရိုက်နှိပ်ပြီးတိုင်း ဖြန့်ဝေနိုင်ခဲ့ပါတယ်။ ဒါဟာ တယောက်ကောင်း နှစ်ယောက်ကောင်းလောက်နဲ့ ဘယ်လိုမှ ပြီးသွား နိုင်တာမျိုးမဟုတ်ဘဲ ရဲဘော်အမြောက်အမြား ပူးပေါင်းဆောင်ရွက်မှ ပြီးမြောက်နိုင်တဲ့အလုပ်မျိုးပါ။

‘ကျန်းယိဝေ’‘ချိန်ရှီတို့ဇနီးမောင်နှံ’ဟာလည်း ထင်ကျင်းပေါက်ရဲ့ နောက်ထပ် အဓိကအင်အားစုတွေလို့ ပြောရပါမယ်။ အေးအေးဆေးဆေး စဉ်းစားတတ်တဲ့ ကျန်းယိဝေနဲ့ ချိန်ရန့်စတဲ့ ရဲဘော်တွေဟာ လျှို့ဝှက်စွာ နားလည်မှုယူထားပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ကြ တာပါ။

အလုပ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တွယ်ကပ်လုပ်နေတတ်တဲ့ ကျန်းယိဝေအိမ်မှာ သူ့ကို တိတ်တခိုး စောင့်ရှောက် ပေးနေတဲ့ သက်ကြီးဝါကြီးတဦးလည်း ရှိပါသေးတယ်။ အဲဒါကတော့ ချိန်ရှီရဲ့ မိခင်ပါပဲ။ သူတို့ လုပ်ကိုင်နေတဲ့အလုပ်ဟာ အန္တရာယ်ရှိတယ်ဆိုတာ သိထားတာကြောင့် ချိန်ရှီရဲ့မိခင်ဟာ ကျန်းယိဝေကို ချိန်ရှီထက် ပိုမိုဂရုစိုက်ပေးပါတယ်။ တော်လှန် ရေးလုပ်ငန်းတွေကို ပိုမို ကောင်းမွန်စွာ သူတို့တတွေ လုပ်ကိုင်နိုင်စေရန် သူဟာ မြေးမကလေးကို ထိန်းသိမ်းစောင့် ရှောက်ပေးပြီး အိမ်လုပ်ငန်းအားလုံးကိုလည်း ဒိုင်ခံလုပ်ပေး ပါတယ်။ ကျန်းကျူကျွန်း ကျန်းယိဝေအိမ်ကို ရောက်လာတော့ လည်း ဒီလိုဂရုစိုက်တဲ့ သံယောဇဉ် မေတ္တာစေတနာတွေဟာ တဆင့်တက်ပြီး ကျန်းကျူးကျွန်းထံကို စီးဝင်သွားပြန်တယ်။ ကျန်းကျူကျွန်းကို ကလေးဘယ်လောက်ကြီးနေပြီလဲ မေးရင်းနဲ့ “အလုပ်တွေများနေလို့ ကလေးကို မကြည့်နိုင်ဘူးဆိုရင် ဒီကို လာပို့ထားပါလား။ တယောက်ထိန်းလည်း ဒီအလုပ်ပဲ။ နောက်ထပ်တယောက်တိုးထိန်းရလို့လည်း ဘာမှ မထူးပါဘူး။ ထူးမပင်ပန်းပါဘူး”လို့ အူလှိုက်သည်းလှိုက် ပြောလိုက်ပါတယ်။

တရက်မှာ ကျန်းကျူကျွန်းဟာ ကျန်းယိဝေအိမ်ကို သွားတော့  ယွင့်အယ်ကို တပါတည်း ပိုးသွားပါတယ်။ ကျန်း ကျူကျွန်း၊ ကျန်းယိဝေ၊ ချိန်ရှီတိုနဲ့ လုပ်ငန်းကိစ္စများကို ဆွေးနွေးပြောဆိုနေတုန်း ယွင့်အယ်ဟာ ကျန်းယိဝေရဲ့ကလေး ကစား နေတာကို တွေ့လိုက်တာနဲ့တခါတည်း အတူကစားပါတော့တယ်။ ယွင့်အယ်ဟာ ပျော်နေပြီး မနားတမ်းရယ်မော နေတော့ တယ်။ သူဟာ သွားတတ်၊ စကား ပြောတတ်နေပါပြီ။ ကစားဖော်ကို တောင့်တရှာဖွေတတ်တဲ့ အချိန်ကိုတောင် ရောက်နေ ပါပြီ။

ချိန်ရှီက ရယ်ရယ်မောမောနဲ့ “အစ်မကြီးကျန်း တနေ့လုံး ဒီလောက် အလုပ်များနေတာ၊ ယွင့်အယ်ကို ကျွန်တော်တို့ အိမ်မှာ ထားလိုက်ပါလား”လို့ ပြောဆိုဆွေးနွေးပါတယ်။

ချိန်ရှီရဲ့အမေကလည်း စကားဖြတ်ပြီး “ကျန်းကျယ် ကြည့်စမ်း၊ တို့ မိသားစု ၂ စုက ကလေးတွေ တကယ့်ကို သင့်မြတ်လိုက် တာနော်။ ဘယ်အချိန်ပို့ချင်သလဲ၊ လာပို့ပါ။ ကြိုဆိုပါတယ်။ ယွင့်အယ်ဟာ တကယ်ကို လိမ်မာပါတယ်။ ကျွန်မ ထိန်းပေးချင်ပါတယ်”လို့ ပြောပါတယ်။

ကျန်းကျူကျွန်းကတော့ တုံနိဘာဝေ နှုတ်ဆိတ်လျက်၊။ ဒါပေမဲ့ စိတ်ကတော့ လှုပ်ရှားနေတယ်။ “တကယ်လို့ ကျွန်မ ချွမ်းတုန် ဆင်းပြီး ကျေးလက်တိုက်ပွဲကိုသာ ပါဝင်ခွင့်ရရင်တော့ ယွင့်အယ်ကို ဒီမှာ ပို့ထားလိုက်မှာပေါ့။ ဒါဟာ အလွန် ကောင်းတဲ့ အစီအစဉ်ပဲ မဟုတ်လား”လို့ ကိုယ့်ဘာသာကိုယ် စိတ်ထဲကနေ အလိုလို ပြောနေမိတယ်။

၁၇။ ဆက်သား

တော်လှန်ရေးအခြေအနေ အကြီးအကျယ် ဖြစ်ထွန်းတိုးတက်လာတာနဲ့အမျှ ကျန်းကျူကျွန်းရဲ့ လုပ်ငန်းတာဝန်ဟာ လည်း ပြောင်းလဲမှုအသစ်တွေ ရှိလာတယ်။ သူဟာ ချုံကင်း ကျောင်းသားလှုပ်ရှားမှုနဲ့ ထင်ကျင်းပေါက် ဂျာနယ်ထုတ်ဝေရေး လုပ်ငန်းတွေမှာ ပါဝင်စရာ မလိုတော့ပါဘူး။ အခု သူ့ကို ပါတီအဖွဲ့အစည်းက ဇိချွမ်းပြည်နယ် မြေအောက်ပါတီကော်မတီနဲ့ ချွမ်းတုန်ဒေသ မြေအောက် ပါတီကော်မတီအကြား ဆက်သားတာဝန်ကို ပေးလိုက်ပါတယ်။

ကျန်းကျူကျွန်းဟာ သူယခင်က ချုံကင်းမှာ တာဝန်ယူခဲ့တဲ့ ဆက်သွယ်ရေးလုပ်ငန်းတာဝန်ကို စောစွာကတည်းက သူ့လုပ်ငန်း ကို လွှဲယူဆက်ခံမယ့် ရဲဘော်အား ဆက်သွယ်လွှဲပြောင်းပေးခဲ့တယ်။

ဖုန်ရုန်းဝူဟာ ယခုအခါ မြေအောက်ပါတီကော်မတီရဲ့ ရှချွမ်းတုန်ဒေသပါတီကော်မတီ ဒုတိယအတွင်းရေးမှူး တာ ဝန်ကို ထမ်းဆောင်ရင်း ရှချွမ်းတုန်တဝိုက် ကျေးလက်လက်နက်ကိုင် ပုန်ကန်မှုများကို ဦးဆောင်နေပါတယ်။ ကျန်းကျူကျွန်း ဟာ လောက်ဖုန်နဲ့အတူ ရှချွမ်းတုန်သို့ သွားပြီး ပထမဆုံးအကြိမ်ဆက်သွယ်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ဖူးပါတယ်။ သူဟာ လူသူအရောက်ပေါက် နည်းလှပြီး ချောင်ကျလှတဲ့ ရှချွမ်းတုန်က တောင်ပေါ်ကျေးရွာ အများအပြားသို့ ရောက်ဖူး ပါတယ်။ သူဟာ ယွင်ယန်၊ ဖိန်းကျယ်၊ ဝူစန်၊ ဝူရှီးစတဲ့ မိုးထိတောင်တန်းများကို ငေးစိုက်ကြည့်ရင်း ဇိချွမ်းပြည်နယ်၊ ရှမ်းဆီးပြည်နယ်၊ ဟူပေပြည်နယ် - ပြည်နယ် ၃ ခု ဆုံရာ နေရာမှ တောင်မြင့်ကြီးတွေ၊ လျှိုမြှောင်တွေဟာ ပြည်သူတွေ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးတဲ့ ကျယ်ပြောတဲ့ နယ်မြေမို့ “ဒါဟာ တကယ့်ကို ပြောက်ကျားစစ်ပွဲ ဆင်နွှဲလို့ ကောင်းတဲ့ စစ်မြေပြင်၊ ဒါဟာ တကယ်ပဲ ဖောက်ပြန်ရေး တပ်တွေကို မြေမြှုပ်သင်္ဂြိုဟ်လို့ ကောင်းတဲ့နေရာပါလား”လို့ အလိုလို စိတ်လှုပ်ရှားတက်ကြွစွာ မိမိဘာသာ ပြောနေမိတယ်။

ကျန်းကျူကျွန်း အထူး မေ့လို့မရတာကတော့ ဒီကျယ်ပြောလှတဲ့ နယ်မြေကြီးပေါ်မှာ ကျွန်မတို့ပါတီက စေလွှတ် လိုက်တဲ့ ထူးချွန်တဲ့ ရဲဘော်အမြောက်အမြားဟာ ဒီနေရာကို စောစွာကတည်းက ရောက်ရှိနေကြတယ်ဆိုတဲ့ အချက်ပါပဲ။ သူတို့တတွေအထဲမှာ ၁၉၃၅ ခုနှစ်လောက်က ယွင်ယန်မှာ လက်နက်ကိုင်ပုန်ကန်မှုကို ဦးဆောင်ခဲ့တဲ့ ရဲဘော်ဟောင်းတွေ ရှိသလို ချုံကင်းစတဲ့နေရာတွေက ဒီ နေရာကို ရောက်လာတဲ့ ရဲဘော်တွေက ပိုများပါတယ်။ လောလောဆယ်ဆယ် ဒီနေရာကို ရောက်နေတဲ့ ရဲဘော်အများစုဟာ စောစွာကတည်းက ဒီဒေသလူထုနဲ့ လက်ပွန်းတတီး အကျွမ်းတဝင် ရှိနေကြပြီး၊ ဒီဒေသမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသူတွေ ဖြစ်ကြတယ်။ သူတို့အနက် မနည်းလှတဲ့ ရဲဘော်တွေဟာ တက္ကသိုလ် ကျောင်း သားတွေဖြစ်ပြီး ချုံကင်းမှာ ကျန်းကျူကျွန်း မြင်တွေ့ဖူးနေသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန် ဒီနေရာမှာ သူတို့ကို တွေ့ ရမြင်ရတဲ့အချိန်မှာတော့ သူတို့ကို မသိဘူး၊ မမြင်ဘူးသူတွေလိုလို အထိ ဖြစ်သွားရတော့တယ်။ ဘာကြောင့်လဲ။ တကယ် တော့ သူတို့က မြို့တွေပေါ်မှာတုန်းက ဝတ်စားဆင်ယင်ခဲ့တဲ့ အဝတ်အစားတွေကို ချွတ်ပစ်လိုက်ကြရုံမက လယ်သမား အဝတ်အစားများကို ဝတ်စားဆင်ယင်ထားကြလို့ပါပဲ။ ဒါအပြင် သူတို့ရဲ့စိတ်ဓာတ်၊ ပြုမူလုပ်ရှားဆောင်ရွက်ချက်တွေဟာ တခြားလူတွေအဖြစ် ပြောင်းလဲသွားသလိုလိုကြောင့်ပါပဲ။ သူတို့ဟာ မြို့မှာတုန်းက မညှပ်ဘဲ ချန်ထားခဲ့တဲ့ ဆံပင်ပုံစံမျိုးတွေ မရှိတော့ဘဲ အားလုံး လယ်သမားတွေလိုပဲ ခေါင်းတုန်းတွေ ဖြစ်ကုန်ပါတယ်။ သူတို့ဟာ နေ့ရောညပါ လယ်သမားများနဲ့ အတူ နေ၊ အတူစား၊ အတူ လုပ်ကိုင်ကြပါတယ်။ အသားအရေတွေလည်း နေလောင်ထားလို့ လယ်သမားတွေလို အသားမည်း လာကြတယ်။ ဖိနပ်မပါ ခြေပလာဖြစ်နေကြပြီး လက်တွေ ခြေတွေမှာလည်း တကယ့်လယ်သမားစစ်စစ်တွေလို အသားမာတွေ တက်နေကြပါပြီ။ ထမ်းကြပိုးကြတော့လည်း လယ်သမားတွေနဲ့ ညီနောင်တွေလိုပါပဲ။ ကျင်း (တရုတ်ပိဿာချိန်) တရာနီးပါးကို ထမ်းပိုးရင်း မြင့်မား မတ်စောက်လှတဲ့ တောင်တွေကြားမှာ အေးအေးဆေးဆေး သွားလာလှုပ်ရှားနေလိုက်ကြတာ ဘာမှမပါ သလို ပေါ့ပါးဖျတ်လတ်နေပါတယ်။

ယွင်ယန်မှာ ကျန်းကျူကျွန်းဟာ တပ်ဖွဲတဖွဲ့ရဲ့ နိုင်ငံရေးမှူး ရဲဘော်‘လီရူဝေ့’ကို တွေ့ခဲ့တယ်။ သူဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပြင်းထန်တဲ့ အဆုပ်တီဘီ ရောဂါစွဲကပ်ခံစားနေရသူဖြစ်ပြီး ဘဏ်လုပ်ငန်းမှာ ချောင်ချောင်လည်လည် ပြည့်ပြည့်စုံစုံရှိခဲ့တဲ့ နေထိုင်မှု အကြောင်းအချက်တွေကို စွန့်လွှတ်ကာ ပါတီရဲ့လှုံ့ဆော်ချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ သူဖြစ်တယ်။ အထူသဖြင့် သူလေးစားချစ်ခင် လှတဲ့ သူ့မိခင်ကို ခွဲခွာပြီး ဒီဆင်းရဲလှတဲ့ တောင်ပေါ်ကျေးလက်သို့ လာရောက် အခြေချခဲ့တယ်။ ပုန်ကန်တော်လှန်ရေးတပ်ဖွဲ့တဖွဲကို ခေါင်းဆောင်ကာ စိတ်ဓာတ်ရေးရာအရ တက်ကြွနေပြီး တိုက်ပွဲဝင်ဖို့ ခရီးထွက်ချီတက်တော့မယ့် သူ့ကိုတွေ့လိုက်ရတော့ ကျန်းကျူကျွန်းဟာ အလွန့်ကို လှိုက်လှဲတက်ကြွလာပြီး “ရဲဘော်တို့ဟာ သိပ်တော်ကြတာပဲ။ ကျွန်မ ဆတက်ထမ်းပိုးတိုးပြီး ရဲဘော်တို့ကို လေ့ လာသွားပါမယ်”လို့ ပြောလိုက်ပါတယ်။

ဖုန်းကျယ်-ချင်းလျန့်ဒိုင်နယ်မှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပါတီရဲ့ လှုံ့ဆော်ချက်အတိုင်း ကျေးလက်ကိုဆင်း အခြေစိုက်ခဲ့တဲ့ ချင်းလျန့် အလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမ‘ဟိုတဲ့မင်’ကို တွေ့ခဲ့တယ်။ သူဟာ အဲဒီကျောင်းမှာ ကျင်းပတဲ့ ပုန်ကန်မှုအတွက် ပြင်ဆင်ရေးလုပ်ငန်း အစည်းအဝေးမှာ ပါဝင်ခဲ့သူပါ။ တော်လှန်ပုန်ကန်ထကြွမှုမှာ ပါဝင်လိုတဲ့ စိတ်ဓာတ်ထက်သန်တက်ကြွတဲ့ ပုန်ကန် သူတွေအကြား သူ ရောက်လာတဲ့အခါ ဇိချွမ်းပြည်နယ်ကြီးက တော်လှန်ပုန်ကန်တဲ့ သေနတ်သံတွေ သိမ့်သိမ့်တုန်အောင် ကြားလိုက်ရ သလို သူခံစားမိခဲ့တယ်။

လက်နက်ကိုင်ပုန်ကန်ထကြွရေး ဆုံးဖြတ်ချက်ကို ကျယ်ပြောတဲ့ ပြည်သူလူထုကြီးကို ပေးအပ်လိုက်တာကြောင့် အကြီးအကျယ် အားတက်စေပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ကျန်းကျူကျွန်းကတော့ လောက်ဖုန်ရဲ့ နှုတ်ကရော တော် လှန်ပုန်ကန်မှုကို ခေါင်းဆောင်တဲ့ ရဲဘော်များအတွင်းကပါ အလွန်အလွန် ကျယ်လောင်တဲ့ အသံတွေ ကြားထားပါတယ်။ ပါတီအထက်အဖွဲ့အစည်းက ရဲဘော် အများအပြားကို  ရှချွမ်းတုန်ကို ဆင်းသွားပြီး အခြေချအမြစ်တွယ်ကြဖို့ စေလွှတ်ခဲ့ပေ မယ့် ကျယ်ပြောလှတဲ့ ဒေသတခုလုံးနဲ့ နှိုင်းယှဉ်လိုက်ရင် လူအရေအတွက်က သိပ်နည်းနေပါတယ်။ တော်လှန်ပုန်ကန်ပြီး နောက် ပေါ်ထွက်လာမယ့် ရှုပ်ထွေးလှတဲ့အခြေအနေ အမျိုးမျိုးနဲ့ လိုက်လျောညီထွေရှိနိုင်ဖို့ကတော့ အလှမ်းကွာလွန်းလှ တယ်လို့ ပြောဆိုနေတဲ့အသံတွေပေါ်နေခြင်းပါပဲ။ တူညီတဲ့အမြင်ကတော့ ကျန်းကျူကျွန်း မြန်နိုင်သမျှ မြန်မြန် ချုံကင်းကို ပြန်သွားပြီးနောက် ချွမ်းတုန်ယာယီမြေအောက်ပါတီကော်မတီကို ရောင်ပြန်ဟပ်ပေးရေးကို မျှော်လင့်နေခြင်းပါပဲ။ ယာယီကော် မတီကလည်း ပညာတတ်ကေဒါအမြောက်အမြားကို မြန်နိုင်သမျှမြန်မြန် စေလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့် ထားကြပါတယ်။

“အစ်မကြီးကျန်း ချုံကင်းပြန်ရောက်လို့ နောက်တကြိမ် ပြန်လာခဲ့ရင် ရေဒီယိုတလုံးလောက်တော့ ယူလာနိုင်မလား လို့ မျှော်လင့်မိပါတယ်”လို့ ဝါဒဖြန့်ချိရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ ရဲဘော် ‘ဝူဆစ်ကျင့်’က တောင်းဆိုတင်ပြ လိုက်ပါတယ်။ “ရေဒီယိုလောက်ပဲလား”“တကယ်လို့ ပြောက်ကျားစစ်နဲ့ ပတ်သက်တဲ့စာအုပ်တွေ ရှိနေရင် ... ”“ နည်းနာ ရှာကြံပြီး မုချလည်း ယူဆောင် လာ ....”“ ....

ဒီလိုနဲ့ ကျန်းကျူကျွန်းဟာ ပထမအကြိမ် ရှချွမ်းတုန်ကို သွားတဲ့ ဆက်သားတာဝန် ပြီးမြောက်အောင်မြင်ခဲ့ပြီး ချုံကင်းကို ပြန် ရောက်ခဲ့တယ်။

သူဟာ ချွမ်းတုန်ယာယီကော်မတီကို အစီရင်ခံခဲ့ပါတယ်။ နောက်တကြီမ် ရှချွမ်းတုန်ကို ဆက်သားအဖြစ် သွားရေး အတွက် တစီတတန်းကြီးသော ပြင်ဆင်မှုများကို လုပ်ဆောင်ပါတယ်။ ကျေးလက် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲလိုက်တာနဲ့ တပြိုင်နက် ဆေးဝါးအသုံးအဆောင်တွေဟာ မလုံမလောက်ချို့တဲ့နေလို့ လုံးဝမဖြစ်ပါဘူး။ အမြဲသုံးနေရတဲ့ အပေါ်ယံဒဏ်ရာ သုံးဆေးဝါး၊ ပလပ်စတာ၊ ပတ်တီးလိုမျိုးပစ္စည်းတွေသာမက အအေးမိခြင်း၊ ဝမ်းလျှောခြင်းနဲ့ ကူးစက်ရောဂါစတာတွေကို ကုသတဲ့ဆေးဝါးမျိုးတွေလည်း အနည်းအကျဉ်း ပြင်ဆင်သွားသင့်တယ်။

သူချုံကင်းက ထွက်ခွာသွားပြီးဆိုတာနဲ့ တော်လှန်ပုန်ကန်တဲ့စစ်မီးတောက်လောက်နိုင်တဲ့ ဒေသကို ရှေ့ရှူချီတက်ရ တာပါပဲ။ သူဟာ ကျန်းယိဝေရဲ့ အိမ်ကို အထူးတလည်သွားပြီး သူတို့တအိမ်လုံးနဲ့ သူတို့ထံမှာ အပ်နှံထားတဲ့ ယွင့်အယ်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကျန်းကျူကျွန်းဟာ တောင်ပေါ်မြို့ကလေး ချုံကင်းနှုတ်ဆက်ပြီး သင်္ဘောပေါ်ကို တက်လိုက် တယ်။ “တူ---တူ---”သင်္ဘော ဥသြအချက်ပေးသံဟာ တောင်တွေလျှိုတွေကို ပဲ့တင်ရိုက်ခတ် ထွက်ပေါ်လာတယ်။ သင်္ဘော ဟာ လှိုင်းလုံးကြီးတွေတလိပ်လိပ်ထနေတဲ့ ယန်စီမြစ်အတွင်း  ရှချွမ်းတုန်ကို နောက်တချီ ဆက်သားအဖြစ် အလောတကြီး သွားမယ့် ကျန်းကျူကျွန်းကို တင်ဆောင်ပြီး အရှေ့ဆီကို ထွက်လာပါတယ်။

ကျန်းကျူကျွန်းရဲ့ ခရီးဆောင်အိတ်အတွင်း ရဲဘော်တွေ အလောတကြီးလိုအပ်နေတဲ့ ပစ္စည်းအားလုံးကို လျှို့ဝှက် ထည့်ယူလာတယ်။ စစ်ဆေးလာရင် အဆင်ပြေစေဖို့ လိုအပ်တဲ့လက်မှတ်အားလုံးကို ကိုယ်နဲ့မကွာ ယူဆောင်ထားတယ်။

အတွင်းခံအင်္ကျီထဲမှာတော့ လောက်ဖုန်လိုအပ်တဲ့ ဆေးဝါးများနဲ့ ယွင့်အယ် တီတီတာတာ စကားသင်နေပုံနဲ့ ပေါ့ပါး ဖျတ်လတ်စွာ လမ်းလျှောက်သင်နေတဲ့ ဓာတ်ပုံတို့ကို ထည့်ယူလာပါတယ်။

ယွင်ယန်၊ ဖိန်းကျယ်တဝိုက်ကို ကျန်းကျူကျွန်း ရောက်ဖူးလို့ အလွန်အကျွမ်းတဝင်ရှိပါတယ်။ သူဟာ ခရီးဆောင် အိတ်ကို ယုံကြည်စိတ်ချရတဲ့နေရာ ရှာပြီး ထားလိုက်တယ်။ ပြီးတော့မှ အခြေအနေတွေကို နားလည်ယူပါတယ်။

ရှချွမ်းတုန်က လက်နက်ကိုင်ပုံကန်မှုဟာ သူဖိန်းကျယ်၊ ချင်းလျန့်က ထွက်ခွာပြီး ချုံကင်းကို ပြန်ရောက်လာပြီး နောက်မှ ယွင်ယန်၊ ဝူရှီးတို့မှာ  သေနတ်သံ တပြိုင်တည်း ထွက်ခဲ့တာပါ။ ပုန်ကန်တဲ့တပ်ဖွဲ့တွေဟာ ချင်းလျန့်ဒိုင်နယ်မှာ ဆုံ ဆည်းခဲ့ကြပြီး လိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပြုတ်ပြုတ်ပြုန်းပြုန်းအောင် ချေမှုန်းသုတ်သင်ပစ်လိုက်တယ်။ ရန်သူ့တပ်ဖွဲ့ မှူးကို အရှင်လတ်လတ် သုံ့ပန်းအဖြစ် ဖမ်းမိခဲ့လို့ အရှိန်အဟုန် အကြီးအကျယ် ရိုက်ခတ်ခဲ့ပြီး ဂုဏ်သတင်းကလည်း အဝေး ကြီးထိ ပျံ့နှံ့သွားခဲ့ပါတယ်။

ကျန်းကျူးကျွန်းဟာ လမ်းသွားလမ်းလာတွေအကြားမှာ ရှချွမ်းတုန်က သေနတ်သံကသာ လူထုကြီးတရပ်လုံးကို မပြတ်တမ်း စိတ်အားတက်ကြွလာစေနိုင်ပြီး ပုန်ကန်ရေးတပ်ဖွဲ့တွေရဲ့ တုနှိုင်းမရတဲ့ သူရသတ္တိနဲ့ပြည့်စုံတဲ့ ဖြစ်ရပ်များကိုသာ ဝါဒဖြန့်ပြောဆိုနေကြတဲ့ သတင်းစကားများကို ကြားလိုက်ရတယ်။

စစ်ဆေးရေးဂိတ်က ရန်သူရဲ့ စစ်ဆေးမှုဟာ အလွန့်အလွန် တင်းကျပ်သွားပါတယ်။ ကျန်းကျူးကျွန်းကတော့ လက် နက်ကိုင်ပုန်ကန်တိုက်ပွဲဝင်မှုများကြောင့် အပြောင်းအလဲတွေ ဖြစ်သွားတယ်လို့ပဲ ခံစားမိတယ်။ ဒါပေမဲ့ တချိန်တည်းမှာ သူဟာ မသေချာ မရေ ရာတဲ့ ကြိုတင်ခံစားမှုတမျိုးလည်း ဗြုန်းစားကြီး ခံစားလိုက်ရတယ်။

ရှေ့မှာကတော့ ဖိန်းကျယ်ခရိုင်၊ ခရိုင်မြို့။ ကျောက်ပြားတွေ ခင်းထားတဲ့ လမ်းကြောင်းတခုပေါ် သွားနေရင်းက မတ် စောက်ပြီး မညီညာတဲ့ လမ်းပိုင်းတခုကို တက်လိုက်တာနဲ့ ခရိုင်မြို့ရဲ့ မြို့ရိုးးတန်ဆောင်းကို ရောက်သွားတယ်။ မြို့ရိုးတံခါးကို မြို့ရိုးတန်ဆောင်းမှာ လုပ်ထားတယ်။

မိုးအုံ့ပြီး တစိမ့်စိမ့်ရွာနေတာမို့ မိုးကောင်းကင်ကြီးဟာ အုံ့မှိုင်းပြာရီနေတယ်။ ထီးဖွင့်ဆောင်းထားပြီး ရွှံ့တွေဗွက်တွေ ထဲ သွားနေရတယ်။ ကျန်းကျူကျွန်းဟာ တလှမ်းခြင်းလှမ်းနေရင်းက မြို့ရိုးနဲ့ နီးလာတယ်။

မြင့်မားလှတဲ့ မြို့ရိုးတန်ဆောင်းနဲ့ နီးသထက် နီးလာပါပြီ။ မျက်လုံးပင့်ကြည့်လိုက်တော့ မြို့ရိုးတံခါးဝမှာ တခုခုကို လူအုပ်ကြီးကိ ဝိုင်းအုံကြည့်နေတာကို မြင်တွေ့လိုက်ရတယ်။

သွားရင်းသွားရင်း မြို့ရိုးနဲ့ နီးသထက် နီးလာတော့မှ သူ ဗြုန်းခနဲ လှမ်းကြည့်လိုက်မိတယ်။ မြို့ရိုးထိပ်မှာ သစ်သား တောင်းတလုံး ချိတ်ဆွဲထားတယ်။ သစ်သားတောင်းထဲမှာ သွေးအလိမ်းလိမ်းနဲ့ လူခေါင်းပြတ်တွေ ထည့်ထားတယ်။ တော်လှန်ရေးသမားတွေဟာ ရန်သူရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံလိုက်ရပြီး ဒီရက်စက်ကြမ်းကြုတ်တဲ့ရန်သူက သူတို့ရဲ့ ခေါင်းတွေကို ဖြတ်ယူလာခဲ့တာပဲလို့ စိတ်ထဲမှာ တွေးနေမိတယ်။ ဒါတွေအားလုံးကို သူဇွတ်မှိတ်ပြီး မျက်မြင် ဒိဋ္ဌဖြစ်အောင် ကြည့်မထားလို့ မဖြစ်ပါဘူး။ ဒါနဲ့ ဘေးတဖက်နားကနေ လျှောက်သွားဖို့ စဉ်းစားလိုက်တယ်။ ဒါပေမဲ့ ဘေးတဖက်နားကနေ လျှောက်ဖို့ ခြေလှမ်း လှမ်းလိုက်တာနဲ့ ထမ်မံတွေးမိပြန်တယ်။ ဒါ ဘယ်လိုဖြစ်ကုန်တာပါလိမ့်။ ဘယ်သူတွေ ကျဆုံးကုန်တာလဲ။ သူတို့ရဲ့အမည်တွေ၊ ဘယ်ဒေသမှာ ကျဆုံးခဲ့တာလဲဆိုတာ သိထားသင့်တာပေါ့။ သူဟာ အလိုလို ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ဖြစ်သွားကာ မြို့ရိုးတံခါးဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်တယ်။

တောင်းထဲထည့်ထားတဲ့ လူခေါင်းပြတ်တွေဟာ ပုပ်ပွနေပြီမို့ ဘယ်သူဘယ်ဝါရယ်လို့တောင် ခွဲခြားလို့ မဖြစ်နိုင် တော့ပါဘူး။

တိုးတိုးသက်သာ သက်ပြင်းချနေကြတဲ့ ဝိုင်းအုံကြည့်နေတဲ့ လူအုပ်ကြီးရဲ့ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ် ကြည့်ရင်း မျက်လုံးပင့်ကြည့်လိုက်တော့မှ မြို့ရိုးတံခါးမှာ ကြော်ငြာစာရွက်ကြီးတရွက် ကပ်ထားတာကို ရုတ်တရက် တွေ့လိုက် မိတယ်။

ကြော်ငြာစာရွက်ကြီးပေါ်မှာ အမည်စာရင်း တသီတတန်းကြီးကို အနီရောင်နဲ့ ခပ်ကြမ်းကြမ်း ရေးထားတယ်။ သူတ ချက်ကြည့်လိုက်တာနဲ့ အဲဒီစာကြောင်းတွေထဲမှာ သူ့နှလုံးသားကို ဒိတ်ခနဲဖြစ်သွားစေတဲ့ စာကို ဗြုန်းခနဲ တွေ့လိုက်ရတယ်။ ဓားပြထိပ်သီး ဖုန်ရုန်းဝူတဲ့။

ရုတ်တရက် တွေ့လိုက်ရတဲ့ ဒီအမည်ကြောင့် သူ ဘယ်လောက်များ အခံရခက်လိုက်လေမလဲ။ လက်ထဲက ဖွင့် ဆောင်းထားတဲ့ ထီးတောင် လွတ်ကျသွားတော့ မတတ်ပါပဲ။ သူ့မျက်လုံးတွေထဲမှာ ဘာမှ မမြင်ရတော့ဘဲ မှောင်ကျသွား တော့တယ်။ မြို့ရိုးတံခါးနဲ့ တောင်းတွေဟာ လေထဲမှာ ချာချာလည်နေသလို မျက်ရည်တွေလည်း မျက်လုံးအိမ်မှ အလိုလို ကျလာကာ မျက်နှာပေါ်သို့ လွင့်စင်ကျလာတဲ့ မိုးရေစက်တွေနဲ့အတူ ပါးပြင်ပေါ်က စီးကျလာတယ်။ သူတကယ့်ကို ရှိုက်ကြီးတငင် ငိုကြွေးပစ်လိုက်ချင်တယ်။ ဒါပေမဲ့ လူအုပ်ကြီးရဲ့ သက်ပြင်းချသံများအတွင်း၊ မြို့ရိုးတံခါးဝမှာ လူသွား လူလာတွေကို ရှာဖွေစစ်ဆေးနေတဲ့ ထောက်လှမ်းရေးတွေရဲ့ အလို ရမ္မက်ကြီးလှတဲ့ အကြည့်တွေအတွင်းမှာ သူ တကျူ ကျူငိုနေဖို့ အခွင့်မသာပါဘူး။ ဒီလိုနေရာမျိုးမှာ မျက်ရည်ကို ရင်ထဲမှာပဲ မျိုသိပ်ထားနိုင်ရမယ်။ တကျူကျူပါအောင် ငိုနေဖို့ အခွင့်မသာပါဘူး။ နှောင့်နှေးတွေဝေနေဖို့ အချိန်မရှိပါဘူး။ ဒီနေရာကနေ မြန်မြန် ထွက်ခွာသွားဖို့သာ လိုတယ်ဆိုတာကို အလွန့်အလွန် နိုးကြားရိပ်စားမိလိုက်တယ်။

ကျန်းကျူကျွန်းဟာ ထီးကို ကိုင်စွဲထားရင်း မြို့တံခါးမှာ ချိတ်ဆွဲထားတဲ့ သစ်သားတောင်းနဲ့ ကြော်ငြာစာရွက်ကြီးကို ဝမ်းနည်း ပူဆွေး၊ နာကျည်းဒေါသဖြစ်နေတဲ့ မျက်လုံးအစုံနဲ့ တချက် ပင့်ကြည့်လိုက်တယ်။ သူဟာ လူအုပ်ကြီးကို ဖြတ်ကျော် ပြီး ရွှံ့တွေပေါ်နင်းရင်း တလှမ်းချင်း အဲဒီနားကနေ ထွက်ခွာလာခဲ့တယ်။

သွားနေလိုက်တာ ဘယ်လောက်ကြာလို့ ကြာမှန်းတောင် မသိလိုက်ပါဘူး။ အုံ့မှိုင်းနေတဲ့ မိုးကောင်းကင်ကို ငေးစိုက်ကြည့်ရင်း “မဖြစ်ဘူး။ နင်ဟာ တောင့်ထားရမယ်။ လောက်ဖုန်လို သတ္တိရှိရှိ တိုက်ပွဲဝင်သွားရမယ်။ အားလုံး နားလည်သိရှိထားခဲ့သမျှကို ယာယီကော်မတီထံ ချက်ချင်း အစီရင်ခံသွားသင့်တယ်”လို့ ခေါင်းထဲမှာ အတွေးစတခု ပေါ်လာ တယ်။ ။

ဆက်လက်ဖော်ပြသွားပါမည်။
Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်