စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday68
mod_vvisit_counterYesterday169
mod_vvisit_counterThis week724
mod_vvisit_counterLast week1243
mod_vvisit_counterThis month1449
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51704

Online Guests: 12
Your IP: 38.107.191.85
,
Today: Sep 09, 2010
လှုပ်ရှားနေသော တောင်တန်းစိမ်းများ

ဦးအိုက်စံ အစောကြီး နိုးသည်။ မကြာခင်မှာပင် ကြက်တွန်သံ ကြားရသည်။ ကြက်နှင့်အပြိုင် ဦးအိုက်စံ နိုးလာခြင်း ဖြစ်သည်။ မျက်စိပွင့်သည်နှင့် ဦးအိုက်စံ အိပ်ရာမှ ချက်ချင်းထသည်။ မိန်းမနှင့် ကလေး နှစ်ယောက် မနိုးစေရန် ခြေဖွ နင်းပြီး မီးဖိုချောင်သို့ တန်းထွက်ခဲ့သည်။ ခနော်နီခနော်နဲ့ ဝါးခင်းဝါးကာ အိမ်ကလေးမှာ သူခြေနင်း မကြမ်းတာ တောင်မှ တချက်တချက် တကျွိကျွိ မြည်နေသေးတယ်။ ညက ခပ်ထည့်ထားသည့် ရေပုံးထဲမှ ရေကို ဘူးခြောက်ခွက် ဖြင့် ခပ်ကာ ဖြစ်သလို မျက်နှာသစ်လိုက်သည်။ ဝါးတန်းပေါ် လွှားထားသော ညိုညိုညစ်ညစ် ရှပ်အင်္ကျီကို လက်တ ဖက်က လှမ်းယူကာ မျက်နှာသုတ်လိုက်ပြီးနောက် အင်္ကျီကို ကောက်စွပ်လိုက်သည်။ ဝါခေါင်လပဲ။ ဒီနေ့ မိုးမရွာလို့ တော်ပါသေးသည်။
မီးခြစ်ရှ၍ မီးဖိုထဲမှာ မီးမွှေးပြီး ရေနွေးတအိုး တည်လိုက်သည်။ ညကတည်းက ဖမ်းပြီးတောင်းနှင့် အုပ်ထား သော ကြက်တကောင်ကို အသံမထွက်အောင် ဦးခေါင်းလှန်ပြီး လက်တဖက်ကကိုင်၊ ကျန်လက်တဖက်က ထရံကြား မှာ ဓားကိုလှမ်းဆွဲလိုက်သည်။ မကြာမီ ရေနွေးဆူလာသည်။ ကြက်ကိုင် အမွေးအမျှင် နှုတ်တာ အချိန်တိုအတွင်း ပြီး သွားသည်။ ရေနွေးတအိုး ထပ်တည်လိုက်ပြီးနောက် အခါးရည်ကျကျကို တခွက်ပြီးတခွက်သောက်ကာ ဝါးဆေးတံ တအိုးနှင့် ဦးအိုက်စံ မီးဖိုဘေးမှာ အတွေးချဲ့နေစဉ်မှာပင် ဇနီးဖြစ်သူ နိုးလာသည်။
“ဒီနေ့ မြို့က ဧည့်သည်တွေ လာလိမ့်မယ်။ ကြက်ချက်ထားနှင့်”
ဦးအိုက်စံ ဇနီးဖြစ်သူကို မှာကြားနေစဉ်မှာပင် မိုးဖွဲဖွဲ ကျလာသည်။ မကြာခင်မှာပင် အလင်းရောင် ပေါ်လာ သည်။ ဦးအိုက်စံသည် ပြောပြောဆိုဆိုနှင့်ပင် ရှမ်းဘောင်ဘီကို ပေါင်လယ်အထိ လိပ်တင်ကာ လက်ဆွဲတော် ဝါးပချပ် နှင့် ဓားမတိုကို ခါးမှာ ကြိုးနှင့်သိုင်းချည်လိုက်သည်။ ဝါးခမောက်အစုတ်တလုံးနှင့် ပလပ်စတစ်မိုးကာစကို ခြုံကာ မိုး ရွာထဲသို့ လှမ်းထွက်လိုက်သည်။
ဇနီးဖြစ်သူမှာ စကားနည်းသူ ဖြစ်သော်လည်း သူ့အလုပ် ကိုယ့်အလုပ် ဘာလုပ်ရမည်ကို သိပြီးသည့်သ ဘောဖြင့် ဦးအိုက်စံထွက်သွားသည်ကို လှမ်းကြည့်ရင်း အိမ်ဘေးဝန်းကျင်ကို အကဲခတ် ကြည့်ရှုကာ ကျန်ရစ်ခဲ့လေ သည်။

 


ယနေ့ နောင်ပိန်ဈေးနေ့။ မိုးကာလဖြစ်သည့်အတွက် လယ်သမားတွေ ငွေမရွှင်သေး။ လယ်လုပ်ငန်း မသိမ်း သေး။ ဈေးကစည်လှသည် မဟုတ်သလို ခြောက်ကပ်ကပ်လည်း မဟုတ်ပေ။ ဦးအိုက်စံမှာ လယ်သမား သူရင်းငှား တ ဦးသာဖြစ်သည်။ ရွာနှင့် လှမ်းလှမ်းတွင် တောင်ယာတကွက်တော့ ရှိသည်။ ပေါက်ပြားတလက် ဓားမတိုတချောင်းနှင့် တောင်ယာခုတ်သည်။ ထွန်ထယ်စိုက်ပျိုး လယ်လုပ်ငန်းပြီးသည်နှင့် ကြုံရာကျပန်းအလုပ်မျိုးစုံ လုပ်သည်။ ဦးအိုက်စံ တို့ ရွာကလေးသည် ဒုဋ္ဌဝတီ မြစ်ကမ်းအနီးမှာ ဖြစ်သည့်အတွက် နောင်ပိန်ဈေးမှ အချိုမှုန့် ဖယောင်းတိုင် ဆပ်ပြာ ရေနံဆီစသည့် မြို့ကုန်တချို့ကို မှာသူရှိက မြစ်တဖက်ကမ်းရွာများသို့ ဝယ်ယူပိုးပေးသည့် ဈေးသည်အလုပ်လည်း အခါအားလျော်စွာလုပ်သည်။
ဦးအိုက်စံသည် ဈေးထဲ ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် လျှောက်လာကာ အချိန်ဖြုန်းနေလိုက်သည်။ ဈေးထဲမှာ ဆေးဆိုးပန်း ရိုက်သရက်ထည်စတွေ ခလေးဝတ်အင်္ကျီဘောင်းဘီ ဘီးဆံညှပ်ကလစ် နားကပ်စသည့် တိုလီမို လီ ဝယ်ချင်စရာ ပစ္စည်းတွေကို လျှောက်ကြည့်ရင်း အိမ်က ဇနီးနှင့် ကလေးများကို ဖျတ်ခနဲ သတိရလိုက်သည်။ ဦး အိုက်စံသည် ဘာမျှမဝယ်ဖြစ်ပေ။ ပချပ်ထဲမှ ဆေးတံနှင့် ဆေးဘူးကိုသာ ဆွဲထုတ်ပြီး မလှမ်းမကမ်း တဲလွတ်တလုံး အောက်တွင် ဆေးတံဖွာရင်း တခြားသူများနှင့်ရောကာ မိုးခိုနေလိုက်သည်။
မကြာမီ မိုးစွဲသွားသည်။ မိုးစဲသွားသည့်အတွက် ဦးအိုက်စံ စိတ်လက်ပေါ့ပါးသွားသည်။ ဘယ်နှစ်နာရီ ရှိပြီ လဲ။ ဦးအိုက်စံ မသိပေ။ ဒါပေမဲ့ နေ့ရဲ့အလင်းရောင်နှင့် သူဆေးနှစ်အိုးမျှ ဖွာခဲ့ပြီးသည်ကို ချင့်တွက်ပြီး အချိန်ကို ခန့် မှန်းမိပေသည်။ ကွက်တိပါပဲ။ မန္တလေးလားရှိုးလော်ကယ်ရထား နောင်ပိန်ဘူတာသို့ ဝင်လာခဲ့ပေပြီ။

(၂)

မကြောက်သော်လည်း စိုးရိမ်မှုတော့ရှိသည်။ ခရီးချောမောပါ့မလား။ အဖေအမေ အဖိုးအဖွားတို့ကို ထိုင် ကန်တော့စဉ် အမေက ရိပ်မိပုံရသည်။
“မင်းအမေတို့ကို ခွဲတော့မလို့လား။ သားနဲ့ ပြန်မတွေ့ရတော့ဘူး ထင်တယ်”။ အမေက အသံကို ထိန်းပြီး ပြောသည်။ သူက ဘာမှ ပြန်မပြော။ ဘာမှ မဖြစ်သလို အမေကို ကန်တော့ပြီး ပြန်ထွက်လာခဲ့သည်။ အမေ့ရင်ထဲ ဘာဖြစ် ကျန်ခဲ့မည်ကို သူ ဆက်မစဉ်းစားတော့။ သူ ထောင်ထဲမှာ နှစ်နှစ်နေခဲ့ရပြီး အပြင်ကို ပြန်ရောက်လာတော့ အပြင်လောကသည် ပြောင်းလဲသွားပေပြီ။
ထောင်ဘူးဝက အထွက် မဆလစစ်ထောက်လှမ်းရေးက အပြင်ရောက်ရင် သက်ဆိုင်ရာဌာနသို့ သတင်းပို့ ဖို့ မှာသည်ကို သူက ဂရုမစိုက်ပေ။ ထောက်လှမ်းရေးက သွားလေရာ အရိပ်လို တကောက်ကောက်လိုက်နေခဲ့သည်။ သတင်းတပ်ဖွဲ့ ရုံးက နှစ်ကြိမ်ခေါ်တွေ့သည်။
“ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားအလုပ်နဲ့ ပတ်သက်လို့ပါ။ တပ်ဖွဲ့မှူးရုံးကို ခဏလာတွေ့ပါ”ဟု ဆိုလာသဖြင့် သူ သွားတွေ့ခဲ့သည်။ သတင်းတပ်ဖွဲ့မှူးဆိုသူက “ဒီလိုပါ။ ခင်ဗျားအလုပ်ဌာနက ခင်ဗျား အလုပ်ပြန်ဝင်တာနဲ့ ပတ် သက်လို့ ကျွန်တော်တို့ကို မေးပါတယ်။ ကျွန်တော်တို့ ဌာနအနေနဲ့ ဝန်ကြီးဌာနတွေက မေးမြန်းတာကို ပြန်ဖြေလေ့ မ ရှိပါဘူး။ ဝန်ကြီးချုပ်ကတဆင့် ထောက်လှမ်းရေးဌာနကို မေးမှ မှူးချုပ်က ဖြေပါတယ်”။ သူ့ ဆိုလိုချက်က အမျိုးသား ထောက်လှမ်းရေးဌာနသည် ဝန်ကြီးဌာနများထက် မြင့်ပြီး၊ ဝန်ကြီးချုပ်နှင့် အဆင့်တူဟု အဓိပ္ပာယ်ရပေသည်။
သူထောင်က ထွက်လာစဉ်မှာပင် ရှေ့ဘာဆက်လုပ်မည် ဆိုသည်ကို ရှင်းရှင်းပြတ်ပြတ် ဖြစ်ပြီး ဖြစ်သည်။ မိတ်ဆွေသူငယ်ချင်းဟောင်းတွေထဲမှ တချို့က စိမ်းသွားသည်။ တချို့က ခါတိုင်းထက်ပိုပြီး နားလည်မှုကို ဖော်ပြသည်။ အိမ်လာသတင်းမေးသည့် သူငယ်ချင်းတဦးက “မင်းဆီ လာသာလာရတယ်။ ခပ်လန့်လန့်ပဲ”ဆိုသည့်အပြောကို “ကြောက်ရင် မလာနဲ့ပေါ့ကွ”ဟု ဘုတောပစ်ခဲ့ဖူးသည်။ သူငယ်ချင်းက ပြာပြာသလဲ တောင်းပန်ကာ စကားရော ဖောရောလုပ်ခဲ့သည်။ သူ စိတ်မစိုးပါ။ ဘာဖြစ်လို့ဆိုတာကိုသာ သူ သုံးသပ်သည်။ လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်အ သွား ဆိုင်ထဲကနေ အတင်းခေါ် လက်ဖက်ရည်တိုက်သည့်သူ၊ မုန့်ဟင်းခါးဖိုး အတင်းဝင်ရှင်းပေးသည့် သူများလည်း ကြုံရသည်။ တချို့က လမ်းတွေ့တာတောင် နှုတ်ဆက်ရမည်စိုး၍ မမြင်ချင်ယောင် ဆောင်သွားသည်။
ဒုတိယအကြိမ်တွင်တော့ သတင်းတပ်ဖွဲ့ ရုံးက ခေါ်တွေ့ခြင်းမဟုတ်။ အိမ်လာပြီး မသိမသာ စကားနှိုက်ခြင်း ဖြစ်သည်။ ခင်ဗျားကတော့ အနေမှန်တယ်။ ဘယ်သူတွေကတော့ အိမ်မှာ တရုန်းရုန်းနဲ့ မျက်စိနောက်တယ်ဆိုသည့် သဘော ပြောလာသည်။ သူက ဘာမှ မပြော၊ ပြုံးရုံသာ ပြုံးနေလိုက်သည်။
လောကကြီးက မပြောင်းပါဘူး။ လူတွေသာ ပြောင်းသွားတာ။ နိုင်ငံရေးဆိုတာ ကြောက်တတ်သူလည်း ရှိ၊ ချစ်တတ်သူလည်းရှိတဲ့ အရာပေပဲ။ ကာလနှင့် ဆိုင်သည်ဟု ထင်သည်။ အချိန်ကာလသည် ဖြစ်ရပ်ပေါင်းများစွာကို သယ်ဆောင်လာတတ်သည် မဟုတ်ပါလော။ နှစ်နှစ်အကြာမှာ သူသည် လူကောင်းမှသည် သောင်းကျန်းသူ၊ သာမန် လူမှသည် အဖျက်သမား ဖြစ်သွားပေပြီ။ သူ၏ ပုံရိပ်သည် မည်သို့ ရှိမည်နည်း။ သူအလုပ်လုပ်သည့် ဝန်ကြီးဌာနမှ ဝန်ကြီး မဆလခေတ် တိုင်းမှူးဟောင်း က “စက်ရုံတည်ပါတယ်၊ ကွန်မြူနစ်ထွက်လာတယ်”ဟု ပြောကြောင်း ပြန် ကြားရသည်။
သူ ထောင်က ထွက်လာတော့ ညီတွေ ညီမတွေက “အစ်ကိုကြီး ထောင်က လွတ်တော့မယ်၊ တို့ဝမ်းသာ တယ်”စသည်ဖြင့် ဝမ်းသာအားရ သံပြိုင်ကြွေးကြော်နေကြသံကို ကက်ဆက်ဖြင့် သွင်းထားသည်ကို ပြန်ဖွင့်ပြသည်။ သူတို့အစ်ကိုကြီးသည် ဘယ်တုန်းကမှ ဆိုးသွမ်းသူ မဟုတ်ခဲ့ကြောင်း သူတို့ သိပေသည်။
မန္တလေး-လာရှိုးလော်ကယ်ရထားပေါ်တွင် တွဲထောင့်ချောင်ထဲ ကျပ်ကျပ်သပ်သပ် လိုက်ပါလာရင်း သူသည် တွေးမိတွေးရာ တွေးလာခဲ့သည်။ ရထားက သံပတ်ပေးထားသော ကစားစရာ အ ရုပ်လေးတရုပ်နှယ် သံလမ်းပေါ်မှာ ပြေးလွှားရင်း အသံမျိုးစုံ လွှင့်ထုတ်နေသည်။ တွဲအလယ် တောင်းတွေ အထုပ်တွေ ခရီးသည်တွေအကြား ဖြစ်သလို မိုးတိုးမတ်တတ် လိုက်ပါလာသည့် ညီသဖွယ်ဖြစ်သော ရဲဘော်ဆီသို့ လှမ်းကြည့်ရင်း မျက်ရိပ်ပြလိုက်သည်။ လူပေါင်း စုံ သယ်ဆောင်ကာ ဘူတာစုံ ခုတ်မောင်းလာသည့် နွားသိုးတကောင်နှင့်တူသော သတ္တဝါကြီးသည် မကြာမီ အရှိန် လျှော့ကာ နောင်ပိန်ဘူတာသို့ ဝင်ရောက်လာပါသည်။

 

 

(၃)

ဘူတာထဲမှ လူငယ်နှစ်ယောက် ထွက်လာသည်။ တောဘူတာရုံကလေးဖြစ်သဖြင့် ဆိုက်ကား၊ မြင်းလှည်း၊ ကားစသည့် ခရီးသည်တင် ယာဉ်တွေမရှိ။ လမ်းကောင်းကောင်းမရှိ။ မြေလမ်းသာ ဖြစ်သည်။ သူတို့သည် ခပ်လှမ်း လှမ်း နောင်ပိန်ဈေးဘက်သို့ တချက်လှမ်းကြည့်ပြီး ဘူတာ±ုံတည့်တည့် မြို့ပြင်ထွက်သည့်လမ်းအတိုင်း အိနြေ္ဒမပျက် လျှောက်လာခဲ့သည်။ ဈေးသွားဈေးပြန် တောသူတောင်သား ရှမ်းအမျိုးသားတချို့တော့ ရှိသည်။ မများပေ။ သူတို့ သည် မြေလမ်းအတိုင်း လျှောက်ရင်း မသိမသာ နောက်ပြန်ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းတွင် နောက်ထပ် လူနှစ် ယောက်တွဲ တတွဲကို တွေ့လိုက်သည်။
မြေသားသည် မိုးရေ ရွှဲရွှဲ ဖြန်းထားသဖြင့် တချို့နေရာများတွင် ပျော့အိအိုင်ထွန်းနေသည်။ သူတို့ ခြေရာ များ ထင်ကျန်ခဲ့သည်။ လတ်ဆတ်သည့် တောနံ့တောင်နံ့ပါသည့် လေကို ရှူရှိုက်ရသည်။ နှံပြည်စုတ် ငှက်တကောင် ချုံကြားတွင် ဟိုခုန်ဒီခုန် လုပ်လျက်ရှိသည်။ လမ်းခွဲတခုသို့ အရောက်တွင် ရှေ့က အတွဲနှင့် နောက်ကအတွဲ ဆုံမိကြ သည်။
“ခင်ဗျားတို့ ဘာနဲ့လာသလဲ”
“ကားနဲ့လာတာ၊ နည်းနည်းစောတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတာ”
“ဘယ်လမ်းသွားမလဲ”
သူတို့နဲ့ မလှမ်းမကမ်းမှ လိုက်လာသော ဦးအိုက်စံက သူတို့ကို မှီလာကာ ဝဲဘက်လမ်းခွဲအတိုင်း ဆက် လျှောက်ခဲ့ကြသည်။ အတန်ကြာ သွားမိသောအခါ လူခြေတိတ်ဆိတ်သော ရှမ်းရွာကလေးတရွာရှိ ဦးအိုက်စံနေအိမ် သို့ ဆိုက်ရောက်ခဲ့သည်။
အိမ်ပေါ်တွင် တဦးနှင့်တဦး ဝမ်းသာအားရ စကားတွေ ဖောင်ဖွဲ့နေသော ဧည့်သည် လူစိမ်း လေးဦးကို ဦး အိုက်စံ၏ ကလေးနှစ်ဦးသည် မျက်စိအဝိုင်းသားနှင့် ကြည့်နေကြပေသည်။ သမီးကြီးက ခြောက်နှစ်၊ သားငယ်က လေး နှစ်အရွယ်လောက် ရှိမည်။ အကြီးမလေးက ရှင်မီးအင်္ကျီနှင့် ထမီဝတ်ထားသည်။ သားငယ်က သူနှင့် မတန်တဆကြီး သော စွပ်ကျယ်စုတ်တထည်သာ ဝတ်ထားသည်။ ဝိုင်းစက်ကြည်လင်သော ကလေးများ၏ မျက်ဝန်းတွင် အံ့သြထူး ဆန်း စိုးထိတ်သော အရိပ်ထင်ဟပ်လျက် ရှိသည်။ ဗမာလူကြီးတွေ အိမ်ပေါ်မှာ ဘာလာလုပ်တာပါလိမ့်။
ဧည့်သည်များသည် တခဏချင်းမှာပင် ကလေးများကို သတိထားမိလာသည်။ ဘာမှလည်း ဝယ်မလာမိ ဘူး။ ကလေးတွေ ရှိမှန်းလည်း မသိဘူး။ ခရီးလမ်းမှာ ဘာတွေ ကြုံတွေ့ရမည်ဆိုသည်ကိုလည်း ကြိုးစားစဉ်းစားထား တာ မရှိဘူး။ သူတို့တွင် အဝတ်အစား တစုံနှစ်စုံမှလွဲ၍ ဘာမှ ပါမလာပေ။ သူတို့သည် စစ်အစိုးရ၏ အာဏာစက်မှ လွတ်ကင်းရာသို့ တောခိုလာကြသည့် ဝရမ်းပြေးနှင့် ထောင်ထွက်များသာ ဖြစ်ကြပေသည်။
တယောက်က လမ်းမှာ ဘာရယ်မဟုတ်ပဲ ဝယ်လာခဲ့သော မုန့်ထုပ်ကလေးကို သတိရကာ ကလေးများကို ပေးလိုက်သည်။ ဦးအိုက်စံကို မတွေ့ရပေ။ ရွာဝန်းကျင်သို့ စနည်းနာ အရိပ်အကဲကြည့်ရန် ထွက်သွားကြောင်း နောင် မှ သိရသည်။ ထမင်းမှာ ရှမ်းဆန်ကို ပေါင်းထားသဖြင့် တမျိုးစားလို့ ကောင်းသည်။ အငွေ့တထောင်းထောင်းနှင့် သင်း နေပေသည်။ ကောက်ညှင်းလိုပျော့၍ ဆန်စေ့များ ကော့နေကြသည်။ ကြက်သားစပ်စပ် ကာလသားချက် ပဲပုပ်ထောင်းနှင့် မုန်ညင်းဟင်းရည်ဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ် စားလိုက်ရ၍ စားလို့ကောင်းကြသည်။ ကလေး များနှင့် အိမ်ရှင်ကို ခေါ်ကျွေးသော်လည်း မစားကြပေ။ ဦးအိုက်စံ၏ ဇနီးက ရေနွေးကြမ်းနှင့် လိုအပ်သည်များကို လုပ် ကိုင်ပေးကာ ဧည့်ခံသည်။ ရိုးသားသည့် တော၏ သမီးပျိုသည် စကားတလုံးမျှ မပြောပေ။ ရှမ်းစကားသာ တတ်ပုံရ ပေသည်။
ထိုအခိုက် တဲအိမ်ထက်သို့ ဦးအိုက်စံနှင့် လူစိမ်းတဦးတို့ ရောက်လာကြပြန်သည်။ လူစိမ်းလက်ထဲတွင် ရန် ကုန်ပြည်သူမုန့်တိုက် (ယခင် ရှာမီး) မှ အဆော့တက်ကိတ်မုန့် ဘူးကြီးတဘူး ဆွဲလာသည်။
“ဟာ ဆရာဒေ ပါလား”
“ဟာ ဧည့်သည်တွေနဲ့ပါလား။ ဟိုဘက်ကမ်း ကူးမလို့ ထင်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ပျော်ပျော်ပါးပါး ပေါ့”
“ဘယ်လိုဖြစ်လာတာတုန်း”
“ဘယ်လိုမှ မဖြစ်ဘူး။သွားဆက်သွယ်တဲ့လူက လက်နက်ချသွားလို့ နောက်ကြောင်းပြန်လှည့်လာတာ”
နောက်ရောက်လာသူနှင့် ပထမရောက်နှင့်သောအသိုက်မှ ဦးဆောင်လာသူတို့ အပြန်အလှန်နှုတ်ဆက် လိုက်ကြသည်။ ကျဉ်းမြောင်းပြီး မှောင်ရိပ်ကျသောတဲငယ်လေးတွင် လူများဖြင့် ပြည့်ကျပ်သွားပေသည်။ လာတဲ့လူ လာ သွားတဲ့လူလည်း သွားပေါ့ဟု စဉ်းစားလိုက်မိသည်။
“မုန့်တွေက ဟန်ဆောင်ပန်ဆောင် ဘုန်းကြီးကန်တော့ဖို့ဆိုပြီး ဝယ်လာတာ။ စားကြဗျာ၊ တပည့်တော်တို့ ကို စွန့်ပါဘုရား လို့ ဘုန်းကြီးကို စိတ်ထဲက ကန်တော့လိုက်တော့မယ်၊ လာစားကြဗျာ”
ဆရာဒေစကားကြောင့် အားလုံးဝိုင်းရယ်လိုက်ကြသည်။ မုန့်တွေကို အိမ်သားတွေနှင့် ကလေးတွေကိုပါ ဝေ ပေးလိုက်ကြကာ တောခိုလာသည့် ဝရမ်းပြေးနှင့်ထောင်ထွက်တသိုက်တို့၏ ပထမဆုံး အမှတ်တရနေ့သည် စိုပြေ သွားပေသည်။

(၄)

ဦးအိုက်စံကို ယခုမှ သတိထားကြည့်မိသည်။ အသက် လေးဆယ်ပြည့်ပုံမရသေး၊ ဂင်တိုတို ဗလတောင့် တောင့် ကတုံးဆံထောက်နှင့် ဦးခေါင်းလုံးသည်။ လက်ပြင် အတန်ငယ် ကုန်းသလိုရှိသော်လည်း ရင်အုပ်ကျယ်ကျယ် လက်ရုံးလက်ဖျန် တင်းတင်း၊ တကိုယ်လုံး လက်ကောက်ဝတ်အထိ ဆေးမှင်များဖြင့် မဲပြာနေသည်။ တကယ့်တောင် ပေါ်သားစစ်စစ် ဖြစ်သည်။ ဧည့်သည်ရှိ၍သာ အင်္ကျီဝတ်ခြင်းဖြစ်ပြီး ခါတိုင်းဆို အဝတ်ဗလာနှင့် နေပုံရသည်။ ဗမာစ ကား မတတ်သော်လည်း အရိပ်အကဲကို ကြည့်တတ်သည်။ စူးစမ်းသော သတိရှိသော ရိုးသားသော ခိုင်ကျည်သော အမူအရာသည် မျက်ဝန်းနှင့် မျက်နှာတွင် အထင်းသားပေါ်လွင်နေသည်။
ဧည့်သည်များ စားထားသော မုန့်ထုပ်မှ စက္ကူစများကို လိုက်ကောက်ကာ မီးရှို့ပစ်သည်။ ဧည့်သည်တဦးမှ ပါလာသော လုံချည်အင်္ကျီတစုံ လက်ဆောင်ပေးသည်ကို လက်မခံပေ။
“ဒီအဝတ်အစားတွေက သူတို့အတွက် အန္တရာယ်ရှိတယ်၊ မပေးနဲ့”။ ဦးဆောင်လာသော ရဲဘော်က ပြော သည်။
“ဟင်းဖိုးတော့ ပေးမှ ဖြစ်မယ်”
“မပေးနဲ့တော့ ကျွန်တော် ပေးလိုက်ပြီ”
စားသောက်ပြီးတာနဲ့ အိမ်ပေါ်တွင် ကြာကြာမနေ။ ဦးအိုက်စံ ဦးဆောင်ပြီး ရွာနှင့်အတော်လှမ်းသည် တောင်ယာတဲ့တလုံးသို့ ရွှေ့ခဲ့ကြသည်။ တောင်ယာတဲပေါ်တွင် ငါးယောက်သား ရယ်လားမောလား စကားကောင်း ကြပြန်သည်။ ဦးအိုက်စံသည် မပြန်သေးပေ။ တဲတဝိုက် ကင်းထောက်လျက်ရှိသည်။ နေ့တာသည် တိုတောင်းလေစွ။ အချိန်ကုန် မြန်လှသည်။ မှောင်စပျိုးချိန် ဦးအိုက်စံ တခေါက်ရောက်လာပြန်သည်။ ရေဘူး၊ ကောက်ညှင်းထုပ်နှင့် စောင်စုတ် နှစ်ထည်ပေးသည်။ စကားကျယ်ကျယ် မပြောနဲ့။ မီးမထွန်းနဲ့။ ရှမ်းတပ်တွေ ရှိတယ်။ ဗမာစကားပြောသံ ကြားရင် ရောက်လာလိမ့်မယ်ဟု သတိပေးစကားပြောသည်။ ရှမ်းစကား နည်းနည်းပါးပါးတတ်သော ဦးဆောင်ရဲ ဘော်က ဘာသာပြန်ပေးသည်။
ထို့ကြောင့် စကားပြောချင်စိတ်ကို မျိုသိပ်ကာ စောစောအိပ်ရာဝင်ကြလေသည်။ ဒုဋ္ဌဝတီမြစ်၏ ဒီဘက်ကမ်း တွင် ရှမ်းတပ်နှင့် ဗမာတပ် (စစ်အစိုးရစစ်တပ်) တို့ ရှိကာ၊ ဟိုဘက်ကမ်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၁ဝ၈ ပြောက်ကျားအခြေခံဒေသ ဖြစ်သည်။ မြစ်တဖက်ကမ်းဆီမှ ဘဝ နှစ်ခု။
ဒီဘက်ကမ်းတွင် သူတို့၏ ပုံရိပ်သည် ဝရမ်းပြေးနှင့် ထောင်ထွက်၊ ဟိုဘက်ကမ်းတွင် တောခိုလူငယ်ကျောင်း သား၊ စိတ်လှုပ်ရှားစွာဖြင့် တိတ်ဆိတ်ငြိမ်သက် အမှောင်ထုကို သူတို့ ကျော်ဖြတ်ကြရ၏။

 

(၅)

နေနှင့်လတို့သည် ကမ္ဘာလောကကြီးကို သူတလှည့် ငါ့တလှည့် စောင့်ရှောက်ကာ သဘာဝတရားသည် သူ့သဘောသူ ဆောင်ကာ ပုံမှန်လည်ပတ်နေပေသည်။ သူတို့ စောစီးစွာ နိုးကြသည်။ ဦးအိုက်စံ ခေါ်ဆောင်ရာသို့ တန်းစီလိုက်ခဲ့ကြသည်။ အတော်အတန် သွားမိလျှင် ဒုဋ္ဌဝတီမြစ်ကမ်းသို့ ခပ်စောက်စောက် တောင်ပေါ်လမ်းအတိုင်း ထိုးဆင်းသွားပေသည်။ ပြေပစ်သည့် ကတ္တရာလမ်းများတွင် လျှောက်ခဲ့သော လူငယ်များ၏ ခြေထောက်များသည် မတ်စောက်သော တောင်ပေါ်လမ်းတွင် ကုတ်ကပ်လျှောက်ကြရသည်။ ခြေမခိုင် ဒူးမခိုင်လျှင် ယိုင်လဲနိုင်သည်။ နာရီ ဝက်ခန့် ဆင်းမိပြီးနောက် သူတို့သည် ကျောက်တုံးကျောင်ဆောင်တွေကြားသို့ ရောက်သွားသည်။ ကမ်းပါးရံနှင့် သစ်ကြီးဝါးကြီးများကြား ရောက်နေသဖြင့် ပို၍ မှောင်သွားသည်ဟု ထင်မိပေသည်။
“ထမင်းချက်စားကြမယ်ဗျို့”
ဦးအိုက်စံ သယ်လာသော ဆန်နှင့်အိုးကို အရင်းတည်ကာ ထမင်းစားဖို့ ပြင်သည်။ ကျောက်ဆောင် ကျောက်ခွက်တွေအကြား တင်ကျန်နေသော မိုးရေကို ဆရာဒေဖက်ဖြင့် ခပ်ကာ စုဆောင်းဖို့ ပြင်သည်။
“ရေကတော့ တောထဲမှာ ဒီလိုပဲဗျို့။ ရှာကြံသုံးရတာပဲ”
ဆရာဒေက ရေကို ဖက်ဖြင့် ခပ်ကာ စုဆောင်းနေစဉ်မှာပင် ဦးအိုက်စံက မလှမ်းမကမ်း ရေထွက်ပေါက်တခု သို့ ဆန်နှင့်အိုးကိုယူကာ ဆန်ဆေးနှင့်လေပြီ။ ထင်းတိုထင်းခြောက်များဖြင့် ထမင်းတအိုးတည်ကာ ပါလာသည့် ပဲပုပ် ထောင်းနှင့် တို့မြ‡ုပ်ကာ ထမင်းစားလိုက်ကြသည်။ အတန်ငယ် ဆက်လျှောက်လိုက်သည့်အခါ အလင်းရောင်ဖြင့် လက်ပြောင်လှုပ်ရှားနေသော ဒုဋ္ဌဝတီမြစ်ကို ဘွားကနဲ တွေ့လိုက်ရပေသည်။
ရေစီးကားသန်လှ၏။ မုန်ယိုနေသော တောဆင်ရိုင်းတကောင် စွယ်စုံဖွင့်ကာ ထိုးဆင်းလာသည်နှင့် တူလွန်း လှသည်။ ရေမှာ ရွှံ့နှစ်များဖြင့် နီညိုနောက်ကျိလျက်ရှိ၏။ သစ်တုံးသစ်ခက် သစ်ရွက်သစ်ဆွေး ဒိုက်သရိုက်တို့ တဟုန် ထိုးစီးမျောနေသည်။ ရံဖန်ရံခါ အမြစ်မှ ကျွတ်ကာ တအုန်းအုန်း လှိမ့်ဆင်းမျောပါလာသော သစ်ပင်ကြီးများလည်း ပါသည်။ ဒေါမာန်ပွားနေသော တိမ်ဆုပ်မြူဆုပ်များကို ဖမ်းဆီးစားသောက်နေသော နဂါးမင်း၏ ကျောမှ ကျော်ဖြတ် ကာ တဖက်ကမ်းသို့ သူတို့ ကူးကြရပေမည်။
ခရီးစဉ်ကို သူတို့ ကြိုတင်မသိပေ။ စီစဉ်ပေးသူ ရဲဘော်မှလည်း လျှို့ဝှက်ရေးကြောင့်ထင်သည် အသေးစိတ် ပြောမထားပေ။ ထောက်လှမ်းရေးကို မျက်ခြေဖြတ်ရမှာ ဖြစ်သည့်အတွက် ရေဘော၊ မိုးကာစစသည့် အပိုပစ္စည်းများ လည်း ဘာမှ ယူမလာခဲ့ကြချေ။
ဦးအိုက်စံက ကြိုတင်ပြုလုပ်ထားသော ဝါးဖောင်တစီးကို ဖွက်ထားရာမှ ယူလာခဲ့သည်။ ဖောင်ပေါ်တွင် ဝါးပိုး ကို ထွင်းခုတ်ထားသော လှော်တက်များနှင့် ချိတ်တပ်ထားသော အလုံးသေးသေးတောင့်တောင့် ဝါးကိုင်းရှည်တ ချောင်း ပါသည်။ သူတို့သည် ပါလာသော ပစ္စည်းများကို ဝါးဖောင်အလယ်တွင် စုချည်ကာ နှီးဖြင့် တုပ်နှောင်လိုက် သည်။
“အားလုံး တချည်တည်း ရမလား”
ဦးအိုက်စံ ခေါင်းညိတ်ပြသည်။ လူခြောက်ယောက်တက်စီးလိုက်သဖြင့် ဝါးဖောင်သည် ရေတွင် ပေါ်ရုံသာ ရှိတော့သည်။
“ကဲ ထွက်မယ်”
သူတို့ထဲတွင် ရေကူးတတ်သူရော မကူးတတ်သူရော ပါသည်။ ရေကူးတတ်သူကလည်း ကန်တော်ကြီး၊ အင်းလျားစသည့် ရေသေတွင်သာ ကူးဖူးသူများဖြစ်သဖြင့် ရေစီးကြမ်းသော ဝါခေါင်လ ဒုဋ္ဌဝတီနဂါးမင်းနှင့် အပြိုင်ကူး ဖို့ မဝံ့ချေ။ ဖောင်ကလေးသည် ရေစီးကြောင်းအတိုင်း တဟုန်ထိုး စီးမျောသွားပေပြီ။ ရွှံ့ရေဖြင့် ရိုက်ပုတ်မှုကြောင့် သူတို့အားလုံး စိုရွှဲကုန်ကြပြီ။ ရေကန်သာမှာ လှေအပျော်စီးခြင်းမဟုတ်။ ယောက်ျားဖောင်စီး မိန်းမမီးနေဆိုသည့် စကားကို သူတို့ လက်တွေ့ကြုံနေရသည်။
“လှော်ပါဟ လှော်ပါ”
“မျောပြီ မျောပြီ ဖိလှော်ပါဟ ရှေ့မှာ ဝဲရှိတယ်”
ကြောက်ကြောက်ရွံ့ရွံ့နှင့် ငုပ်တုတ်ထိုင်နေသူများသည် ခြေစုံရပ်ကာ တတ်သလောက် မှတ်သလောက် အားကုတ်ထုတ် လှော်ကြတော့၏။ သို့ရာတွင် ဖောင်သည် ရေလယ်မှ မခွာ ရေစီးအတိုင်း တဟုန်ထိုး မျောလေသည်။ ဖောင်ဦးမှ လှော်နေသည့် ဦးအိုက်စံကို လှမ်းကြည့်လိုက်တော့ စိုးရိမ်ပူပန်သည့် အရိပ်အယောက်ကို မြင်ရသည်။
“လှော်ဟေ့ လှော်ဟေ့ အားစိုက်လှော်ကြ”
“ဝုန်း”
ဦးအိုက်စံသည် မပြောမဆို ရေထဲခုန်ချကာ ဖောင်ဦးမှနေ၍ အားစိုက်ကာ ဖောင်ကို ရေစီးကြောင်းအတွင်းမှ ဆွဲထုတ်သည်။ ဆွဲရင်းလှော်ရင်း ရုန်းရင်းကန်ရင်း ဖောင်သည် ကမ်းတဖက်သို့ ကပ်သည်ထက် ကပ်လာခဲ့သည်။ သို့ ရာတွင် တဖက်ကမ်းမှ ရေစီးက ပုတ်ထုတ်နေသဖြင့် ဖောင်သည် ကမ်းသို့ တော်တော်နှင့် ကပ်၍မရ ဆက်၍ မျော ပြန်သည်။
“ချိတ် ချိတ်... ချိတ်နဲ့ဆွဲ”
ဦးအိုက်စံသည် အသင့်လုပ်ထားသော ဖောင်ပေါ်ပါလာသည့် ဝါးချိတ်ဖြင့် တယောက်က ကမ်းစပ်နီးရာသစ်ကိုင်း သစ်ခက်များသို့ ချိတ်ဖြင့် လှမ်းဆွဲသည်။ သုံးလေးချက်မျှ ကြိုးစားလိုက်တော့မှ သစ်ကိုင်းတကိုင်းနှင့် ချိတ်မိပြီး မျောနေသော ဖောင်သည် တုံ့ခနဲ တန့်သွားသည်။ ဝါးကိုင်းကို ဆွဲကာ ဖောင်ကို ကမ်းသို့ ကပ်ရသည်။
ခုမှ အားလုံးစိတ်အေးသွားသည်။ ရေထဲမှ ပြန်တက်လာသော ဦးအိုက်စံ၏ မျက်နှာသည် ယခုမှ ပုံမှန်အ တိုင်း ဝင်းပလာကာ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ သူ့အပြုံးတွင် တာဝန်ကြီးတရပ် ပြီးဆုံးသွား၍ စိတ်ချလက်ချ ဖြစ် သွားသည့်အသွင် ပေါ်လွင်လှပေသည်။ လွတ်လပ်မှုအပြုံးသည် အားလုံးသို့ ကူးစက်သွား၏။ ရိုးသားသော တာ ဝန်ယူစိတ်ကြီးသော တောင်ပေါ်သား ရှမ်းအမျိုးသားကြီး၏ အပြုံးကို သူတို့ ဘယ်တော့မှ မေ့နိုင်ကြတော့မည် မဟုတ်ချေ။
“ရှေ့မှာ ကွေ့ရှိတယ်။ ကျောက်ဆောင်လည်း ပေါတယ်။ ဝဲတွေလည်း ပေါတယ်။ ဆက်မျောသွားရင် ဗမာ (စစ်တပ်) တပ်စခန်းလည်း ရှိတယ်”
ဦးအိုက်စံက စိုးရိမ်စွာပြောသည်။ ထိုစဉ်က ကမ်းပါးတလျှောက် ချုံနွယ်များကို တိုးဝှေ့လာသော သစ်ရွက် စိမ်း ယူနီဖောင်းဝတ် ရဲဘော်တယောက် ပေါ်လာသည်။ သူနဲ့အတူ ရဲဘော်တချို့ပါလာသည်။
“စိုးရိမ်လိုက်တာဗျာ။ ခင်ဗျားတို့ တော်တော် မျောသွားသလားလို့”
“ရေစီးတော်တော် ကြမ်းတယ်ဗျို့။ ဦးအိုက်စံ ကောင်းပေလို့”
သူတို့ နှစ်ဖာလုံလောက် မျောခဲ့သည် ထင်သည်။ တဖက်ကမ်း သူတို့ ထွက်လာသော နေရာကို လျှပ်ရောင် တွင် အတော်ဝေးဝေးမှာ မြင်ရသည်။ လာကြိုသည့် ရဲဘော်ကြီးမှာ ၁၉၆၂ ဇူလိုင် ၇ အရေးအခင်းကာလက အညာ သား ကျောင်းသားရဲဘော်ဟောင်းကြီးတယောက်ဖြစ်မှန်း နောင်မှ သိရသည်။
မြစ်တဖက်ကမ်းသည် ပြောက်ကျားအခြေခံဒေသ၊ တစိတ်တပိုင်း လွတ်မြောက်ဒေသဟု ပြောနိုင်သည်။ သူတို့သည် စကားတပြောပြောနှင့် တောင်ပေါ်လမ်းအတိုင်း တက်ခဲ့ကြသည်။ ယခုမှပဲ စိတ်ချလက်ချ လွတ်မြောက် သွားတော့သည်။ ကချင်က ခုန်ချင်ခုန် အော်ချင်အော် ဟစ်ချင်ဟစ်၊ ဝရမ်းပြေးနှင့် ထောင်ထွက်များသည် ပြည်သူ့ တပ်မတော်သား ပြောက်ကျား ရဲဘော်သစ်လွင်များ ဖြစ်သွားကြလေပြီ။

(၆)

တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့ရာ အတော်သွားမိလျှင် ပြန့် ရောက်ခဲ့ကြသည်။ နေ အတော်မြင့်ပေပြီ။ ကားသံလူသံ တညံညံဖြင့် ပွက်လော ရိုက်နေသော မြို့ပြသိုက်မြုံ၌ ကြီးပြင်းခဲ့ရသူတို့သည် ကျေးသံငှက်သံဖြင့် တိတ် ဆိတ်အေးချမ်းသော တောင်ပေါ်တောလမ်းကလေးအတိုင်း လျှောက်လာရသဖြင့် ကြည်နူးလန်းဆန်းမှုကို ဖြစ်ပေါ် စေ သည်။ ကြည့်လေရာ သစ်ပင်ဝါးပင်ချုံနွယ်တောပန်းတို့က မျက်စိပသာဒကို ဖမ်းစားနေသည်။
ဟော ရှေ့မှာ ကျွဲရိုင်းတကောင်၊ နှာတဖူးဖူး ခွာတရှပ်ရှပ်ဖြင့် လမ်းကို ကားယားခွကာ သူတို့ကို ဆီးကြိုနေ သည်။ ကျွဲရိုင်းတော့ မဟုတ်ပါ။ မောင်းတက် ဝါးကိုင်းဖျားတွင် ကြိုးရှည်ရှည်နှင့် ချည်ကာလှန်ထားသော ခိုင်းကျွဲကြီး ပေပဲ။ ဒီဒေသမှာ ကျွဲတွေကို ရွာနှင့်လှမ်းလှမ်း စားကျက်ကောင်းကောင်းမှာ လှန်ထားတတ်သည်။ အပျောက်အရှ မရှိပေ။ လမ်းက ကျဉ်းကျဉ်း ဘေးတဖက်စီ ချုံတွေ ထူထပ်နေသဖြင့် မသွားသာ ဖြစ်နေသည်။ ကျွဲကြီးက ဝဖြိုးတောင့် တင်းသည်။ လူစိမ်းတွေ တွေ့သဖြင့် ရိုင်းချင်နေသည်။
ရှေ့က သွားနှင့်သူတို့မှာ ကျွဲမောင်းမရ၊ ကျွဲက လမ်းဖယ်မပေး။ ပေစောင်းစောင်းဖြင့် ချိုဝင့်နေသည်။ ကျွဲနှင့် လူတို့ ဆိုင်နေကြစဉ် ခပ်လှမ်းလှမ်းမှ လိုက်ပါလာသော ဦးအိုက်စံရှေ့ကို တက်ကာ ဘာမပြောညာမပြော ကျွဲရှေ့မှာ ခြေကောလက်ကော ဖားခုန်ခုန် စုံမြှောက်ကာ ခြောက်လေသည်။ ဦးအိုက်စံ၏ ကိုး ရိုးကားရားအမူအရာနှင့် ခြေကား ရား လက်ကားရား ဝူးဝူးအော်ကာ ခြောက်လှန့်မှုကြောင့် ရိုင်းချင်သည့်ကျွဲ ချုံကြားသို့ တိုးဝင်ပြေးလေသည်။
သူတို့အားလုံး တဟားဟား ရယ်မောကြသည်။ ဦးအိုက်စံ၏ ဝင်းပသော မျက်နှာသည် စပ်ဖြီးဖြီးဖြင့် ပြုံးလေသည်။ ဦးအိုက်စံ၏ ခုန်ပေါက်မြူးကြွ ကိုးရိုးကားရား အမူအရာက သူတို့ကို ကူးစက်သွားပေသည်။ ကျွဲကို နိုင်တာ လယ်သမားပေပဲ။
သူတို့ ရွာတွေ ဖြတ်လာကြတော့ ဦးအိုက်စံ ပါမလာတော့ပေ။ မေးကြည့်တော့ တမင်ချန်နေရစ်ခဲ့ကြောင်း သိရသည်။ ဦးအိုက်စံအား နောက်ထပ်မတွေ့ရတော့ပေ။ တခါသာ ရွာဘုန်ကြီးကျောင်းပွဲတခုတွင် လူအုပ်ကြားမှာ လှမ်းတွေ့လိုက်ရသည်။ ဦးအိုက်စံက မသိမသာ ပြုံးပြကာ နှုတ်ဆက်သည်။ လျှို့ဝှက်ရေးကြောင့် သူတို့က ဦးအိုက်စံ ကို နှုတ်ဆက်ခြင်းမပြုပေ။
နွေမိုးဆောင်း ရာသီတွေ အလီလီပြောင်းခဲ့ပေပြီ။ သူတို့သည် ထိုးစစ်တွေ ဗုံးအမြောက်ကျည်ဆန်တွေကြား ဖြတ်သတ်းခဲ့ကြသည်။ ဒုဋ္ဌဝတီလိုပင် ကြမ်းသော ရိုင်းသော မြစ်တွေ ချောင်းတွေများစွာကို ဖြတ်သန်းခဲ့ကြသည်။ သံ လွင်ကို အခေါက်ခေါက် ကူးခဲ့ကြသည်။ ဝါးဖောင်ကို ကိုယ်တိုင် ဖွဲ့ကာ ကိုယ်တိုင် မျှောခဲ့ကြသည်။ ရေစီးသန်သော မြစ်တွေချောင်းတွေမှာ ဖျံတကောင်လို ကူးခဲ့ကြသည်။
တောင်တွေတောင်တွေ၊ တောတွေတောတွေ၊ ခြေရာချင်း ထပ်အောင် သွားခဲ့ကြသည်။ ခြေထောက်တွေ အသားမာတက်၊ လည်ဂုတ်တွေ ºကက်သားတက်အောင် ခရီးကြမ်းတွေ ဖြတ်သန်းခဲ့ကြသည်။ တောနှင့်တောင်ကို အသားကျခဲ့ကြသည်။
သူတို့သည် ဦးအိုက်စံကို မမေ့။ အကြောင်းတိုက်ဆိုင်တိုင်း သတိရသည်။ ဦးအိုက်စံသည် သူတို့၏ လက်ဦး ဆရာပေပဲ။ ဦးအိုက်စံ၏ စနစ်ကျမှု စေ့စပ်သေချာမှု တာဝန်ယူမှု ဝိရိယရှိမှု ကြံ့ခိုင်မှု ဇွဲသတ္တိရှိမှု အနစ်နာခံမှု ကိုယ့်အားကိုယ် ကိုးမှုတို့သည် စံနမူနာများ ဖြစ်ခဲ့ပေသည်။
ဧရာဝတီကို အခေါက်ခေါက် လက်ပစ်ကူးခဲ့သော ညောင်ဦးကမ်းပါးက ညောင်ဦးဖီးလို ဒုဋ္ဌဝတီကို အခေါက် ခေါက်ကူးခဲ့သော ဒုဋ္ဌဝတီကမ်းပါးက ဦးအိုက်စံ။ ကျွဲရိုင်းကို ယဉ်ပါးစေသော လယ်သမားကြီး ဦးအိုက်စံ။ ရိုးသား ပျော် ရွှင်တတ်သော တောင်ပေါ်သားကြီး ဦးအိုက်စံ။ သူ အကြိမ်ကြိမ် အလီလီ ပို့ပေးခဲ့သော ဝရမ်းပြေးနှင့် ထောင်ထွက် တွေ ဘယ်လောက်များပြီလဲ။
ဒုဋ္ဌဝတီသည် ရိုင်းတခါ ယဉ်တလှည့် ကြမ်းတခါ ညင်သာတလှည့် နောက်တခါ ကြည်တလှည့် စီးမြဲစီးလျက် ရှိ၏။ နှစ်အတန်ကြာသည့်အခါ တခါ သူတို့ချင်း ပြန်တွေ့စဉ် စိတ်ထိခိုက်ဖွယ်ရာ သတင်းဆိုးတရပ် ကြားလိုက်ရသည်။
စစ်အစိုးရစစ်တပ်က ရွာကိုဝိုင်း ဦးအိုက်စံကို လက်ပြန်ကြိုးတုပ် ရွာပြင်ထုတ်ကာ နှိပ်စက်ညှဉ်းပန်းပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့လေသည်။ အိုက်စံသည် ကွန်မြူနစ် အမာခံဆိုပဲ၊ အမာခံဆိုလျှင် တရားမရှိ ဓားမရှိ လက်လွတ်စပယ် လုပ်ခွင့် ရှိပါသလား။ စစ်ပွဲစစ်မြေပြင်တွင် တဖက်နှင့်တဖက် အသေအကြေ ပစ်ခတ်သတ်ဖြတ်ကြသည်မှာ အဆန်းမ ဟုတ်သော်လည်း ရပ်ထဲရွာထဲနှင့် မြို့ကြီးပြကြီးတွေပေါ်တွင် ဥပဒေမဲ့ ထင်သလို သတ်ဖြတ်ခွင့် ရှိပါသလား။ သူရဲ ဘောကြောင်လွန်းလှပေသည်။
စစ်အစိုးရ ကြေးစားစစ်တပ်၏ ဗိုလ်ကျ ရမ်းကားမှုများကို မကြာခဏ မြင်ရကြားရပါ များလာသည့်အခါ အမာခံဆိုသည်မှာ အဖိနှိပ်ခံပြည်သူလူထုကြီးပင်ဖြစ်သည်ဟု သဘောပေါက်လာမိပေသည်။ ထောင်ထွက် ဝရမ်းပြေး နှင့် အမာခံတို့သည် တသားတည်း ရှိနေခဲ့ပေသည်။ ဒီအထဲတွင် သစ္စာဖောက်များ မပါဝင်ပေ။ သစ္စာဖောက်သူများ သည် ကျေးဇူးကန်းသူများ ဖြစ်ကြပေသည်။ တချိန်က သူတို့ကို ကူညီရိုင်းပင်းခဲ့သော သူတို့က မှီခိုအားထားခဲ့သော အမာခံများကို သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် ရောင်းစားကြသူများ ဖြစ်သည်။
စကားတလုံးမျှမပြော လုပ်စရာရှိသည်ကို ရင်စည်း၍ လုပ်ကိုင်တတ်သော ရိုးသားသိမ်မွေ့သည့် တော၏ သမီးပျိုဖြစ်သော ဦးအိုက်စံ၏ ဇနီးကော။ ကြေးစားတပ်က စော်ကားခဲ့လေသလော။ ချစ်စဖွယ် စူးစမ်းတတ်သော နှလုံးသားဖြူစင်သည့် ဦးအိုက်စံ၏ သမီးနှင့်သားငယ်ကော မိမဲ့ဘမဲ့ လွင့်မျောခဲ့ပြီလော။ စိုးရိမ်ပူပန်စွာဖြင့် သတိတရ အောက်မေ့မိလေသည်။
ဦးအိုက်စံတို့ မိသားစုအကြောင်း စဉ်းစားမိတိုင်း သူသည် မလွှဲသာမရှောင်သာ ခွဲခွာလာခဲ့ရသည့် အမေနှင့် ညီငယ်နှမငယ်များကို လွမ်းဆွတ်မိလေသည်။

အောင်ငြိမ်း
(၂ဝဝ၉၊ ဖေဖော်ဝါရီ ၇)

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်