စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday40
mod_vvisit_counterYesterday169
mod_vvisit_counterThis week696
mod_vvisit_counterLast week1243
mod_vvisit_counterThis month1421
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51676

Online Guests: 8
Your IP: 38.107.191.85
,
Today: Sep 09, 2010
အမျိုးသမီးရေးရာ


အမျိုးသမီးနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှု


အစဉ်အလာ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူများလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးတွေဟာ မိသားစုတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများအဖြစ် ခွဲခြားဆက်ဆံခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို မျိုး ဆက်သစ်ပြန့်ပွားရေး၊ အိမ်မှုကိစ္စပြုလုပ်ရေး လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဖို့အတွက်သာ သတ်မှတ်ထားခဲ့ကြပြီး၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါး တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုသဘောတရား၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု ကို လျော့နည်းစေတဲ့ အကြောင်းတရားများနဲ့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို တိုးမြှင့်ပေးနိုင်မယ့် မဟာဗျူဟာများ အကြောင်းကို ရေးသားတင်ပြပါမယ်။



နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုရာဝယ်


နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ်တဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီး ဖြစ်ဖြစ် သူတို့ရဲ့ ဘ၀တွေအပေါ်မှာ သက်ရောက်မှုရှိစေ မယ့် အစိုးရလုပ်ငန်းဆောင်တာတွေအပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလဲ ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေး ပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဌာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ သမရိုးကျ နိုင်ငံရေးလုပ်ငန်းဆောင် တာ ဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်တဲ့ conventional politics သဏ္ဌာန်ဖြစ်ပါတယ်။ လူ့အဖွဲ့ အစည်းအတွင်းမှာ ဒီလိုသမရိုးကျ နိုင်ငံရေးရာတွေကို လုံးဝစိတ်ဝင်စားမှုမရှိတဲ့ totally inactive လူတွေရှိသလို၊ နိုင်ငံရေးသမားဘ၀ကို အလုံးစုံ ခံယူသွားတဲ့ complete activists တွေလဲ ရှိပါတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုပဲ စိတ်ဝင်စားတဲ့ voting specialists တွေ၊ မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်မယ့် နိုင်ငံရေးရာလောက်ကိုပဲ စိတ်ဝင်စားတဲ့ parochial participants တွေ၊ ဒေသဆိုင်ရာကိစ္စရပ်တွေကိုပဲ စိတ်ဝင်စားတဲ့ communalists တွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေအတွက် ကင်ပိန်းဆောင်ရွက် ပေးတဲ့ campaigners တွေစသည်ဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။



အခုလို သမရိုးကျနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တော်လှန်ရေးဆင်နွှဲမှုတွေအနေနဲ့ ပါဝင်တာ ကိုတော့ Contentious Politics အသွင် သဏ္ဍာန်နဲ့ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုလို့ ခေါ်ဆိုပါတယ်။ ဒီအသွင်သဏ္ဍာန်နှစ်မျိုးမှာ တူညီမှု တွေ ရှိသလို ခြားနားမှုတွေလဲ ရှိပါတယ်။ တူညီမှုတွေကတော့ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေဟာ ပုံစံနှစ်မျိုး လုံးမှာ ပါဝင်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းက လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်များ ပါဝင်နေတတ်သလို ပုံမှန်စနစ်တကျ စီမံချက်နဲ့ ပြုလုပ်တဲ့ လုပ်ငန်းဆောင်တာတွေလဲ အသွင်နှစ်မျိုးလုံးမှာ ရှိပါတယ်။ ခြားနားချက်ကတော့ contentious politics ဟာ institutionalized political boundaries ရဲ့ ပြင်ပမှာ လှုပ်ရှားတာဖြစ်သလို၊ ပါဝင်ဆောင်ရွက်သူများကလဲ ဒီလို institutional channels တွေဟာ အလုပ်မဖြစ်ဘူးလို့ ထင်မြင်ယူဆကြတာ ဖြစ်ပါတယ်။



နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ ဒီအသွင်သဏ္ဍာန်နှစ်မျိုးလုံးမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုအပေါ် ကန့်သတ်ချက်တွေ အများ အပြား ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်း ကာလရောက်တော့ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ တိုး တက် မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ contentious politics မှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို conventional politics မှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲ တွေလဲ ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ် ပိုင်းဆိုင်ရာ တိုးတက်ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ အမျိုးသားတစုကသာ အာဏာရနေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်ကြပါတယ်။







အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေသော အကြောင်းရင်းများ




(၁) အတွေးအခေါ်



နိုင်ငံရေးသိပ္ပံလေ့လာသူ Eisenstein ကတော့ အမျိုးသားတွေ ဦးဆောင်လွှမ်းမိုးတဲ့ စနစ်အနေနဲ့ Patriarchy ဟာ ဇီဝဗေဒအရ ကွဲပြား မှုရှိနေတဲ့ ကျား၊ မကို အမျိုးသားတွေအပေါ် အလေးပေးထားတဲ့ လူနေမှုစနစ်ပုံစံထဲက အမျိုးသား၊ အမျိုးသမီးတွေအဖြစ် အစဉ်အဆက် ခွဲခြားလာမှုတွေကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ဝေးကွာလာတယ်လို့ ဆိုထားခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံလေ့လာသူ Rich ကလဲ Patriarchy ဆိုတာကို အမျိုးသားတွေကနေ တိုက်ရိုက်အင်အားတွေ၊ ဖိအားပေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာ စကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေ သတ်မှတ်မှုတွေ၊ ဘာသာတရားအဆိုအမိန့်တွေကို အသုံးပြုပြီး အမျိုးသမီးတွေ ကို ဘယ်ကဏ္ဍမှာ ပါရမယ်၊ မပါရဘူး စသဖြင့် လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ စနစ်တခုလို့ အဓိပ္ပာယ် ဖွဲ့ဆိုထားခဲ့ပါတယ်။ များသောအားဖြင့် ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းဝန်းကျင်မှာသာ မိခင်၊ ဇနီးအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ public sphere နဲ့ ပါဝင်ပတ်သက်စေခဲ့ပါတယ်။



ဒါကြောင့်လဲ ကိုယ့်ဘ၀အပေါ်မှာပါ သက်ရောက်မှုရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းလာခဲ့ ကြတာပါ။ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့ အခွင့်အရေးတွေ ရရှိလာခဲ့ကြတာ ပါ။ အခွင့်အရေးဆိုတာ အိမ်ထဲ ထိုင်နေရုံနဲ့ အလိုလိုရလာမယ့် အရာမဟုတ်ပါဘူး။ ပထမဆုံး မိမိမှာ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ရှိတယ်ဆိုတာ သိရပါမယ်။ ဒီအတွက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက အသိပညာပေးရပါမယ်။ ဒီလိုသိလာပြီဆိုတဲ့အခါမှာလဲ တောင်းယူ၊ တိုက်ယူရပါမယ်။ မွေးရာပါ လူ့အခွင့်အရေးကို တခြားလူတယောက်ပဲဖြစ်ဖြစ်၊ နိုင်ငံအုပ်ချုပ်သူတစုရဲ့ လက်ထဲကိုပဲဖြစ်ဖြစ် ထိုးအပ်ပြီး ချုပ်ကိုင်ခြယ်လှယ်ခွင့်ပေးထားရင် လူဖြစ်ရကျိုးမနပ်ပဲ ဖြစ်တတ်ပါတယ်။ လူသားတိုင်းဟာ မွေးရာပါ လူ့အခွင့်အရေးကို ခံစားခွင့် ရှိသင့်ပါတယ်။


(၂) နိုင်ငံရေးရာ



နိုင်ငံရေးရာတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှုတွေမှာ အမျိုးသားများကသာ လွှမ်းမိုးချုပ် ကိုင်မှုဟာလဲ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေမှာ၊ အစိုးရထဲမှာ အမျိုးသားတွေပဲ ပါဝင်နေခဲ့ရင် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ်တတ်ကြတာကြောင့်၊ လူဦးရေ တ၀က်ကျော်ရှိတဲ့ အမျိုးသမီးတွေကို လျစ်လျူရှုထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရ တွေကို လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံ ရေးနဲ့ ဆက်နွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို contentious politics, conventional politics တွေမှာ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။



(၃) ယဉ်ကျေးမှုနဲ့ စီးပွား၊ လူမှုရေးရာ



ကမ္ဘာ့နိုင်ငံတော်တော်များများဟာ အမျိုးသမီးတွေရဲ့ မြေပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ကိုင်ဆောင်ရွက် ခွင့်တွေကို ကန့်သတ်ထိန်းချုပ် ထားကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှု အခွင့်အလမ်းတွေ နည်းပါးနေရတာ ဖြစ်ပါတယ်။ နောက် တချက်က အမျိုးသမီးတွေဟာ အမျိုးသားတွေအပေါ် မှီခိုသူတွေလို့ သတ်မှတ်ထားတဲ့ အမြင်တွေ၊ အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံ မှု စတာတွေဟာ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံအများစုရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိမှု၊ ၀င်ငွေ၊ ပိုင်ဆိုင်မှုစတဲ့ကဏ္ဍတွေမှာ အမျိုးသားနဲ့ အမျိုးသမီးများအကြား ကွဲပြားခြားနားမှု (gender disparities) တွေ ရှိနေဆဲပါပဲ။ တကယ်တော့ အမျိုးသမီးတွေဟာ ဒီနိုင်ငံတွေရဲ့ လူဦးရေ တ၀က်ကျော်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ၀င်ငွေတွေ ယုတ်လျော့နေခြင်းဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့၊ တနိုင်ငံလုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ ၀င်ငွေတွေ ယုတ်လျော့နေတာပဲ ဖြစ်ပါတယ်။



နောက်တချက်က အလုပ်ခွဲဝေမှုနဲ့ ဆိုင်ပါတယ်။ အိမ်မှုကိစ္စတွေ၊ ကလေးသူငယ်ပြုစုပျိုးထောင်မှုတွေကို အမျိုးသမီးတွေရဲ့အလုပ်လို့ ယူဆထားတဲ့ အစဉ်အလာတွေကြောင့် အချိန်ရှားပါးမှုပြဿနာကို အမျိုးသမီးတွေ ရင်ဆိုင်နေကြရပါတယ်။ ဥပမာ- အမျိုးသမီး တယောက်ဟာ အိမ်မှုကိစ္စတွေ၊ ချက်ပြုတ်ရေးတွေကိုလဲ အလုပ်မသွားခင်ပြုလုပ်ရမယ်၊ အိမ်ဝင်ငွေအတွက်လဲ အလုပ်လုပ်ရမယ်၊ အလုပ် က ပြန်လာရင်လဲ ကလေးသူငယ်တာဝန်တွေ၊ ချက်ပြုတ်ရေးတာဝန်တွေပါ ယူရမယ်၊ သူ့အမျိုးသားကတော့ အလုပ်လေးပဲ လုပ်နေမယ် ဆိုရင် ဒီအမျိုးသားဟာ မိသားစုတာဝန်ရဲ့ သုံးပုံတပုံကိုသာ တာဝန်ယူနိုင်တဲ့ အရည်အချင်းအဆင့်မှာသာ ရှိနေပါတယ်။ ဒီလိုမဟုတ်ပဲ အလုပ်တာဝန်တွေကို ညီညီမျှမျှ ခွဲဝေဆောင်ရွက်ခြင်းအားဖြင့် မိသားစုအရေးကို ကျား၊ မ မခွဲခြားပဲ အတူတူဆောင်ရွက်နေကြတဲ့ လုပ် ဖော်ကိုင်ဖက်တွေ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ အပြန်အလှန် လေးစားမှု၊ တာဝန်ကျေမှုတွေအပေါ်မှာ အခြေခံပြီး လူ့ဘောင် လောက သာယာချမ်းမြေ့ရေးကို အားပေးထောက်ကူပြုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမျိုးသမီးများရဲ့ အချိန်ရှားပါးမှု၊ ၀န်ပိမှု၊ စိတ်ဖိစီး မှုတွေကို ဖြေဖျောက်နိုင်ပြီး သူတို့ရဲ့ လူ့အဖွဲ့အစည်းအပေါ်၊ နိုင်ငံရေးရာတွေအပေါ် contribution လုပ်နိုင်မှုရာနှုန်းတွေ တက်လာပါ တယ်။



လူ့အဖွဲ့အစည်း တိုးတက်မှုဆိုတာ ချောတိုင်တက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။ အဖွဲ့အစည်းတခုလုံး တိုးတက်ဖို့ ပခုံးပေါ်ပဲ နင်းနင်း၊ ခေါင်းပေါ်ပဲနင်းနင်း ကိုယ့်လူ့အဖွဲ့အစည်း အမြင့်ရောက်ဖို့ကို အားပေးကူညီကြရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ဒီချောတိုင်ပေါ် သူမတက်ရ၊ ငါမတက်ရ ခွဲခြားပြီး လုပ်နေကြမယ်ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ပျက်စီးမှုရောဂါ စတင်နေပြီလို့ ဆိုနိုင်ပါ တယ်။ ဒီရောဂါ တစတစ ကူးစက်ပျံ့ပွားလာတာနဲ့အမျှ လူ့အဖွဲ့အစည်း တခုလုံးကို ဆုတ်ယုတ်ပျက်စီးစေတော့တာပါပဲ။



အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု တိုးမြှင့်ရေး မဟာဗျူဟာများ



(၁) Gender quotas



နှစ်ဆယ်ရာစုနှောင်းပိုင်းကစပြီး နိုင်ငံတော်တော်များများမှာ ဒီမဟာဗျူဟာကို စတင်ကျင့်သုံး လာကြပါတယ်။ နိုင်ငံရေးရာမှာ အမျိုးသားနဲ့ အမျိုးသမီးအကြား gender gap ဖြစ်နေတာကို ဖြည့်ဆည်းဖို့ အချို့သော အမျိုးသမီးများကို power structure အတွင်း ရာခိုင်နှုန်း သတ်မှတ်ပြီး ထည့်သွင်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာနဲ့ ပတ်သက်ပြီး အပြန်အလှန်ငြင်းခုန်မှုတွေကတော့ ရှိနေပါတယ်။ ဘာကြောင့် လဲ ဆိုရင် gender gap ပြဿနာဆိုတာက အမျိုးသမီးတွေကို power structureထဲ များလာအောင် ထည့်သွင်းတာတခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တာကြောင့်ပါ။ ပေါ်လစီရေးရာ ကိစ္စဖြစ်တဲ့အတွက် power structure ကို ထောက်ကူပေးနိုင်မယ့် supporting mechanisms အများအပြားလဲ လိုအပ်ပါတယ်။ နောက်တချက်က ဒီလိုဆောင်ရွက်လာတဲ့အခါမှာ elite women တွေပဲ ပါဝါထဲမှာ ပါလာတာမျိုးဖြစ်သွားတတ်ပြီး၊ လူထုလူတန်းစားအသီးသီးက အမျိုးသမီးတွေကို ကိုယ်စားမပြုသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို political empowerment လုပ်ရာမှာ gender quotas ဟာ လူ့အဖွဲ့အစည်းအတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ redistributive justice နဲ့ ဆက်စပ်ထားရမှာ ဖြစ်ပါတယ်။



(၂) အမျိုးသမီးနိုင်ငံရေးကွန်ရက်



နောက်တနည်းကတော့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများ အချင်းချင်း ကွန်ယက်တည်ဆောက်မှုဖြစ်ပါတယ်။ ထုံးတမ်း အစဉ်အလာများကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့ကြပါတယ်။ ဒီလိုအခြေအနေကနေ ရုတ်တရက် gender quotas ကြောင့် နိုင်ငံရေးထဲ ရောက်လာတဲ့အခါမှာ နိုင်ငံရေးအသိပညာ အားနည်းမှုကြောင့် နိုင်ငံရေးနဲ့ အစိုးရလုပ်ငန်းဆောင်တာတွေမှာ အားနည်းချက်တွေ ရှိလာတတ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေ ညံ့တာ၊ အသုံးမကျတာ မဟုတ်ပါဘူး။ နိုင်ငံရေးနယ်ပယ်ဆိုတာကို အမျိုးသားတွေကသာ လွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး၊ အမျိုးသမီးတွေကို ပါဝင်ခွင့် မပေးခဲ့တာကြောင့် နားမလည်တာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို သင်တန်းပေးမှုတွေ၊ hands-on experiences တွေနဲ့ အမျိုးသားများက လက်တွဲခေါ်ရမှာ ဖြစ်သလို၊ အမျိုးသမီး နိုင်ငံရေးသမား အချင်းချင်းကလဲ စည်းလုံးညီညွတ်စွာ အပြန်အလှန် ဆွေးနွေးမှု၊ လက်တွဲခေါ်ဆောင်မှုတွေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။



နောက်တချက်က gender quotas နဲ့ပဲဖြစ်ဖြစ်၊ အရည်အချင်းအရ ရွေးချယ်တင်မြှောက်ခံရရင်ပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ သူတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ၊ အစိုးရအဖွဲ့အတွင်းတွေမှာတင် အမျိုးသားအချို့ရဲ့ မလေးမစား ဆက်ဆံခံရမှုတွေ၊ အရေးမစိုက် မှုတွေ၊ ဖယ်ရှားရန် ကြိုးပမ်းအားထုတ်မှုတွေ၊ အမျိုးသမီးအကြီးအကဲရဲ့ တာဝန်ပေးမှုဆိုပြီး ဂရုမစိုက်မှုတွေ စတဲ့ ပြဿနာများကို ရင်ဆိုင်ကြရတတ်ပြန်ပါတယ်။ ဒီလိုပြဿနာတွေကို စိတ်ဓာတ်ကြံ့ခိုင်စွာ ကျော်လွှားနိုင်ဖို့ အမျိုးသမီး နိုင်ငံရေးကွန်ရက်တွေ လိုအပ်လှ ပါတယ်။



နိဂုံး



နိဂုံးချုပ်ဆိုရရင် လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးဆိုတာ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေပဲလို့ ဆိုနိုင်ပါတယ်။ တချို့သော နိုင်ငံတွေမှာဆိုရင် အမျိုးသမီးလူဦးရေဟာ အမျိုးသမီးလူဦးရေထက်ကို ပိုပြီးများနေပါတယ်။ ဒီလို လူဦးရေ တ၀က်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ နိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်း တာဟာ ရေနည်းနေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်းတိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ်ပွင့်လာဖို့က အမျိုးသမီး တွေ အပေါ်မှာလဲ အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ၀ိုင်းဝန်းဖယ်ရှားကြရင်း မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်မှုကနေ ကမ္ဘာတ၀ှမ်းက လူ့အဖွဲ့အစည်းအားလုံးတိုးတက် မြင့်မားဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး (၉၊ ၃၊ ၂၀၀၉)

ရည်ညွှန်းကိုးကား။



Eisenstein, Z (1984) Contemporary Feminist Thought, Unwin, London



Keck, M. & Sikkink, K. (1998) Activist Beyond Borders: Advocacy Networks in International Politics, Cornell University Press, NY



Kennedy-Pipe, C. (2007) “Gender and Security” in Collins, A. (ed.) Contemporary Security Studies, Oxford University Press, Oxford



Lovenduski, J. (1992) “Gender and Politics” in Hawkesworth, M. & Kogan, M. (eds)

Encyclopedia of Government and Politics, Routledge, London & NY



Phillips, A. (1998) Feminism & Politics, Oxford University Press, Oxford

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်