စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday46
mod_vvisit_counterYesterday169
mod_vvisit_counterThis week702
mod_vvisit_counterLast week1243
mod_vvisit_counterThis month1427
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51682

Online Guests: 11
Your IP: 38.107.191.85
,
Today: Sep 09, 2010
ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း -ငါး)

၂။ (၁၇၈၇-၈၉) နှစ်များအတွင်း ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဘက်တွင် အကျပ်အတည်းကပ် ဆိုက်ရောက် လာခဲ့ခြင်း။

ဤသို့ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဘက်တွင် အကျပ်အတည်းဆိုက်မှုနှင့် တချိန်တည်း (၁၇၈၈) ခုနှစ်တွင် လယ်ယာသီးထွက် အကြီးအကျယ် ကျဆင်းလာခဲ့သည်။ မိုးသီးများလည်း ကျခဲ့သည်။ လေမုန်တိုင်းဒဏ်ကိုလည်း ခံရသည်။ လူထုမှာ မသေရုံကလေး စားသောက်ရပြီး အငတ်ဘေးဆိုက်ရောက်နေရသည့်အချိန်ပါ။



၃။ လူထုအုံကြွမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်း။

၁၇၈၉ ခုနှစ်၊ တနှစ်တည်းမှာပင်လျှင် လယ်သမားနှင့် မြို့နေဆင်းရဲသားတို့၏ အုံကြွမှု၊ ပုန်ကန်မှုများ ဖြစ်ပေါ်ခဲ့သည်မှာ အကြိမ်အရေအတွက် (၃ဝဝ) ကျော် ရှိခဲ့သည်။

အလုပ်သမားတို့၏ ကြွေးကြော်သံများထဲတွင်...

- ပဒေသရာဇ်များကို ချေမှုန်းကြ။

- မှောင်ခိုသမားများကို ချေမှုန်းကြ။

- ဘာသာရေးထိပ်သီးများကို ချေမှုန်းကြ...ဆိုသော အချက်များ ပါဝင်ခဲ့သည်။  ပိုစတာများလည်း ကပ်ခဲ့ကြ သည်။

တတိယအတန်းအစားထဲမှ လူတန်းစားများသည် လူတန်းစား အစည်းအဝေးများ ကျင်းပခဲ့ကြသည်။ ကိုယ် စားလှယ်များ စေလွှတ်ပြီး တောင်းဆိုချက်များ တင်ပြတောင်းဆိုခဲ့သည်။

ဒေသအသီးသီးတွင် အစည်းအဝေး အများအပြား လုပ်ခဲ့ကြသည်။

အစပိုင်းတုန်းက လူဝီ(၁၆) သည် လွှတ်တော် ခေါ်မပေးဘဲ ငြင်းဆန်ခဲ့သည်။ အထူးခုံရုံးဆိုသည်ကိုသာ ဆင့်ခေါ်ပြီး အခွန်တော်ဥပဒေသစ်ကို အတည်ပြုလိုက်သည်။

သို့ရာတွင် လူထု၏ မကျေနပ်မှုတွေ၊ အတိုက်အခံတို့၏ တောင်းဆိုမှုတွေက အလွန်တရာ ပြင်းထန်လာ သည်။

ထို့ကြောင့် လွှတ်တော်ကို မခေါ်ဆိုဘဲ နေ၍ မရတော့ပါ။ လူဝီ(၁၆) သည် ၁၇၈၉ ခုနှစ်၊ မေလ ၁ ရက်နေ့ တွင် လွှတ်တော်ကို ဆင့်ခေါ်လာရတော့သည်။



•                                          •                                          •                                          •                                                                    



မေလ ၅ ရက်နေ့တွင် လွှတ်တော်(၃) ရပ် အစည်းအဝေးကို စတင်လိုက်သည်။ လူတန်းစားအသီးသီး တို့သည် လွှတ်တော်အပေါ် ကိုယ့်မျှော်လင့်ချက်နှင့် ကိုယ် အသီးသီး ရှိနေခဲ့ကြသည်။

ပဒေသရာဇ်တွေက လွှတ်တော်(၃) ရပ် အစည်းအဝေးများကို အစည်းအလာအတိုင်း တခုစီ ခွဲ၍ ကျင်းပ ရန်၊ သို့ဖြင့် ပထမလွှတ်တော်နှင့် ဒုတိယလွှတ်တော်မှ မဲ ၂ မဲ ပေါင်းကာ တတိယလွှတ်တော်ကို သူတို့ အလွယ်တကူ အနိုင် ရရှိစေဖို့ စိတ်ကူးထားသည်။ (အခွန်တော်သစ် ကောက်ခံရေးတွင် သူတို့က အခွန်မပေးရသည့် လူတန်းစား ဖြစ်နေကြသည့် အတွက် ဤသို့ စိတ်ကူးကြခြင်းပင်။)

တတိယလူတန်းစားကမူ လွှတ်တော်(၃) ရပ်အစည်းအဝေးများကို တပေါင်းတစည်းတည်း ကျင်းပပေးဖို့၊ ကိုယ်စားလှယ်အလိုက် တဦးချင်းစီက မဲပေးခွင့် ရရှိအောင် သတ်မှတ်ပေးဖို့၊ ပထမလွှတ်တော်နှင့် ဒုတယလွှတ်တော်တို့၏ ကိုယ်စားလှယ်အရေအတွက်နှင့် တတိယလွှတ်တော်၏ကိုယ်စားလှယ် အရေအတွက်ကို တန်းတူညီ စေဖို့( အမှန်တွင် တတိ ယ အတန်းအစားထဲတွင် ပါဝင်သူများက စုစုပေါင်း လူဦးရေ၏ ၈ဝ ရာခိုင်နှုန်းကျော် ဖြစ်သသည့်အတွက် သူတို့၏ ကိုယ်စားလှယ် အရေအတွက်က ပိုများသင့်သည်။) တောင်းဆိုခဲ့ကြသည်။

သည်အခါ ဘုရင်က တတိယလွှတ်တော်၏ ကိုယ်စားလှယ်အရေအတွက် ကိစ္စတွင် အလျှော့ပေး လိုက် လျောမှု ပြုခဲ့သည်။ ကိုယ်စားလှယ်ဦးရေကို (၆ဝဝ) အထိ တိုးမြှင့်ပေးလိုက်သည်။

သို့ရာတွင် လွှတ်တော်(၃) ရပ် တပေါင်းတစည်းတည်း ကျင်းပရေး တောင်းဆိုချက်နှင့် စပ်လျဉ်း၍မူ အ ချိန်ရွှေ့ဆိုင်းသည့် နည်းပရိယာယ်ကို ကျင့်သုံးလာသည်။ ပဒေသရာဇ်လူတန်းစားအသစ် သူကောင်းမျိုးတွေ လွှမ်းမိုးထား သော ပဲရစ်ပါလီမန်က လွှတ်တော်(၃) ရပ်ကို အစဉ်အလာအတိုင်း တသီးတခြားစီ ခွဲပြီး ကျင်းပဖို့၊ လွှတ်တော်အလိုက် သီးခြား မဲဆန္ဒပေးကြဖို့ ဆက်လက် ရပ်ခံလိုက်သည်။ ပဒေသရာဇ်ကိုယ်စားလှယ်များက ပဒေသရာဇ်အကျိုးအတွက် ဗြောင်ရပ်တည် ကြောင်း ဖော်ပြလိုက်သည့် ဆုံးဖြတ်ချက် ဖြစ်သည်။

တတိယလွှတ်တော်ကလည်း လွှတ်တော်(၃) ရပ် တပေါင်းတည်း ကျင်းပရေး မူအပေါ်တွင် အလျှော့မပေး ဘဲ ကြံ့ကြံ့ ခိုင်ခိုင် ဆက်လက်ရပ်တည်မြဲ ရပ်တည်နေသည်။

ဤအနေအထားမှာပင် ဗာဆိုင်းနန်းတော်တွင် လွှတ်တော်(၃) ရပ် သီးခြားခွဲ၍ ကျင်းပနေသည်။ တတိယ လွှတ်တော်ကတော့ လွှတ်တော်(၃) ရပ်တပေါင်းတည်း ကျင်းပပေးရေးကို ဤအနေအထားမှာပင် ဆက်လက် တောင်းဆိုနေ သည်။ ဤတောင်းဆိုချက် မရရှိပါက သူတို့၏ လွှတ်တော်ဆိုသည်မှာ ဘာအဓိပ္ပာယ်မျှ ရှိမည်မဟုတ်ပါ။

ယင်းသို့ဖြင့် လွှတ်တော်(၃) ရပ်သည် ဤကိစ္စ ငြင်းခုံပွဲကြီးလုပ်ရင်း အချိန် တလကျော် ကြာလာသည်။ ဘာမှ ပြီးပြတ်ခြင်း မရှိပါ။ ပြီးပြတ်ခြင်း မရှိသည့် အခြေအနေမှာ တတိယလူတန်းစားတို့၏ တောင်းဆိုချက် မရရှိသည့် အဓိ ပ္ပာယ် ဖြစ်နေပါသည်။

ဤတွင် တတိယအတန်းအစား ဖြစ်သော ပြည်သူများသည် ရှေ့တဆင့်တက်ဖို့ ခြေလှမ်းသစ်ကို ပြင်ဆင် လာရပါတော့ သည်။

ဇွန်လ(၇) ရက်နေ့တွင် ဆန္ဒမဲနှင့် ဆုံးဖြတ်ပြီး တတိယလွှတ်တော်ကို အမျိုးသားလွှတ်တော် (National Assembly) အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။ ကြေညာချက်ပါ ထုတ်ပြန်လိုက်သည်။ ဤလုပ်ဆောင်ချက်သည် ၁၇၈၉ တော်လှန်ရေး၏ ပဏာမခြေလှမ်းပင် ဖြစ်တော့သည်။

ဤတွင် ဘုရင့်ဘက်မှလည်း မဆိုင်းမတွ တုံ့ပြန်ခြင်း ပြုလာသည်။ ဗာဆိုင်းနန်းတော်တွင် အမျိုးသားလွှတ် တော် မကျင်းပနိုင်အောင် အစည်းအဝေးခန်းမများကို ပိတ်ပစ်လိုက်သည်။

တော်လှန်သော လူထုဘက်မှာကလည်း နည်းနာ အမြောက်အမြားပါ။ နည်းနာ ကြွယ်ဝကြပါသည်။

လူထုသည် ဗာဆိုင်းနန်းတော်အနီးရှိ တင်းနစ်ကစားကွင်းနေရာတွင် အမျိုးသားလွှတ်တော် အစည်းအဝေး များကို ဆက်လက်ကျင်းပကြပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် ရေးဆွဲ မပြီးမချင်း အမျိုးသားလွှတ်တော်ကို ရုပ်သိမ်းခြင်းမပြု- ဟူသော ဆုံးဖြတ်ချက်ကို ကိုယ်စားလှယ်များက မဲဆန္ဒပေးကာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက် ကြသည်။

ထိုမျှသာမက ရန်သူ့အင်အားကို ဖြိုခွဲပြီး မိမိအင်အားကို တိုးချဲ့သည့် နည်းပရိယာယ်အဖြစ် အခြားလွှတ် တော် ၂ ရပ်မှ အင်အားစုများ အမျိုးသားလွှတ်တော်နှင့် လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။ အမျိုးသားလွှတ်တော် ၏တံခါးကို အမြဲ ဖွင့်ပေးထားခဲ့သည်။ ဤနည်းပရိယာယ်သည် အကျိုးသက်ရောက်မှု ရှိလာခဲ့သည်။ တပတ်အကြာတွင် ပထမလွှတ်တော်ထဲမှ အောက်တန်းလွှာ သာသနာ့ဝန်ထမ်းများသည် တင်းနစ်ကစားကွင်းအတွင်းရှိ အမျိုးသား လွှတ်တော်နှင့် လာရောက် ပူးပေါင်းကြတော့သည်။ (စင်စစ်တွင်မူ သူတို့သည်လည်း အခွန်တော် ပေးဆောင်ရသည့် ဆင်းရဲနွမ်းပါး သူများ သာ။)

ဤပဋိပက္ခသည် ကြာလေ ကြီးလေ ဖြစ်လာသည်။

အုပ်စိုးသူများအတွင်းမှာလည်း သူ့ပဋိပက္ခနှင့် သူပါ။

ဘဏ္ဍာရေးဝန်ကြီး ‘နက်ကာ’က နန်းတွင်းအသုံးစရိတ်နှင့် စစ်စရိတ် လျှော့ပေါ့ရေးကို တင်ပြတောင်းဆို လိုက်သည်။ ဤတင်ပြချက်သည် လူထုဆီက အခွန်တိုးကောက်ပြီး ဘဏ္ဍာရေးပြဿနာ ဖြေရှင်းသည့် နည်းလမ်းကို ဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။ ဘုရင်က ဝန်ကြီး‘နက်ကာ’ကို ရာထူးမှ ချက်ချင်း ဖြုတ်ပစ်လိုက်သည်။

သည့်နောက်တွင် ဘုရင်က တပ်များကို စုစည်းပြင်ဆင်ခြင်း ပြုလုပ်လာသည်။ လက်နက်ရှိသည့် အုပ်စိုး သူက အကြမ်းဖက်နည်းလမ်းကို စတင်ရွေးချယ်ခဲ့တာပါပဲ။ ဘုရင်နှင့် ပဒေသရာဇ်တွေက အမျိုးသားလွှတ်တော်ကို အကြမ်း ဖက်နှိမ်နင်းဖို့ စီမံစိုင်းပြင်းကြတော့သည်။ တပ်များဖြင့် အမျိုးသားလွှတ်တော်ကို ရင်ဆိုင်ထားသည်။

အမျိုးသားလွှတ်တော်က ဘုရင့်တပ်များကို ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုသည်။ ဘုရင်က ငြင်းဆန် သဖြင့် လူထုက တော်လှန်ရေးကို စတင်ဆင်နွှဲလိုက်ပါတော့သည်။

၁၇၈၉ ဇူလိုင် ၁၂ ရက်နေ့။ ပဲရစ်မြို့ လူထု ချီတက်ပွဲ။

၁၇၈၉ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့။ ပဲရစ် လူထုပုန်ကန်မှု၊ လူထုက အကြမ်းဖက်မှုကို လက်နက်ကိုင်စွဲပြီး တော်လှန်ပုန်ကန်လိုက်ခြင်းပင် ဖြစ်သည်။

ဇူလိုင် ၁၄ ရက်နေ့တွင် ဘာစတီး (Basstile) အကျဉ်းထောင်မှအပ ပဲရစ်တမြို့လုံး လူထု လက်တွင်း ရောက်ခဲ့ပြီ။ ဘာစတီးထောင်သာ ကျန်တော့သည်။

ဘာစတီးထောင်သည် ၁၄ ရာစုကတည်းက ဆောက်လုပ်ခဲ့တာပါ။ တံတိုင်း ၈ ဆင့် နှင့် အခိုင်အခန့် တည် ဆောက်ထားခြင်း ဖြစ်သည်။ ကျုံးရေပြင်က ၂၅ မီတာခန့် ရှိသည်။ ဘာစတီးထောင်ထဲတွင် လူထုခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားများ ရှိနေကြသည်။ အခိုင်အခန့်ကာကွယ်ထားသော ဘာစတီးအကျဉ်းထောင်ကို လူထုက သိမ်းပိုက်နိုင်လိမ့် မည်မဟုတ်ဟု အုပ်စိုးသူများဘက်မှ တွက်ဆထားပုံရသည်။ ထောင်ကို တပ်များဖြင့် စောင့်ကြပ်ထားသည်။

လူထုကော်မတီထဲမှာပါသော ဓနရှင်များက ထောင်စောင့်ဗိုလ်ချုပ်နှင့် စေ့စပ်ကမ်းလှမ်းရေးလုပ်ဖို့ ကြိုးစား သည်။ ဤနည်းလမ်းကို လူထုကြီးက လက်မခံခဲ့ပါ။ လူထုသည် ကျုံးကို ရေကူးပြီး ဖြတ်ကြသည်။ ဘာ စတီးထောင်ကို တိုက် ခိုက်ခြင်းနည်းနာဖြင့်သာ သိမ်းပိုက်သည်။ လူထုကြီးက ထောင်စောင့်ဗိုလ်ချုပ်ကိုလည်း သေဒဏ်ပေးလိုက်ကြသည်။

ဘာစတီးထောင်ကျဆုံးခြင်းသည် ဘုရင်၏အကြွင်းမဲ့အာဏာနှင့် ပဒေသရာဇ်တို့၏ အခွင့်အရေးများ ကျဆုံး ခြင်းပင် ဖြစ်သည်။ (ဤ “ဇူလိုင်လ ၁၄ ရက်”နေ့ကို ပြင်သစ်နိုင်ငံ၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ယခုထက်တိုင် အထိမ်းအမှတ် နေ့များ ဆင်နွှဲနေကြဆဲ ဖြစ်သည်။)

လူထုကြီးသည် ဤအောင်ပွဲ၏ အခြေခံပေါ်မှနေ၍ ရှေ့ခြေလှမ်းများ ဆက်လှမ်းသည်။ “ပဲရစ်မြို့အုပ် ချုပ်ရေးအဖွဲ့”ကို ဖွဲ့စည်းလိုက်သည်။ ထိုမျှမက အမျိုးသားကာကွယ်ရေးတပ် ( National Guard) ကိုပါ ဖွဲ့စည်းလိုက်ပြန်သည်။

ထပ်ဆင့် အောင်ပွဲရသည်ဟု ဆိုနိုင်သည်မှာ ဒုတိယလွှတ်တော်က အမျိုးသားလွှတ်တော်နှင့် လာရောက် ပူးပေါင်းခြင်း ဖြစ်သည်။

ဤသို့ဖြင့် ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘုရင်က “အမျိုးသားလွှတ်တော်”၊ “အမျိုးသား ကာကွယ်ရေးတပ်”နှင့် “ပဲရစ်မြို့အမြဲတမ်းကော်မတီ”(တတိယအတန်းအစား၏ ကိုယ်စားလှယ်များ) တို့ကို အသိအမှတ်ပြု လက်ခံလိုက်ရတော့သည်။ သို့သော်လည်း ဘုရင်သည် တဖက်တွင် သူ့အာဏာကို ပြန်လည်ထိန်းသိမ်းဖို့ ပြင်ဆင်မှုတွေ ကြိတ်ပြီး ကြံစည်နေသည်။

ပဲရစ်မြို့မှာသာမက တပြည်လုံးတွင်လည်း လယ်သမားပုန်ကန်မှုများ ဆက်လက်ဖြစ်ပေါ် ပျံ့နှံ့နေလေသည်။ လယ်သမားတို့သည် ပဒေသရာဇ်ရဲတိုက်များ၊ သာသနာကျောင်းတိုက်များကို ဖျက်ဆီးပစ်ကြသည်။ လယ်သမားများ ၂ လအတွင်း အောင်ပွဲများ ဆက်တိုက်ရရှိနေသဖြင့် ပဒေသရာဇ်အများအပြား ပြည်ပသို့ ထွက်ပြေးကုန်ကြသည်။ အရင်း ရှင်ကြီးများသည်လည်း လူထုအုံကြွမှုတို့ကို ကြောက်ရွံ့ကာ ယိမ်းယိုင်တုန်လှုပ်လာကြသည်။

ဘုရင့်အစိုးရသည် တိုင်းပြည်၏အခြေအနေကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့သောကြောင့် အမျိုးသားလွှတ် တော်က ငြိမ်ဝပ်ပိပြားရေးကို တာဝန်လွှဲပြောင်း ယူလိုက်သည်။ အမျိုးသားလွှတ်တော်၏ ခေတ်ကာလကို စတင်လိုက်ပါပြီ။



•                                          •                                          •                                          •                                        



အမျိုးသားလွှတ်တော်က ၁၇၈၉ သြဂုတ်လအတွင်း နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေး ကြေ ညာစာတမ်း (Declaration of Rights of Man and Citizen) ကို ထုတ်ပြန်ကြေညာလိုက်သည်။ ၁၇၈၉ သြဂုတ်လ ၁၁ ရက်နေ့တွင် မြေရှင်ပဒေသရာဇ်နှင့် ပဒေသရာဇ် အခွင့်အရေးများအားလုံး ဖျက်သိမ်းလိုက်ကြောင်း ကြေညာသည်လည်း ရှိသည်။ ဘုရင်က ဤကြေညာချက် ၂ ခုစလုံးကို အသိအမှတ် မပြုပါ။

တကယ်တမ်းတွင် ဤကြေညာချက်များသည် နာမည်မျှသာ ရှိပါသည်။ လက်တွေ့အရ လယ်ကျွန်စနစ်နှင့် ဘာသာရေးအခွန်တွေလောက်သာ ဖျက်သိမ်းပစ်နိုင်ခဲ့သည်။ မင်းညီမင်းသားတို့၏ မြေယာများကို သိမ်းယူ၍ ခွဲဝေပေးရေး၊ လယ်ရိုင်းတွေ အခမဲ့ ခုတ်ထွင် စိုက်ပျိုးရေးတို့ကို လူထုက တောင်းဆိုခဲ့သော်လည်း ခေါင်းဆောင်မှုက ဤသည်ကို နည်း နည်းမျှ ဂရုမစိုက်ခဲ့ကြပါ။

ဘာသာရေး မြေများကိုဆိုလျှင် အကွက်ကြီးလိုက် ရောင်းချရေးကိုသာ ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ လယ်သ မားများ ဘယ်မှာ ဝယ်ယူဖို့ ဖြစ်နိုင်ကြပါ့မလဲ။

ထိုနည်းတူစွာ အလုပ်သမားများသည်လည်း ဘာအကျိုးကျေးဇူးကိုမျှ မရခဲ့ကြ။ ၁၇၈၉ ခုနှစ်၊ သြဂုတ် လထဲတွင် အလုပ်သမားသပိတ်များ စတင်ပေါ်ပေါက်ခဲ့သည်။ ထို့နောက် ၁၇၉ဝ တွင် အလုပ်သမား အပြန်အလှန် ကူညီရေး အဖွဲ့များ တည်ထောင်လာကြသည်။ ၁၇၉၁ ခုနှစ်ကျတော့ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်နှင့် သပိတ်မှောက်ခွင့် တို့ကို တားဆီးသော ဥပဒေများ ထုတ်လာကြသည်။

၁၇၈၉ အောက်တိုဘာလ ၁ ရက်နေ့တွင် ဘုရင်က တပ်မှူးကြီးများ အစည်းအဝေးတခု လုပ်ခဲ့သည်။ တော်လှန်ရေးကို ဆန့်ကျင်ဖို့ ကြံစည်ကြိုးပမ်းလိုက်ခြင်းပါ။ သည့်အတွက် အောက်တိုဘာလ ၅ ရက်နေ့တွင် ပဲရစ်မြိ့လူထုက ချီတက်ပွဲလုပ်ပြီး ဗာဆိုင်းနန်းတော်ကို သွားဝိုင်းသည်။

(ထိုစဉ်က အမျိုးသားလွှတ်တော်ကို အဓိကအားဖြင့် ဓနရှင်လူတန်းစားကိုယ်စားလှယ်များနှင့် လစ်ဘရယ် မင်းညီမင်းသားတို့၏ လက်ယာဂိုဏ်းက လွှမ်းမိုးထားတာပါ။ ထို့ကြောင့် လူတန်းစားတိုက်ပွဲတွင် လူတန်းစားအသီးသီး၏ ပါဝင်ကပြမှုအခန်းများကို စိတ်ဝင်စားဖွယ် မြင်တွေ့လာရသည်။ အမျိုးသားလွှတ်တော်ကို စတင်ဖွဲ့စည်းခဲ့စဉ်က တတိယ အ တန်းအစားထဲ ပါဝင်သော လူတန်းစားအားလုံးက ဘုရင်နှင့် ပဒေသရာဇ်လူတန်းစားတို့ကို ဆန့်ကျင်တိုက်ခိုက်ရေး ရည်ရွယ် ချက်နှင့် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ယခုအခါ အနေအထားသည် တမျိုးတဖုံ ပြောင်းလဲလာသည်။)

လူထုက ဗာဆိုင်းနန်းတော်ကို သွားဝိုင်းသည့်အခါ အမျိုးသားလွှတ်တော်မှ ဓနရှင်ကြီးဂိုဏ်းသည် ဘုရင်ကို အကာအကွယ်ပေးကြသည်။ ဘုရင်ကို ပဲရစ်သို့ ရွှေ့ပြောင်းပေးလိုက်တာလည်း သူတို့ပါ။ ထိုမျှမက အမျိုးသားလွှတ်တော် အစိုးရသည် လူထု၏ ပုန်ကန်မှုတွေ ဆက်လက်တည်ရှိနေခြင်းကို ပြင်းထန်စွာ နှိမ်နင်းပါတော့သည်။ လူထုကို ပစ်သတ်သည် အထိ လုပ်ခဲ့သည်။ တော်လှန်ရေးကို သစ္စာဖောက်မှုကြီးပါ။

အမျိုးသားလွှတ်တော်သည် နိုင်ငံကို အုပ်ချုပ်ရး နယ်မြေ(၃) ခု ခွဲပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖွဲ့စည်း ကာ အုပ်ချုပ်သည်။ တရားရုံးးဖွဲ့စည်းရာတွင် ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ခြင်း ပြုသည်။ အမျိုးသားလွှတ်တော်သည် ဘဏ္ဍာရေး ပြဿနာ ဖြေရှင်းဖို့ ကျောင်းတော်ပိုင်မြေယာများနှင့် ကျောင်းတော်ပိုင် ပစ္စည်းဥစ္စာများကို သိမ်းပိုက်သည်။ အာမ ခံထားပြီး ငွေစက္ကူများ ထုတ်ဝေသည်။ ၁၇၉ဝ ခုနှစ်တွင် သာသနာရေး ဥပဒေပြဋ္ဌာန်းပြီး ကျောင်းတော်ဆိုင်ရာ အဖွဲ့ အစည်းအားလုံးကို ဖျက် သိမ်းပစ်လိုက်သည်။ သာသနာ့ဝန်ထမ်းများကို မဲဆန္ဒနှင့် ရွေးချယ်ပြီး ပုံသေလစာ ပေးထားသည်။

၁၇၉၁ ခုနှစ်တွင် အမျိုးသားလွှတ်တော်ကို တိုင်းပြုပြည်ပြုလွှတ်တော် (Constituent Assembly) ဟု အမည် ပြောင်းလိုက်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲစေသည်။ ယင်းဥပဒေအရ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူနှင့် အရွေးခံပိုင်ခွင့်ရှိသူများကို အခွန်ထမ်းဆောင်နိုင်မှုအပေါ် မူတည်ပြီး သတ်မှတ်ထားသည်။

ထိုအချက်များကြောင့် အမျိုးသားလ¸တ်တော်သည် အရင်းစစ်လိုက်လျှင် ဓနရှင်လူတန်းစား အကျိုးပြု လွှတ်တော်သာ ဖြစ်နေကြောင်း တွေ့ရသည်။

ဓနရှင်တို့အကျိုးအတွက် ကူးသန်းရောင်းဝယ်ရေးဘက်မှာ အဟန့်အတား ဖြစ်နေသော ဥပဒေများနှင့် ရောင်းဝယ်မှုအခွန်အကောက်စနစ်တို့ကို ဖျက်သိမ်းပစ်သည်။ တဖက်မှာကျတော့ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်၊ သပိတ်မှောက်ခွင့်တို့ကို တားဆီးသော ဥပဒေများ ထုတ်ခဲ့ရုံမျှမက အလုပ်သမားများ၏နစ်နာကြေး တောင်းဆိုချက်များ ကိုလည်း လက်ခံခွင့်ပြုခြင်း မရှိခဲ့။ အမျိုးသားလွှတ်တော်အစိုးရ၏ ဥပဒေများသည် ပြည်သူလူထုအတွက် မဟုတ်ခဲ့။ ဥပဒေ တွင် ပါရှိသော တန်းတူမှုနှင့် လွတ်လပ်မှုတို့်ဆိုသည်မှာ လက်တွေ့အရ ဓနရှင်လူတန်းစားတို့သာ ခံစားခွင့်ရှိသော အခွင့်အရေး များ ဖြစ်နေသည်။               ၎င်းဥပဒေအရ ကိုယ်စားလှယ်သစ်များ ရွေးချယ်ပြီး ၁၇၉၁ အောက်တိုဘာ ၁ ရက်နေ့တွင် ဥပဒေပြု လွှတ်တော် (Legislative Assembly) ကို ဖွဲ့စည်းခဲ့ပြန်သည်။ ဤလွှတ်တော်တွင်မူ ပဒေသရာဇ်များ မပါရှိတော့ပါ။ ဓနရှင် လက်ယာဂိုဏ်းက ကိုယ်စားလှယ် ၂ဝဝ၊ အလယ်အလတ်ဂိုဏ်းက ၃ဝဝ နှင့် လက်ဝဲ(ဂျက်ကိုဘင်) ဂိုဏ်းက ၁ဝဝ တို့ ပါဝင်ကြသည်။

လူဝီ(၁၆) က အခြေခံဥပဒေနှင့် ဥပဒေပြုလွှတ်တော်တို့ကို အသိအမှတ် ပြုလိုက်သည်။

တော်လှန်ရေးကြီး ပြီးဆုံးပြီဖြစ်ကြောင်း ဘုရင်က ကြေညာသည်။ တော်လှန်ရေးသမားများက ကြေညာခြင်း မဟုတ်ဘဲ တော်လှန်ရေးမှာ အတိုက်ခံရသည့် တော်လှန်ရေး၏ ပစ်မှတ်ဖြစ်သူက ကြေညာလိုက်သော ကြေညာချက်ပါ။

တော်လှန်ရေးကြီး တကယ်ပဲ ပြီးဆုံးသွားခဲ့ပါသလား။



•                                          •                                          •                                          •                                        



၁၇၉၁ အခြေခံဥပဒေတွင် ဆင်းရဲသားများအတွက် အခွင့်အရေးများ မပါရှိပါ။ မြေယာပြဿနာနှင့် ကြွေးမြီ ပြဿနာတို့ကိုလည်း ဖြေရှင်းမပေးခဲ့ပါ။

၎င်းအခြေခံဥပဒေသစ်အရ အမျိုးသားလွှတ်တော်ထဲ ပါဝင်ခဲ့ဖူးသော ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြု လွှတ်တော်သစ်တွင် အရွေးခံပိုင်ခွင့် မရှိပါ။

ဥပဒေပြုလွှတ်တော်သစ် ကိုယ်စားလှယ်များထဲတွင်လည်း ထပ်မံ၍ ဂိုဏ်းကွဲနေကြပြန်သည်။ အလယ် အလတ်ဂိုဏ်းနှင့် လက်ဝဲဂိုဏ်းပါ။ လက်ဝဲဂိုဏ်းမှာ ဂျက်ကိုဘင်အသင်းဝင်များ ဖြစ်ကြသည်။ ၎င်းအသင်းသည် ပြင်သစ် ပြည်အနှံ့အပြားတွင် အသင်းခွဲများ ထူထောင်နိုင်ခဲ့ပြီး အထက်မြက်ဆုံး အင်အားစုတခု ဖြစ်လာသည်။ လူထုအုံကြွမှုနှင့်အတူ သူ့အင်အားလည်း ကြီးထွားလာခြင်း ဖြစ်သည်။ ၎င်းတို့အနက် အထင်ရှားဆုံး ခေါင်းဆောင်များမှာ မားရတ် (Marat) ဒန်တွန် (Danton)  ရိုဗက်စပီးယဲ (Rovespire) တို့ ဖြစ်ကြသည်။

မားရတ်(၁၇၄၃-၁၇၉၅) က ဆရာဝန်လည်း ဖြစ်သလို ရူပဗေဒ ပညာရှင်တဦးလည်း ဖြစ်သည်။ ဒန်တွန် (၁၇၅၉-၁၇၉၄) မှာ ရှေ့နေတဦးဖြစ်ပြီး အစပိုင်းတုန်းက တော်လှန်ရေးကို တက်တက်ကြွကြွ လုပ်ခဲ့သော်လည်း နောက်ပိုင်း တွင်မူ စီးပွားရေးဘက် လိုက်သွားခဲ့သည်။ ရိုဗက်စပီးယဲကမူ ရူဆိုး၏အတွေးအခေါ်ကို လက်ခံထားသူပါ။

အစိုးရသစ်က ပြည်တွင်းပြဿနာများ ဖြေရှင်းဖို့ ကြိုးစားနေဆဲမှာပင် ပြည်ပ ပြဿနာများက ထပ်မံဝင် ရောက်လာသည်။ တော်လှန်ရေးကာလတုန်းက ထွက်ပြေးသွားခဲ့ကြသော ပြင်သစ်ပဒေသရာဇ်များသည် သြစတီးရီးယားနှင့် ပရပ်ရှား တိုင်းပြည်များတွင် သွားရောက်ခိုလှုံနေကြသည်။ ထိုတိုင်းပြည်များတွင် သူတို့က ခိုလှုံရုံသက်သက် နေထိုင်ကြခြင်း မဟုတ်ဘဲ ပြင်သစ်တော်လှန်ရေးကို ဖြိုချပြီး လူဝီဘုရင်ကို ကယ်တင်ဖို့ စည်းရုံးလှုပ်ရှားမှု ပြုကြသည်။

ဥရောပတိုက်ရှိ တခြားနိုင်ငံများမှ ဘုရင်တွေကလည်း ပြင်သစ်တော်လှန်ရေးသည် ပြင်သစ်ပြည်တွင်းမှာ မုန်တိုင်းရိုက်ခတ်ရုံသာမက ပြည်ပနိုင်ငံများရှိ သူတို့၏တန်ခိုးအာဏာနှင့် ရာဇာပလ္လင်ကိုပါ လှုပ်ခတ်စေသည်ဟု ယူဆပြီး တော်လှန်ရေး၏ အရှိန်အဟုန်ကို ကြောက်လန့်နေကြသည်။ တော်လှန်ရေးသဘောတရားတွေ သူတို့နိုင်ငံဆီသို့ ပျံ့နှံ့ ရောက်ရှိလာမည်ကိုလည်း စိုးရိမ်သည်။ ထို့အပြင် သြစတီးရီးယားက ဧကရာဇ် လီယိုပို(၂) (Leopold -2) သည် ပြင်သစ်ပြည် တွင် မိဖုရား ဖြစ်နေသော သူ့နှမ၏ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်နေသည်။

ထို့ကြောင့် ၁၇၉၁ ခုနှစ် သြဂုတ်လတွင် သြစတီးရီးယားဘုရင်သည် ပရပ်ရှားဘုရင်နှင့် ပူးပေါင်းပြီး သူတို့အနေဖြင့် ပြင်သစ်ပြည်၏ ပြည်တွင်းရေးအခြေအနေကို ထိန်းသိမ်းဖို့ စစ်ရေးအရ အရေးယူဆောင်ရွက်သွားမည်ဟု ကြေညာလိုက်သည်။

သည်အခါ ၎င်းကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်ဥပဒေပြလွှတ်တော်က ၁၇၉၂ ခုနှစ် ဧပြီလတွင် သြစတီးရီးယားကို စစ်ကြေညာလိုက်သည်။ ထို့ကြောင့် သြစတီးရီးယားနှင့် ပရပ်ရှားတပ်များက ပြည်သစ်ပြည်ကို လာရောက် တိုက်ခိုက်တော့သည်။

စစ်ဖြစ်လာသည့်အတွက် စစ်တပ်တိုးချဲ့ရေးဥပဒေကို ပြဋ္ဌာန်းရသည်။ သည်အခါ ဘုရင်က ဤဥပဒေကို ပယ်ချလိုက်သည့်အတွက် ပဲရစ်လူထုကြီးက အကြမ်းဖက်ဆန္ဒပြကြရပြန်သည်။ ၁၇၉၂ ခုနှစ်၊ ဧပြီလ ၁ဝ ရက်နေ့တွင် ဓနရှင်တော်လှန်ရေးဂိုဏ်းက ခေါင်းဆောင်ပြီး နိုင်ငံခြားကျူးကျော်မှုကို ဆန့်ကျင်ကြောင်း ကြေညာချက် ထုတ်သည်။

ဘုရင်မှာ ခုခံရေးအတွက် မတက်မကြွ ဖြစ်နေရုံသာမက တိုင်းပြည်၏တဝက်ကိုပင် သြစတီးရီးယား လက် တွင်း ထိုးအပ်လိုက်ဖို့ လုပ်နေသည်။ သူတို့၏ စစ်တပ်ဟောင်းက ဗိုလ်ချုပ်တွေ၊ မင်းညီမင်းသားတွေလည်း ထွက်ပြေး ကုန် ကြသည်။ ဓနရှင် လူတန်းစားအတွင်းရှိ ဓနရှင်ကြီး ဂိုဏ်းကလည်း အညံ့ခံရေးနှင့် တော်လှန်ရေးကို သစ္စာဖောက်ရေးတို့ အတွက် ကြံစည်မှု ပြုလာသည်။ အခြေအနေမှာလည်း ပြင်သစ်စစ်တပ်သည် တဆင့်ချင်း နောက်ဆုတ်နေရသည်။ ယင်းသို့ ပြင်သစ်တပ်များ အရေးနိမ့် နေသဖြင့် လွှတ်တော်အတွင်းရှိ ဂိုဏ်းအုပ်စု တိုက်ပွဲများသည် ပိုမို ပြင်းထန်လာသည်။

ဤအခြေအနေအောက်တွင် လူထုကို လှုံ့ဆော်ပြီး တော်လှန်ရေးစစ်တပ်ကို ဖွဲ့စည်းသည်။ ၁၇၉၂ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်နေ့တွင် လူထုက ပုန်ကန်ပြီး အာဏာသိမ်းလိုက်သည်။ အလယ်အလတ်ဂိုဏ်းက အာဏာရသွားခြင်း ဖြစ်သည်။ ဝန်ကြီး ၆ ဦးအနက် ၅ ဦးမှာ အလယ်အလတ်ဂိုဏ်းက ဖြစ်ပြီး ဂျက်ကိုဘင် (Jacobin) ဂိုဏ်းက တဦးသာ ပါသည်။ ဤသြဂုတ်လ လူထု ပုန်ကန်မှုအတွင်း ပဲရစ်တော်လှန်ရေးကွန်မြွန်း (Paris Revolutionary Commune)(၁၈၇၁ ပဲရစ်ဘုံအဖွဲ့မဟုတ်ပါ။ သီးခြားဖြစ်ပါသည်။) လွှတ်တော်နှင့် ဘုံအဖွဲ့၏ ပဋိပက္ခသည် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ဤကာလတွင် ဘုံအဖွဲ့ကော်မတီ ကို (၈၉) ဦးမှ (၂၈ဝ) ဦးအထိ တိုးချဲ့ဖွဲ့စည်းလိုက်သည်။ ဘုံအဖွဲ့သည် ဓနရှင်အစိုးရ ဝန်ကြီးများကို ဖမ်းဆီးရုံသာမက ၎င်းတို့၏ သတင်းစာတိုက်တွေကိုလည်း ပိတ်ပစ်လိုက်သည်။ လက်နက်တွေအကြီး အကျယ်လုပ်ပြီး လူထုကို တပ်ဆင်သည်။ သြဂုတ်လ ၁၇ ရက်နေ့တွင် တန်ပြန်တော်လှန်ရေးသမားများကို တရားခွင်သို့ တင်ခဲ့သည်။ ဘုရင်၏ ရုပ်ပုံကားချပ်များကိုလည်း ဖျက်ဆီးပစ်ဖို့ အမိန့်ထုတ်ခဲ့သည်။ ဘုရင်၏အမည်ပေးထားသော လမ်းကို လည်း ပြည်သူ့အခွင့်အရေးလမ်းဟူ၍ အမည် ပြောင်းလိုက်ကြသည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် သြစတီးရီးယားနှင့် ပရပ်ရှားတပ်တို့သည် ပြင်သစ်ပြည်ထဲသို့ ကျူးကျော် ဝင်ရောက် နိုင်ခဲ့ကြသည်။ ဤသည်တွင် (Calona) ၏ဂိုဏ်းအစိုးရသည် ထွက်ပြေးဖို့ လုပ်သည်။ ထို့ကြောင့် လက်ဝဲ ဂျက်ကိုဘင်ဂိုဏ်းက ကြံ့ကြံ့ခံပြီး တိုက်ခဲ့ရသည်။ စက်တင်ဘာလ(၂ဝ) ရက်နေ့တွင် ပြင်သစ်တို့က အောင်ပွဲရလိုက်သည်။

ထို့ကြောင့် အုပ်ချုပ်ရေးကို တာဝန်ယူဖို့ ဥပဒေပြုလွှတ်တော်အစား အမျိုးသားညီလာခံ (National Conventin) ကို ဖွဲ့စည်းလိုက်သည်။ ကိုယ်စားလှယ် ၇၅ဝ တက်ရောက်ခဲ့ကြသည်။ (Calonne) ဂိုဏ်းက ကိုယ်စားလှယ် ၁၆၅ ဦး။ အလယ်အလတ် ဓနရှင်ဂိုဏ်းက ၅ဝဝ ခန့်။ လက်ဝဲဂိုဏ်း ကိုယ်စားလှယ်က ၈ဝ ခန့် ဖြစ်သည်။ အခြေခံဥပဒေကိုလည်း ဒုတိယအကြိမ်အဖြစ် ပြန်လည်ရေးဆွဲသည်။

၁၇၉၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အမျိုးသားညီလာခံက ဘုရင်စနစ်ကို ဖျက်သိမ်းပြီး ပြင်သစ်သမ္မတနိုင်ငံ အဖြစ် ကြေညာလိုက်သည်။ ၁၇၉၃ ဇန္နဝါရီလတွင် တော်လှန်ရေးခုံရုံးကို ဖွဲ့စည်းသည်။၁၉၇၃ ခုနှစ် ဇန္နဝါရီလ ၂၁ ရက်နေ့တွင် အမျိုးသားညီလာခံ၏ ဆန္နမဲအရ လူဝီ(၁၆) ဘုရင်ကို သေဒဏ်ပေးလိုက်သည်။



•                                          •                                          •                                          •                                        



ပြင်သစ်ကို သမ္မတနိုင်ငံအဖြစ် ကြေညာပြီးသည့်နောက်တွင် နယ်သာလန်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့ကို သိမ်းပိုက်ပြီး သူတို့ကိုလည်း သမ္မတနိုင်ငံများအဖြစ် တည်ထောင်လိုက်ကြောင်း ကြေညာလိုက်ပြန်သည်။ တဆက်တည်း ဥရောပတိုက်ရှိ လွတ်လပ်ရေးလိုလားသော တခြားနိုင်ငံများကိုလည်း ပြင်သစ်ပြည်က အကူအညီပေးသွားမည်ဖြစ်ကြောင်းကို ကြေညာလိုက်သည်။

ယင်းအခါ ဥပရောပတိုက်ရှိ အခြားနိုင်ငံများသည် ပြင်သစ်တော်လှန်ရေး၏ အန္တရာယ်ကို စိုးရိမ်ကြောက် ရွံ့လာကြသည်။ ပြင်သစ်ကို တိုက်မှ ဖြစ်တော့မယ်-ဟု ထင်လာကြသည်။ သြစတီးရီးယားနှင့် ပရပ်ရှားနိုင်ငံတို့က ပြင်သစ်ကို တိုက်ရေးအတွက် အခိုင်အမာ ပြင်ဆင်မှု လုပ်လာကြသည်။ အင်္ဂလန်နှင့် ဟော်လန်နိုင်ငံတို့က ထောက်ခံသည်။ ဤတွင် ပြင်သစ်က ဟော်လန်ကို စစ်ကြေညာပြီး တိုက်ခိုက်သည်။ ထိုအခါ ၁၇၉၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဥရောပ မဟာမိတ် နိုင်ငံများ ပူးပေါင်းပြီး ပြင်သစ်ကို ဝိုင်းတိုက်ကြသည်။

ပြင်သစ် စစ်ရှုံးး သွားသည်။ သူတို့သိမ်းပိုက်ထားသော ဘယ်လ်ဂျီယံနိုင်ငံမှ ပြန်လည် ဆုတ်ခွာပေးရသည်။

သည်တခါမှာလည်း အစိုးရတွင်းမှ (Calonne)၏ ဓနရှင်ဂိုဏ်းသည် ရန်သူကို အညံ့ခံရေး လုပ်လာပြန်သည်။ ထို့ကြောင့် မေလ ၃၁ ရက်နေ့တွင် ဂျက်ကိုဘင်ဂိုဏ်းက အာဏာသိမ်းလိုက်သည်။ ဂျက်ကိုဘင်ဂိုဏ်း အာဏာရလာပြီးသည့် ၁၇၉၃ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် မြေယာတော်လှန်ရေးဥပဒေကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ လယ်သမားတချို့ မြေယာရရှိကြသည်။ သို့ရာတွင် ချမ်းသာလယ်သမားတွေသာ အကျိုးခံစားခွင့်ရှိပြီး လယ်ကူလီတွေကတော့ အကျိုးခံစားခွင့် သိပ်မရှိလှပါ။ သူတို့က ဤသို့ မြေယာပြဿနာဖြေရှင်းနေဆဲတွင် ပြည်ပနိုင်ငံတို့၏ တိုက်ခိုက်မှုကလည်း ပိုမို ကြီးလာသည်။

အင်္ဂလိပ်၊ ဂျာမဏီနှင့် သြစတီးရီးယားတို့က အရှေ့မြောက်ဘက်ကနေ ဝင်လာသည်။ အနောက်တောင် ဘက်မှ ဝင်ရောက်လာသူတို့က စပိန်များ။ အရှေ့တောင်ဘက်မှ ဝင်လာသူက အီတလီ။

ဂျက်ကိုဘင်ဂိုဏ်းသည် ပြင်သစ်တပ်မတော်ကို ပုံစံသစ်ဖြင့် ဖွဲ့စည်းလိုက်သည်။ ခေါင်းဆောင်မှာ ဂျက်ကိုဘင်ဂိုဏ်းက ကာနိုး  (Carnot) ဖြစ်သည်။ အသက် (၁၈) နှစ်နှင့် (၂၅) နှစ်အကြားက အမျိုးသားတိုင်း စစ်ထဲ ဝင်ရမည်ဟု သတ်မှတ်လိုက်သည်။ ၎င်းတပ်သည် ရုပ်ဝတ္ထုအခက်အခဲ မပြည့်မစုံ ဖြစ်နေသော တပ်ဖြစ်သည်။ စစ်မှုထမ်း အမိန့်ကို မကျေနပ်သည့်အတွက် ခရိုင်ပေါင်း (၈၃) ခုအနက် ခရိုင်(၆ဝ) လောက်က ဂျက်ကိုဘင်ဂိုဏ်းကို ဆူဆူပူပူ ဆန့် ကျင်လာသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ ဤဆန့် ကျင်မှုကို နှိမ်နင်းရန်အတွက် လုံခြုံရေးကောင်စီကို အာဏာအပ်နှင်း လိုက်သည်။ လုံခြုံရေးကောင်စီ၏ခေါင်းဆောင်တွေ ဆိုသူမှာ ဒန်တွန်၊ ရိုဗက်စပီးယဲနှင့် ကာနိုးတို့ပါ။

၎င်းတပ်သည် ၁၇၉၄ ခုနှစ် ရောက်သောအခါ စစ်သည်အင်အား (၈) သိန်းရှိသော တပ်ကြီး ဖြစ်လာသည်။ ဥရောပတိုက်တွင် အကြီးဆုံးတပ်ကြီး ဖြစ်သွားသည်။ ပဲရစ်မြို့တွင်လည်း သိန်းသန်းချီသော လူထုကြီးသည် ပန်းပဲသမား များအဖြစ် အမိုးအကာမဲ့ ကွင်းပြင်ကြီးများတွင် လက်နက်များ ထုလုပ်နေကြသည်။ ၁၇၉၄ ခုနှစ် ဇူလိုင်လတွင် နိုင်ငံခြားတပ် များ အရေးနိမ့်သွားပြီး စစ်ပြေငြိမ်းရေးလုပ်ကာ အတိုက်အခိုက် ရပ်စဲခဲ့ကြသည်။

စစ်ပြီးသွားသောအခါတွင် ဂိုဏ်းအသီးသီးတို့သည် ခေါင်းဆောင်နေရာလုကြ၊ အာဏာလုကြနှင့် ရှုပ်ထွေးမှုတွေ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။ တန်ပြန်တော်လှန်ရေးသမားတွေကို နှိမ်နင်းရခြင်း၊ ပြည်တွင်း ဆူပူမှုကို နှိမ်နင်းရခြင်း၊ ဂိုဏ်းအသီးသီး အာဏာလုခြင်း စသည့်တိုက်ပွဲတွေနှင့် ပြည်သစ်ပြည်သည် သွေးချောင်းစီးခဲ့ရလေသည်။

ဒန်တွန်က သတ်ဖြတ်မှုတွေ ရပ်တန်းက ရပ်ကြဖို့ တင်ပြလိုက်သည့်အခါ သူ့ကို သစ္စာဖောက်ဆိုပြီး သေ ဒဏ် ပေးလိုက် ကြသည်။ မာရတ်ကတော့ ၁၇၉၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ကတည်းက အသတ်ခံသွားခဲ့ရသည်။

အမျိုးသားညီလာခံက အခြေအနေကို စိုးရိမ်ပြီး လုံခြုံရေးကော်မတီ၏ အာဏာကို ပြန်လည်သိမ်းယူ လိုက် သည်။ ၁၉၇၄ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့တွင် ဂျက်ကိုဘင်ဂိုဏ်းက ခေါင်းဆောင် ရိုဗက်စပီးယဲကို သေဒဏ်ပေးပြီး ဂျက်ကိုဘင်ဂိုဏ်းကိုပါ ဖျက် သိမ်းပစ်လိုက်သည်။

အမျိုးသားညီလာခံ၏ အုပ်ချုပ်မှုကာလသည် ၁၇၉၂ ခုနှစ်မှ ၁၇၉၅ ခုနှစ်အထိသာ တည်တံ့ခဲ့သည်။ ၁၇၉၅ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို တတိယအကြိမ်အဖြစ် ရေးဆွဲပြန်သည်။ ၎င်းအခြေခံဥပဒေအရ ပြင်သစ် ပြည်တွင် ဒါရိုက်တာ အစိုးရသစ်ဆိုသည်ကို ဖွဲ့စည်းခဲ့သည်။ တတိယအကြိမ်မြောက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တိုကို ဖွဲ့စည်းသည်။ ၎င်းလွှတ်တော် ၂ ရပ်က ဒါရိုက်တာ (၅) ဦးအဖွဲ့ကို ရွေး ချယ်ပြီး အုပ်ချုပ်ရေးအာဏာ အပ်နှင်းပေးလိုက်သည်။

၁၇၉၅ အခြေခံဥပဒေအရ ဓနရှင်များသာ မဲပေးနိုင်ခွင့်နှင့် အရွေးခံနိုင်ခွင့် ရှိသည်။ အလုပ်သမား လယ်သမားတွေ မဲပေးခွင့်ပင် မရှိသည့်အတွက် မကျေမနပ်ဖြစ်ပြီး ၁၇၉၅ မေလတွင် အကြမ်းဖက်အုံကြွမှုကြီးတရပ် ဖြစ်ပွားလာသည်။ သို့ရာတွင် ယင်းအုံကြွမှုသည် အောင်မြင်ခြင်း မရှိခဲ့ပေ။

ဤနေရာတွင် ထူးထူးခြားခြား ဖော်ပြရမည့် ပုဂ္ဂိုလ်တဦးအကြောင်း တင်ပြဖို့ လိုလာသည်။ သူသည်ကား (F. Noel Babeaf) (၁၇၆၆-၁၇၉၇) ဖြစ်သည်။ ဘာဖက်သည် ဆင်းရဲသားအိမ်ထောင်မှ ပေါက်ဖွားလာသူဖြစ်ပြီး တော်လှန်ရေးထဲသို့ ၁၅ သားအရွယ်မှာ စတင်ဝင်ရောက်လာသူ။ “တန်းတူရေးလှုပ်ရှားမှု”ကို ဦးဆောင်ပြီး အခြေခံလူထု အကျိုးစီးပွားဘက်မှ ရပ်တည်ခဲ့သူ ဖြစ်သည်။ သူသည် သူခေတ်ကာလ၏အခြေအနေအရ စိတ်ကူးယဉ် ကွန်မြူနစ်တဦးသာ ဖြစ်ခဲ့သည်။ သူ့အတွေးအခေါ်များကို ပဲရစ်မြို့ ဆင်ခြေဖုံးနှင့် ကျေးလက်ကာကွယ်ရေးတပ်ဖွဲ့များသို့ သွားရောက်ဝါဒဖြန့်ခဲ့သည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ် ဆန့်ကျင်ရေး၊ မြေယာဘုံလုပ်ရေး၊ အကြမ်းဖက်တော်လှန်ရေးတို့ကို ဝါဒဖြန့်သည်။ ၁၇၉၅ ခုနှစ်၊ လူထုအုံကြွမှု အတွင်းမှာ သူထောင်ကျခဲ့သည်။ ထောင်က လွတ်အပြီး နောက်တခါ ပုန်ကန်မှုတွင် ထပ်မံပါဝင်သဖြင့် ၁၇၉၆ မေလ ၁၁ ရက်နေ့မှာ ထပ်မံအဖမ်းခံရပြီး ငါးဦးဒါရိုက်တာအစိုးရလက်ထက်တွင် သေဒဏ်အပေးခံရ၍ အသက်ဆုံးရှုံးခဲ့ရသည်။

ကားလ်မာ့က်စ်က သူ့အပေါ် ကြီးမားစွာ တန်ဖိုးဖြတ်ခဲ့သည်။ ကွန်မြူနစ်ကြေညာစာတမ်းထဲမှာပင် ‘ဘာဖက် ၏ ရေးသားချက်များသည် ပစ္စည်းမဲ့လူတန်းစား၏တောင်းဆိုချက်များကို ဖော်ထုတ်သည့် စာပေများ ဖြစ်သည်’ဟူ၍ အကဲ ဖြတ်ရေးသားခဲ့သည်။

ယင်းအချိန်တွင် ပြည်ပနိုင်ငံများနှင့် ပြင်သစ်ပြည်တို့၏ စစ်ပွဲများ ထပ်မံပေါ်ပေါက်လာပြန်သည်။ ရုရှား၊ ဂျာမဏီနှင့် သြစတီးရီးယားတို့သည် ပိုလန်နိုင်ငံကို ခွဲဝေရယူရေးကိစ္စတွင် အလုပ်များနေကြဆဲ အချိန်။ ဤသည်ကို အခွင့်ကောင်းယူပြီး စစ်တပ်အင်အား ကြီးမားနေသော ပြင်သစ်က အီတလီကို ဝင်တိုက်သည်။ ဗိုလ်ချုပ် နပိုလီယံ ဘိုနာပတ် (Napoleon Bonaparte) ဦးစီးပြီး တိုက်ခဲ့ရာတွင် အောင်မြင်မှု ကြီးခဲ့သည်။

၁၇၉၈ ခုနှစ်တွင် နပိုလီယံသည် တပ်အင်အား ၃ သောင်းနှင့် တူရကီပိုင် အီဂျစ်ကို ဝင်သိမ်းသည်။ ဆီးရီးယားကို သိမ်းပိုက်ခဲ့သေးသော်လည်း သြဂုတ်လတွင် အင်္ဂလိပ်က ရေတပ်နှင့် ပြန်တိုက်သဖြင့် ဆုတ်ခွာလာခဲ့ရသည်။

၁၇၉၉ ခုနှစ်တွင်မူ ပြင်သစ်ပြည်၏ပြည်တွင်းရေးအခြေအနေတွေကလည်း မငြိမ်မသက် ပြန်ဖြစ်လာပြန်ပြီ။ ပြည်ပတွင်လည်း အင်္ဂလိပ်ဘက်မှ ရုရှားက ဝင်ကူလာပြီ။ သည်အခါ အစိုးရသည် မတတ်သာတော့သည့်အလျောက် အီဂျစ်မှာ ရှိသော နပိုလ်ီယံအား ပြန်လည်ခေါ်ယူပြီး ပြင်သစ်ပြည်၏ နိုင်ငံရေးဇာတ်ခုံပေါ်သို့ ထိုးတင်ပေးလိုက်သည်။

နပိုလီယံသည် စီးပွားပျက် ပဒေသရာဇ်အိမ်ထောင်မှ ဆင်းသက်လာသူ။ ဉာဏ်သစ်လောင်း လှုပ်ရှားမှုတွင် လည်း သူ ပါဝင်ခဲ့ဖူးသည်။ သူ့အပေါ် ရူဆိုး၏ အတွေးအခေါ်တွေက များစွာ သြဇာသက်ရောက်ခဲ့သည်၊ ဂျက်ကိုဘင် ၏တပ်ဖွဲ့ တွင်လည်း ဗိုလ်ကြီး လုပ်ခဲ့ဖူးသည်၊ အမြောက်တပ် ဗိုလ်ကြီးပါ၊

သူက ၁၇၉၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်တပ်နှင့် အာဏာသိမ်းပြီး လွှတ်တော်ကို ဖျက်သိမ်း လိုက်သည်၊  သူ့ကိုယ်သူ နံပါတ်(၁) ကောင်ဆယ် (အာဏာရှင်) အဖြစ် ကြေညာခဲ့သည်၊ ယင်းနှစ်တွင်ပင် စစ်ပွဲများ တိုက် ခိုက်အောင်မြင်ပြီး ဗြိတိန်နှင့် စစ်ပြေငြိမ်းရေး လုပ်ခဲ့သည်၊

၁၈ဝ၂ ခုနှစ်မှ စပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။ ၁၈ဝ၄ ခုနှစ်တွင် ဧကရာဇ်ဘွဲ့ကို ခံယူသည်။ ပြင်သစ်နိုင်ငံကိုလည်း သမ္မတနိုင်ငံအဖြစ်မှ ဧကရာဇ်နိုင်ငံအဖြစ် ပြောင်းလဲကြောင်း ကြေညာ လိုက်ပါတော့သည်။



•                                          •                                          •                                          •                                          •                                        



ပဒေသရာဇ် အကြွင်းမဲ့အာဏာရှင်စနစ်ကို ကျင့်သုံးသည့် ဘုရင်စနစ်ကို တော်လှန်တိုက်ခိုက်ခဲ့သော ပြင် သစ်တော်လှန်ရေးသည် နပိုလီယံ၏ အကြွင်းမဲ့ အာဏာရှင်စနစ်ဆီသို့ ပြန်လည် ဆိုက်ရောက်သွားခဲ့လေပြီ။

သို့ရာတွင် ထိုဓနရှင်တော်လှန်ရေးသည် အကျိုးကျေးဇူးများကိုလည်း ဖြစ်ပေါ်စေခဲ့ပါသည်။

ပထမဆုံးအချက်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို တော်လှန်ရေးက ဖြိုလှဲပစ်နိုင်ခဲ့ခြင်း ဖြစ်သည်၊ နပိုလီယံ ကျဆုံးသွားပြီးသည်၏ နောက်ပိုင်းတွင်လည်း ဘော်ဘွန် (Bourbon) မင်းဆက် ပြန်တက်လာခဲ့သေးသည်။ ၎င်းအပြင် နပိုလီယံကဲ့သို့ပင် သူ၏ တူတော်သူ ဘိုနာပတ်ကလည်း ဧကရာဇ်အကြွင်းမဲ့အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့သေးသည်။ သို့သော်လည်း သက်ဦးဆံပိုင် စနစ် ဟောင်း အုပ်စိုးမှုကို ပြန်လည်အသက်သွင်း၍ကား မရနိုင်တော့ချေ။

နောက်တချက်မှာ ဘာသာရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများ ရောထွေးယှက်တင် ဖြစ်မနေတော့ဘဲ သီးခြားအဖွဲ့အစည်းများအဖြစ် ရပ်တည်လာစေအောင် ဖန်တီးပေးလိုက်နိုင်သည်။

၁၇၈၉ ပြင်သစ်တော်လှန်ရေးသည် ဓနရှင်တော်လှန်ရေးဖြစ်သည့်အတိုင်း သဘာဝကျစွာပင် အကြီးမားဆုံး အကျိုးရလဒ်ကို ဓနရှင်လူတန်းစားက ခံစားကြရသည်။ ထိုတော်လှန်ရေး၏ အဆင့်တိုင်းတွင် အမျိုးသားလွှတ်တော်ကာလ ဖြစ်စေ၊ အမျိုးသားညီလာခံ ကာလ ဖြစ်စေ၊ ဂျက်ကိုဘင်တို့ လွှမ်းမိုးခဲ့သည့် ကာလမှာပဲ ဖြစ်စေ ကာလအားလုံးတွင် ဓနရှင်လူတန်းစား တို့ကသာ အခွင့်နေရာ ရခဲ့သည်၊ ၎င်းတော်လှန်ရေး၏ အကျိုးဆက်အဖြစ် နပိုလီယံခေတ်တွင် ဓနရှင်တို့ ၏အခြေအနေ တည်တံ့ခိုင်မြဲ လာခဲ့သည်၊

နပိုလီယံသည် အကြွင်းမဲ့အာဏာရှင်စနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း ဓနရှင်လူတန်းစား၏ အကျိုး စီးပွားကိုကား သူလုပ်မပေးဘဲ နေမဖြစ်၊ စီးပွားရေးအပိုင်းမှာ ဓနရှင်များ လိုလားသော ပြုပြင်ပြောင်းလဲရေးများကို သူ လုပ်ပေး ခဲ့ရသည်။

အိန်ဂယ်ပြောခဲ့သည့်အတိုင်း ၁၇၈၉ ခုနှစ်ကစပြီး ပြင်သစ်တော်လှန်ရေး၏ အတွေ့အကြုံများသည် ဥရောပ သမိုင်းတခုလုံးအပေါ်တွင် လွှမ်းမိုးခဲ့သည်။ နပိုလီယံက အင်ပါယာချဲ့ထွင်ရေးစစ်ပွဲများ တိုက်ခဲ့ရာမှာ သူ့စစ်တပ်ကြီးနှင့်အတူ ပြင်သစ် ဓနရှင်တော်လှန်ရေးအတွေ့အကြုံများ ပါသွားခဲ့လေသည်၊

ဓနရှင်လူတန်းစားက အနှစ်သာရအရ တော်လှန်ရေးကို သူတို့အကျိုးစီးပွားအတွက် အသုံးချခဲ့သော်လည်း တော်လှန်ရေး၏ ကြွေးကြော်သံ ၃ ရပ် ဖြစ်သော လွတ်လပ်ရေး၊ တန်းတူရေးနှင့် ချစ်ကြည်ရေးဟူသော အချက်တို့သည် ဥရောပတဝန်း ရိုက်ခတ်သွားခဲ့သည်၊ တခြားဥရောပ နိုင်ငံတို့၏ အကြွင်းမဲ့အာဏာပိုင် ဘုရင်စနစ်ဆန့်ကျင်ရေးကို တွန်းဆော် ပေးနိုင်ခဲ့သည်၊

၁၇၈၉ ပြင်သစ်တော်လှန်ရေးသည်  အဖိနှိပ်ခံလူတန်းစားတို့၏ ဖိနှိပ်မှုကို တွန်းလှန်လိုသော စိတ်ဓာတ်ကို အခြေခံပြီး တိုက်ခဲ့ခြင်း ဖြစ်သည်၊ လွတ်လပ်ရေးနှင့် တန်းတူရေးကို အခြေခံပြီး တိုက်ခဲ့ခြင်းပါ။ ဤစိတ်ဓာတ်သည် အခြားနိုင်ငံ များရှိ အဖိနှိပ်ခံ လူတန်းစားကို နိုးကြားစေလိုက်သည်၊

ကိုလိုနီနိုင်ငံများတွင် ကျွန်ရောင်းဝယ်ရေးစနစ်ကို ဖျက်သိမ်းသည့် ဥပဒေကို ထုတ်ပြန် ကြေညာခဲ့ရခြင်း သည် ၁၇၈၉ ခုနှစ် တော်လှန်ရေးအတွင်းမှာပင် ဖြစ်သည်။ ဤသည်မှာလည်း ကြီးမားသော တိုးတက်မှုမှတ်တိုင်တခုပဲ ဖြစ် သည်။

ပဒေသရာဇ်စနစ်ကို တွန်းလှန်တိုက်ခိုက်ရသော ယင်းဓနရှင်တော်လှန်ရေးကြောင့် လယ်သမားများသည် ပဒေသရာဇ်များကို အလုပ်အကျွေးပြုရသော ထမ်းပိုးအောက်မှ လွတ်မြောက်ခဲ့ရသည်။ တောင်သူလယ်သမားတွေ မြေပိုင်ခွင့် ရလာကြသည်။ ဤသည်မှာလည်း အကျိုးကျေးဇူး တရပ်ပါ။

တော်လှန်ရေးကြောင့် တိုက်ရိုက်အကျိုးကျေးဇူး ခံစားခွင့် မရရှိသူမှာ အလုပ်သမားလူတန်းစား ဖြစ်သည်။ ထိုမျှသာမက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပင် ပိတ်ပင်သော ဥပဒေထုတ်ပြန်လိုက်ကြသေးသည်။ လုပ်ခတိုးပေးရေး အရေးဆိုသည့် အခါတွင်လည်း အစိုးရက ဥပဒေအရဆိုပြီး နှိမ်နင်းပါသည်။

၎င်းတော်လှန်ရေးအတွင်းတွင် အဖိနှိပ်ခံ လူတန်းစားအားလုံးတို့သည် အုပ်စိုးသူ ဆန့်ကျင်ရေးဟူသော ဘုံ ရည်မှန်းချက်အတွက် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြရသည်။ သို့ရာတွင် တော်လှန်ရေး၏ အောင်သီးအောင်ပွင့်များကို သိမ်းပိုက်သွား သူများမှာကား ဓနရှင် လူတန်းစားပါ။ တော်လှန်ရေးအောင်မြင်ပြီးစ အချိန်အတွင်းမှာပဲ လူတန်းစားအသီးသီးတို့သည် ကိုယ့်လူတန်းစား အကျိုးစီးပွားအတွက် ဆက်လက်ရုန်းကန်မှု ပြုကြသော မြင်ကွင်းကို တွေ့မြင်ရလေသည်။

၎င်းတို့အနက်မှ အာဏာကို ဖက်တွယ်ရယူထားနိုင်သူမှာကား ဓနရှင်လူတန်းစား။ သို့ရာတွင် သူ့လူတန်း စားအတွင်းမှာလည်း ဂိုဏ်းကွဲမှုများ ဖြစ်လာခဲ့လေသည်၊

သွေးချောင်းစီး ကာလတရပ်သည်လည်း ဓနရှင်လူတန်းစား အာဏာရထားသော အချိန်ကာလအတွင်း ဖြစ်ပွား လာခဲ့ရသည်- ဆိုသည်ကိုလည်း သတိပြုဖို့ လိုပေသည်။ အိန်ဂယ်၏အမြင်အရဆိုလျှင်...

“ပထမဆုံးအကြိမ် ကြီးမားသော အောင်မြင်မှု ရရှိပြီးသည့်အခါ အောင်ပွဲရ လူနည်းစု လူတန်းစားထဲတွင် ကွဲပြဲမှုများ ယေဘုယျ ဖြစ်လေ့ရှိသည်။ သူ့လူတန်းစားထဲမှ တစိတ်တပိုင်းက သူရရှိထားသည့် အောင်မြင်မှု ရလဒ်တွေကို ကျေနပ်မှု ရှိသည်။ သူ့လူတန်းစားထဲမှ နောက်တစိတ်တပိုင်းကတော့ ရှေ့သို့ ဆက်လက်ချီတက်လိုသေးသည်။ တောင်းဆို ချက်အသစ်တွေ ဆက်တင်ချင်သေးသည်၊ သူ့တောင်းဆိုချက်များသည် အစစ်အမှန် ဖြစ်ကောင်းမှ ဖြစ်မည်။ သို့မဟုတ် ဟန်ပြအတုအယောင် ဖြစ်ကောင်း ဖြစ်မည်။ သို့ရာတွင် အများစု လူထုအကျိုးစီးပွားအတွက်ဆိုပြီး သူက တောင်းဆိုချက်တွေ ဆက်လက် တင်လိုသော စိတ်ကား ရှိနေသည်။”

ပြင်သစ် ဓနရှင်လူတန်းစားအတွင်းမှာလည်း အိန်ဂယ်ပြောသည့် ဒီသဘောထားမျိုးကို တွေ့ရသည်။

၁၇၈၉ ခုနှစ်၊ တော်လှန်ရေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

တိုက်ပွဲကတော့ မပြိးဆုံးသေးပါ။ ဆက်လကိ တိုက်ပွဲဝင်သွားကြရဦးမှာပါ။

ဆက်လက် တိုက်ပွဲဝင်ရေးသည် ဓနရှင်လူတန်းစားအတွက် လိုအပ်ဆဲ ဖြစ်နေသလို....

ဆက်လက်တိုက်ပွဲဝင်ရေးသည် ပစ္စည်းမဲ့တို့အတွက်လည်း မုချသဘော ဖြစ်နေပါသည်။



ဆက်လက်ဖော်ပြပါမည်။








Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်