စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday69
mod_vvisit_counterYesterday169
mod_vvisit_counterThis week725
mod_vvisit_counterLast week1243
mod_vvisit_counterThis month1450
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51705

Online Guests: 9
Your IP: 38.107.191.89
,
Today: Sep 09, 2010
ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း-ခြောက်)

 




၁၈၄၈ ဖေဖော်ဝါရီတော်လှန်ရေးနှင့်

၁၈၄၈ ဂျွန်လ အရေးနိမ့်မှု

၁၈၄၈ -ဖေဖော်ဝါရီတော်လှန်ရေး

၁၈၄၈ ခုနှစ်မှာ ဧကရာဇ်ဘွဲ့ကို ခံယူလိုက်သည့် နပိုလီယံသည် အကြွင်းမဲ့အာဏာရ ဧကရာဇ်အဖြစ် ပီပီပြင်ပြင် လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် တဖက်မှာမူ သူသည် အပြောကောင်းသူတယောက်လည်း ဖြစ်နေပြန်သည်။

“လွတ်လပ်ရေးနှင့် တန်းတူရေး”ဆိုတာတို့
“အမြင့်ဆုံးအာဏာဆိုတာ ပြည်သူထံမှာ ရှိတယ်”ဆိုတာတို့ကို  နေ့စဉ်ပြောပြီး အာဏာရှင်လုပ်ခဲ့သူပါ။


သူက ဂျက်ကိုဘင်၏ ပေါ်လစီတွေအတိုင်း လုပ်ခဲ့သူ ဖြစ်သည်။ သို့ရာတွင် တဖက်ကလည်း ဂျက်ကိုဘင် ဂိုဏ်းကို အကြီးအကျယ် နှိပ်ကွပ်ခဲ့သည်။ ထိုမျှသာမက သူသည် တိုးတက်သော အဖွဲ့အစည်းမှန်သမျှကိုလည်း ဖျက်ဆီးခဲ့သူ ဖြစ်သည်။

ထိုအချိန်က ပြင်သစ်ပြည်တွင် ထွက်ရှိသော သတင်းစာ အစောင်(၇ဝ) ကျော် ရှိသည့်အနက် (၆ဝ) ကို ပိတ်ပင်ပစ် လိုက်သည်။

နပိုလီယံ၏ ပြည်တွင်းပေါ်လစီဟူသည်မှာ အဓိကအားဖြင့် စုစည်းချုပ်ကိုင်မှု စနစ်ကို တောင့်တင်းအောင် လုပ်ခြင်းပင် ဖြစ်သည်။ ဒေသအာဏာပိုင်များအား ရွေးချယ်တင်မြှောက်သည့်စနစ်ကို ဖျက်သိမ်းပြီး ဗဟိုက တိုက်ရိုက်ခန့် ထားသည့် စနစ်ကို ကျင့်သုံးသည်။ ဝန်ကြီးဌာနများကိုလည်း (၁၂) ဌာနအထိ တိုးချဲ့ခဲ့သည်။

သူက ကိုယ်ရံတော်တပ်၊ ပုလိပ်တပ်နှင့် ထောက်လှမ်းရေးတပ်တို့ကို ကိုယ်တိုင်ကိုင်သည်။ သတင်းပေး စနစ်ကွန်ရက်ကို တည်ဆောက်သည်။
သူသည် ၁၈ဝ၄ ခုနှစ်မှာပဲ “ပြည်သူ့ဥပဒေ”ဆိုသည်ကို ထုတ်ပြန်လိုက်သည်။ “နပိုလီယံကိုဓဥပဒေ” ဆိုသည်မှာလည်း သည်ဥပဒေပါပဲ။ ၁၈ဝ၇ ခုနှစ်ကျမှ နာမည်ပြောင်းလိုက်တာပါ။ ဒီကိုဓဥပဒေမှာ ပုဒ်မ (၂၂၈၁) ခု ပါဝင်ပါသည်။
၁၈ဝ၇ ခုနှစ်တွင် ကုန်သွယ်ရေး ဥပဒေကို ထုတ်ပြန်သည်။

၁၈၁ဝ ခုနှစ်တွင်မူ “အရေးယူမှု ဥပဒေ”ဆိုသည်ကို ထုတ်ပြန်သည်။
လယ်သမားကလေးတို့၏ စီးပွားရေးကို ခိုင်မာအောင် လုပ်ပေးခြင်းသည် ဂျက်ကိုဘင်တို့ ပေါ်လစီ၏ အောင်မြင်မှုတရပ် ဖြစ်သည်။ ဤအချက်ကို နပိုလီယံက မြင်သည်။ ထိုကြောင့် သူက ဒီပေါ်လစီကို ပြတ်ပြတ်သားသား ထောက်ခံလိုက်သည့်အတွက် လယ်သမားထုကလည်း သူ့ကို ပြန်လည်ထောက်ခံမှု ပြုလာကြသည်။ နပိုလီယံ ကိုဓဥပဒေ ထဲတွင် လူမှုစနစ်ဟောင်း၏ အခွင့်ထူးများကို ဖျက်သိမ်းပြီး လယ်သမားများကို လွတ်လပ်မှုပေးခဲ့သည်။ အစိုးရသိမ်းထားသော မြေများကို ပြန်လည်ရောင်းချခဲ့သည့်အတွက် မြေအများစုကို ဓနရှင်တွေက ဝယ်ယူပိုင်ဆိုင်လိုက်ကြသည်။ လယ်သမားအများ အပြားသည်လည်း လယ်မြေပိုင်ဆိုင်ခွင့် ရရှိလာ ကြသည်။

နပိုလီယံသည် တော်လှန်ရေး၏အသီးအပွင့်များကို ကာကွယ်သည့် လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ခဲ့သည်။ သို့ရာတွင် အနှစ်သာရကို ကြည့်လျှင်မူ ဓနရှင်တော်လှန်ရေး၏အသီးအပွင့်ကို ကာကွယ်ခြင်းသာ ဖြစ်သည်၊ ဓနရှင်တို့၏ အကျိုးစီးပွားကို ဆက်လုပ်ပေးခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းအပြင် သူ၏ အခြားလုပ်ဆောင်ချက်များမှာ....
ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်။အခွန်တော်ပေါ်လစီ ပြုပြင်မှုများ လုပ်ခဲ့သည်။ပြင်သစ်ဘဏ်ကို တည်ထောင်ခဲ့သည်။အတတ်ပညာတော်လှန်ရေးကို အားပေးသည်။

နိုင်ငံတော် အဝယ်တော်စနစ်ကို ကျင့်သုံးသည်။

သူလုပ်ဆောင်ခဲ့သော စစ်ရေးစက်မှုလုပ်ငန်း တိုးချဲ့ခြင်း၊ ရေကြောင်းလမ်းဖွင့်ခြင်း၊ ကုန်းလမ်းဖောက်ခြင်း.... စသည်တို့သည် အရင်းရှင်စနစ် တိုးပွားစေရေးအတွက် များစွာအကျိုးရှိစေခဲ့သည်။

စနစ်သစ်ကို ကိုယ်စားပြုနိုင်ခဲ့သည့်အတွက် နပိုလီယံသည် အောင်မြင်မှုတွေ ရရှိခဲ့ခြင်း ဖြစ်သည်၊ ထို့ ကြောင့် ဓနရှင်နှင့် လယ်သမားများ၏ ထောက်ခံမှုကို သူ ရရှိသည်။

သူသည် သူကိုယ်တိုင်အတွက်လည်း ဘုရင်စနစ်နှင့် နန်းတွင်းအဆောင်အယောင်များကို ပြန်လည် ဖော်ထုတ်သည်၊ သူ့အား ထောက်ခံသူများကို သူကောင်းပြုပြီး “သူကောင်းမျိုး-အမျိုးအစားသစ်”ကို ဖန်တီးပေးခဲ့သည်။

ဘာသာရေးနှင့်ပတ်သက်လျှင်လည်း နပိုလီယံသည် စေ့စပ်ရေးလမ်း လိုက်ခဲ့သည်။ ၁၈ဝဝ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးနှင့် ကွန်ဂိုဒတ် (Concordat) စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို အစိုးရက ရွေးချယ်ပြီး ပုပ်ရဟန်းမင်းကြီးက ခန့်အပ်ပေးရသည်။ သာသနာရေးဝန်ထမ်းများကို ပုံသေလစာပေးသော စနစ်ကို ကျင့်သုံးသည်၊ ဘာသာ ကွဲဂိုဏ်းများကိုလည်း တပြေးညီ ထောက်ပံ့ခဲ့သည်၊

နပိုလီယံ၏ ပြည်ပပေါ်လစီမှာမူ ရှုပ်ထွေးမှု ရှိသည်၊ အစပိုင်းတွင် တော်လှန်ရေးအသီးအပွင့်များကို ကာ ကွယ်သော လက္ခဏာ ဆောင်ခဲ့သော်လည်း ကျူးကျော်မှုလက္ခဏာကို ဆက်တိုက်ဖော်ပြခဲ့သည်။ ဥပမာ- ပြည်တွင်းစွက် ဖက်မှုကို တွန်းလှန်ခြင်းသည် တရားသော လက္ခဏာ ပါဝင်သော်လည်း ဂျာမဏီအပေါ် စာချုပ်အရ အနိုင်ကျင့်ခြင်းကမူ မတရားမှုလက္ခဏာဆောင်သည်။ အင်္ဂလိပ်နှင့် တိုက်ခိုက်သည့် စစ်ပွဲသည် တွန်းလှန်ရေးလက္ခဏာ ပါသကဲ့သို့ ဗိုလ်လုရေး လက္ခဏာလည်း ပါရှိနေသည်၊

နပိုလီယံ၏လုပ်ဆောင်ချက်တချို့သည် ဥရောပတိုက်တွင် အရင်းရှင်စနစ်လမ်းပွင့်စေရေးအတွက် အတော် ပင် အထောက်အကူ ပြုခဲ့သည်။ သို့သော် သူ့တွင် အင်ပါယာ ထူထောင်လိုသော ရည်ရွယ်ချက် ရှိနေသည်။ နယ်ချဲ့ လုယက် လိုသော ဤရည်ရွယ်ချက်ကြောင့် သူ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

နပိုလီယံခေတ် ပြင်သစ်အင်ပါယာသည် အင်္ဂလန်၊ ရုရှား၊ တူရကီတို့ကလွဲလျှင် ကျန်ဥရောပနိုင်ငံအားလုံး ပါဝင်ခဲ့သည်။

၁၈၁၃ ခုနှစ်သို့ ရောက်ရှိသည့်အခါ ဥရောပတိုက်တွင် ပြင်သစ်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့သစ်တခု ဖြစ်တည်လာသည်။ အောက်တိုဘာလတွင် ဘာလင်မြို့အနီး တိုက်ပွဲကြီး ဖြစ်ခဲ့သည်၊ ၂ ဘက်အင်အား ၆ သိန်းကျော်စီ ရှိခဲ့ သည်။ နပိုလီယံ ရှုံးနိမ့်ပြီး ပဲရစ်မြို့အထိပင် မဟာမိတ်တပ်များ ရောက်ရှိလာခဲ့ကြသည်။

ထိုသို့ ဝင်ရောက်လာသော တပ်တွေကို မင်းမျိုးမင်းနွယ်တွေနဲ့ ဘာသာရေးဂိုဏ်းတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြ တာပါ။

၁၈၁၄ ခုနှစ်တွင် နပိုလီယံ နန်းစွန့်ရပြီး အယ်လဗာကျွန်းသို့ အပို့ခံခဲ့ရသည်။

သည့်နောက် လူဝီ ၁၈(၁၈၁၄-၁၈၁၅) နန်းတက်လာသည်။

၁၈၁၅ ခုနှစ်တွင် လူထု မကျေမနပ် ဖြစ်လာသည်ကို အခွင့်ကောင်းယူပြီး နပိုလီယံက လူ (၁ဝဝဝ) နှင့် ပြင်သစ်ကို ပြန်လာခဲ့သည်၊ လယ်သမားတွေ လယ်ရရေး၊ လွှတ်တော်စနစ်ကျင့်သုံးသည့် နိုင်ငံထူထောင်ရေးကို ကြွေးကြော်ပြီး သူက လူထုကို လှုံ့ဆော်ကာ အင်အားစုသည်။

ဤသို့ဖြင့် နပိုလီယံက လူဝီ ၁၈ ကို မောင်းထုတ်လိုက်ပြန်သည်၊ ပြင်သစ်တွင် ၃ ရောင်ခြယ်အလံတော် ပြန်တင်လိုက် သည်။ (နပိုလီယံ၏ အလံတော်ပါ။)

“နပိုလီယံ နန်းသက်- ရက် ၁ဝဝ”ဟု အမည်တွင်ခဲ့သည့် ကာလပါ။

၁၈၁၅ ခုနှစ်၊ ဂျွန်လ ၁၈ ရက်နေ့မှာ မဟာမိတ်တပ်များ ပြန်ဝင်လာသည်၊ ၁၈၁၅ ခုနှစ်အတွင်းမှာပဲ ဝါတာလူးစစ်ပွဲတွင် ဗြိတိသျှနှင့် ပရပ်ရှားတပ်တို့က ပြင်သစ်တပ်များကို ချေမှုန်းပစ်လိုက်သည်။

နပိုလီယံ တိုက်ခဲ့သော စစ်ပွဲများအတွင်း ပြင်သစ်စစ်သား ၄ သိန်းခန့် သေသည်။ နိုင်ငံခြားတပ်များက သေဆုံးသူ စုစုပေါင်းမှာ ၆ သိန်းခန့် ရှိသည်၊ နပိုလီယံမှာမူ ဒုတိယအကြိမ် တကျွန်းသို့ အပို့ခံရပြန်သည်။

ဇူလိုင်လ ၈ ရက်နေ့တွင် လူဝီဘုရင် ပြန်ရောက်လာပြန်သည်။ နပိုလီယံသည် ၁၈၂၁ ခုနှစ်တွင် စိန့်ဟယ်လီနာကျွန်း၌ သေဆုံးသွားခဲ့သည်။

နပိုလီယံခေတ်ကာလတွင် နပိုလီယံ ပြတ်ပြတ်သားသား လုပ်ခဲ့သော အလုပ်တခု ရှိခဲ့သည်။ ၎င်းမှာ....

“အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ကို ပိတ်ပင်တားမြစ်ထားခြင်း” ပင် ဖြစ်သည်။

• • • • • •

ပြင်သစ်ပြည်၏ ၁၇၈၉ ခုနှစ်၊ ဓနရှင်တော်လှန်ရေးတွင် အလုပ်သမားတို့ ပါဝင်ခဲ့ကြသည်မှန်သော်လည်း အလုပ်သမားတို့၏ လိုလားတောင်းဆိုချက်များ ဘာတခုမှ မရခဲ့ပါ။ ၁၇၉၁ ခုနှစ် ဥပဒေအရ အလုပ်သမား အသင်းအပင်းများ ဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်များကို ပိတ်ပင်တားမြစ်ခဲ့သည့်အတွက် အလုပ်သမားလှုပ်ရှားမှု ကျဆင်းသွားခဲ့ရသည်။

၁၈၁၅ ခုနှစ်က စပြီး နိုင်ငံရေးဦးတည်ချက်ရှိသော ဓနသဟာယ အသင်းအဖွဲ့များ ပေါ်ပေါက်လာသည်၊ ၎င်းအသင်းများမှာ ဓနရှင်အသင်းများသာ ဖြစ်သည်။ သို့သော် အလုပ်သမားအခွင့်အရေး ရနိုင်သလောက်ရဖို့ အလုပ်သမား များ ဒီအသင်း အဖွဲ့များထဲ ပါဝင်ခဲ့ကြသည်၊

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးသည် ပြင်သစ်စက်မှုတော်လှန်ရေး ဖြစ်ပေါ်လာစေရန် အထောက်အကူ ပြုပေးခဲ့ သည်။

၁၈ဝ၄ ခုနှစ်တွင် Jacquard က အကွက်ဖော်နိုင်သော စက်ရက်ကန်းကို တီထွင်ခဲ့သည်။ ၁၈ဝ၅ ခုနှစ် ရောက်တော့ ၎င်းစက်ရက်ကန်းအတွက် ဗိုင်းငင်စက်ကိုလည်း တီထွင်ခဲ့ပြန်သည်၊

ချည်ထည်လုပ်ငန်းနှင့် သတ္ထုလုပ်ငန်းတို့သည် ကြီးမားသော အတိုင်းအတာဖြင့် တိုးတက် ဖြစ်ထွန်း လာခဲ့ကြသည်။ သို့ရာတွင် ပြင်သစ်၏ စက်မှုလုပ်ငန်းတိုးတက်မှုသည် အင်္ဂလန်နှင့် နှိုင်းစာလျှင် နှေးကွေးသည်။ အကြောင်း ရင်းမှာ လယ်ယာမြေ ပြောင်းလဲမှု မလုပ်နိုင်သည့်အတွက် အင်္ဂလန်ကဲ့သို့ ဈေးချိုသည့် လုပ်အားကို မရရှိနိုင်လို့ပါ။

ဥရောပတိုက်တွင် ၁၈၂ဝ ခုနှစ်မှ ၃ဝ ခုနှစ်အတွင်း တော်လှန်ရေးများ ဖြစ်ပွားခဲ့သည်။

- စပိန်တော်လှန်ရေး

- အီတလီ တော်လှန်ရေး

- ရုရှား ဒီဇင်္ဘာ ပါတီ ပုန်ကန်မှု

- ဂရိ လွတ်လပ်ရေးတိုက်ပွဲ

ယင်းအရှိန်ကြောင့် ပြင်သစ်တော်လှန်ရေးများ ခေတ်ထလာ ပြန်သည်။

၁၈၁၅ ခုနှစ်၊ သြဂုတ်လအထိ လူဝီဘုရင်က ဖမ်းဆီးထားသူ ၇-သောင်းကျော် ရှိခဲ့သည်။ ရွာကြီးတိုင်းတွင် ရွာတရွာ မှာ အနည်းဆုံး လူ ၇-ဦး သေဒဏ် ကျခံနေရသည့် ကာလပါ။

၁၈၂၁ ခုနှစ်တွင် ပြင်သစ်ပြည်အနှံ့ လျှို့ဝှက်အသင်းအဖွဲ့ အမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ ၁၈၂၇ -ခုနှစ်တွင် ဘုရင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတခု ပေါ်ပေါက်ခဲ့သေးသည်။

၁၈၃ဝ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဘုရင်က မြေယာကန့်သတ်မှုဥပဒေကို ထုတ်ပြန်လိုက်သည်။

ထိုမျှသာမက ရွေးကောက်ပွဲတွင်လည်း ဖရန့်ဒင်္ဂါး တကုဋေ အခွန်ထမ်းဆောင်နိုင်သူသာ မဲပေးခွင့် ရှိသည်ဟူ၍ သတ်မှတ်လိုက်ပြန်သည်။ စုရုံးးခွင့်၊ စည်းဝေးခွင့်များကိုလည်း ပိတ်ပင်တားဆီးလိုက်သည်၊

ဤသည်တွင် တော်လှန်ရေးမီးတောက် တဖန် တောက်လောင်လာပြန်တော့သည်၊ ဒီတော်လှန်ရေးကြောင့် ဘုရင် သည် အင်္ဂလန် ရောက်သွားသည်အထိ ထွက်ပြေးရတော့သည်။

မြို့စား လူဝီဖိလစ် နန်းတက်လာသည်။ သူက ဘုရင်အဖြစ် ၁၈၃ဝ မှ ၁၈၄၈ အထိ (၁၈) နှစ်ကြာ အုပ်စိုးခဲ့သည်။ ၁၈၃ဝ ဇူလိုင်တော်လှန်ရေးမှနေ၍  နန်းတက်လာသူဖြစ်သည့်အတွက် သူ့ကို ဇူလိုင်မင်းဆက်ဟု ခေါ်ကြသည်။ ထို့အပြင် အော်လီယွန်မင်း ဆက်ဟုလည်း ခေါ်ကြသေးသည်။

လူဝီဖိလစ်သည် ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သော ဓနရှင်ကိုယ်စားလှယ် တဦးသာ ဖြစ်သည်။ စည်းမျဉ်း ခံ ဘုရင်စနစ် အစိုးရဟု ဆိုနိုင်သည်။

၎င်း ၁၈၃ဝ ဇူလိုင် တော်လှန်ရေးသည်လည်း ဥရောပတိုက်တွင် ဂယက်ကြီးခဲ့သည်။ ၎င်းတော်လှန်ရေး သည် ဘယ်လ်ဂျီယံသို့ ကူးစက်သွားပြီး ဒတ်ခ်ျဘုရင်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့သည်။

တော်လှန်ရေးသည် ပိုလန်သို့လည်း ကူးစက်သွားသည်။ သို့ရာတွင် ပိုလန်တော်လှန်ရေးသည် မအောင် မြင်ခဲ့။ ရုရှားက ပုန်ကန်သူများကို နှိမ်နင်းနိုင်ခဲ့သည်။

ဂျာမဏီပြည်တွင်လည်း တော်လှန်ရေးများ ကူးစက်ဖြစ်ပွားခဲ့ပါသေးသည်။

သို့ရာတွင် ၁၈၃ဝ ဇူလိုင်တော်လှန်ရေးသည် ဓနရှင်တော်လှန်ရေးပါ။ အလုပ်သမားလူတန်းစားအတွက် အကျိုးကျေးဇူး မရှိခဲ့ပေ။

၁၈၃၁ ခုနှစ်တွင် ပိုးထည်လုပ်ငန်း၏အချက်အချာမြို့ဖြစ်သော လီယွန် Lyons မြို့မှာ အလုပ်သမားတွေ သပိတ် မှောက်သည်။ အလုပ်ရှင်က လုပ်အားခတွေ လျှော့ချပစ်လိုက်သည့်အတွက် သပိတ်မှောက်ကြတာပါ။ ဆန္ဒပြသူများကို ရဲက သေနတ်နှင့် ပစ်လို့ အလုပ်သမား ၈ ယောက် အသက်ဆုံးခဲ့ရသည်။ ဤသည်တွင် အလုပ်သမားထုကြီး မခံမရပ် နိုင်ဖြစ်လာကာ အုံကြွမှုကြီး ပေါ်ပေါက်လာပြီး လီယွန်မြို့ကို သိမ်းပိုက်လိုက်သည်။ လူဝီဖိလစ်၏ အစိုးရက စစ်တပ်စေလွှတ်ပြီး နှိမ်နင်းပစ်ခဲ့သည်၊

၁၈၃၄ ခုနှစ်တွင်လည်း လီယွန်မြို့တွင် အလုပ်သမားတွေ နောက်တကြိမ် သပိတ်မှောက် ဆန္ဒပြကြပြန် သည်။ အစိုးရက အလုပ်သမား ခေါင်းဆောင် ၆ ဥိးကို ဖမ်းဆီးလိုက်သည်။ အလုပ်သမားတွေ ပုန်ကန်ပြီး လီယွန်မြို့ကို သိမ်းပိုက်လိုက်ပြန်သည်။ ဤတကြိမ်တွင်လည်း အစိုးရစစ်တပ်က လာရောက် နှိမ်နင်းလိုက်ပြန်သည်။ လီယွန်မြို့မှ အလုပ်သ မား ပုန်ကန်မှုသည် ပဲရစ်မြို့အထိ ရိုက်ခတ်လာပြီး ပဲရစ်မြို့က အလုပ်သမားတွေ ပုန်ကန်ကြပြန်သည်။

ပဲရစ်အလုပ်သမား လှုပ်ရှားမှုကိုလည်း အစိုးရက ရက်ရက်စက်စက် နှိမ်နင်းပစ်လိုက်သည်။

၁၈၃၄ ခုနှစ်မှ စပြီး အစိုးရက အလုပ်သမား အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် တားမြစ်ပိတ်ပင်သော ဥပဒေ ပြဌာန်းခဲ့သည့် အတွက် အလုပ်သမားများသည် အသင်းအဖွဲ့များကို လျှို့ဝှက်ဖွဲ့စည်းကြရသည်။ ‚ အလုပ်သမားအဖွဲ့အစည်းက ၁၈၃၉ ခုနှစ် တွင် တော်လှန်ပုန်ကန်ပြီး ပဲရစ်òမ့ကို အာဏာသိမ်းလိုက်သည့်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်၊ နောက်ဆုံးတွင်မူ အစိုးရစစ် တပ်က òဖခွဲနှိမ်နင်းပစ်နိုင်ခဲ့သည်၊

အလုပ်သမားလူတန်းစားနှင့် ဓနရှင်လူတန်းစားအကြားက တိုက်ပွဲများသည် ဤနည်းဖြင့် တစတစ ပိုမို သည်းသန် ပြင်းထန်လာခဲ့လေသည်၊ အလုပ်သမားလူတန်းစား၏ လှုပ်ရှားမှုများကို ဓနရှင်အစိုးရက သွေးအိုင်ထဲ နှစ်မြှုပ်ပစ်ခဲ့ သည့် ဖြစ်ရပ်များပင် ဖြစ်သည်။

ဤသို့ဖြင့် ပြင်သစ်တော်လှန်ရေးသည် အချိန်ကာလ ရွှေ့ဆိုင်းခဲ့ရသည်။ ၁၈၄၈ ခုနှစ်အထိ အချိန်ကာလ ရွှေ့ဆိုင်း လိုက်ရသည်ဟု ဆိုနိုင်သည်။

• • • •

၁၈၃ဝ ဇူလိုင်တော်လှန်ရေးအပြီး-

ဘဏ်အရင်းရှင် လာဖစ် Laffitte သည် သူ့အပေါင်းအသင်းဖြစ်သူ အော်လီယန်မြို့စား(Duke of Orleans)  လူးဝစ်ဖိလစ်နှင့်အတူ ဒေသဆိုင်ရာ အစိုးရရုံးးစိုက်ရာ မြို့တော်ခန်းမကို အောင်မြင်စွာ သိမ်းပိုက်လိုက်ပြီးသည့်နောက် သူ့ပါး စပ်မှ ထွက်ပေါ်လာသည့် စကားတခွန်းမှာ....

“ခုအချိန်ကစပြီး ဘဏ်အရင်းရှင်တွေက စတင်အုပ်ချုပ်သွားတော့မယ်”တဲ့။

လာဖစ်က ဓနရှင်တော်လှန်ရေး၏ လျှို့ဝှက်ချက်ကို ဖွင့်ပြောလိုက်ခြင်းပင်တည်း။ ဇူလိုင် မင်းဆက်ဖြစ်သည့် လူဝစ်ဖိလစ် အစိုးရသည် အမှန်က စည်းမျဉ်းခံဘုရင်စနစ်ပင် ဖြစ်သည်၊ လူဝီဖိလစ်၏နောက်ကွယ်မှ ပြင်သစ်ပြည်ကို အုပ်ချုပ် ခဲ့သူမှာ ပြင်သစ်ဓနရှင်လူတန်းစားတခုလုံးတော့ မဟုတ်ပါ။ ဓနရှင်လူတန်းစား၏ ဂိုဏ်းအုပ်စုတခုသာ ဖြစ်သည်၊ သူတို့အုပ် စုတွင် ဘဏ်အရင်းရှင်များ၊ စတော့ငွေဖလှယ်လဲလှယ်ရေးဘက်မှ ထိပ်သီးရာဇာ(ဘုရင်)များ၊ မီးရထားလုပ်ငန်းဘက်တွင် ရာဇာ ဖြစ်နေသူများ၊ သံ၊ ကျောက်မီးသွေး စသည့် သတ္ထုတွင်းပိုင်ရှင်များနှင့် သစ်တောပိုင်ရှင်များတို့ ပါဝင်ခဲ့ကြသည်၊ မြေပိုင်ရှင်တစိတ် တပိုင်းကလည်း သူတို့နှင့် ပူးပေါင်းသည်။ သူတို့အုပ်စုကို “ဘဏ္ဍာအရင်းရှင် မင်းညီမင်းသားအုပ်စု”ဟု ခေါ်ဆိုလေ့ရှိသည်။ (ဆက်လက်ဖော်ပြရာတွင် သူတို့ကို အတိုကောက် ဘဏ္ဍာဘုရင်အုပ်စုဟု သုံးစွဲသွားပါမည်။)

သူတို့က အာဏာပလ္လင်ပေါ်မှာ တက်ထိုင်လိုက်ကြသည်။ လွှတ်တော်တွင် ဥပဒေရေးဆွဲရေးနှင့် ပတ်သက် ပြီး ညွှန်ကြားနေသည်မှာလည်း သူတို့။ ကက်ဘိနက်ဝန်ကြီးနေရာကအစ အောက်ဆုံးက အသေးအမွှာားနေရာအဆုံး ရာထူးနေ ရာပေးရေးကို စီမံခန့်ခွဲနေကြသည်မှာလည်း သူတို့။

ဓနရှင်လူတန်းစား၏ အစိတ်အပိုင်းတခုဖြစ်သည့် စက်မှုအရင်းရှင်လူတန်းစားကမူ တရားဝင် အတိုက်အခံ အဖွဲ့အစည်းအတွင်း ပါဝင်သော အစိတ်အပိုင်းတခုအဖြစ် သီးခြားရပ်တည်နေသည်၊ လွှတ်တော်တွင်းမှာ သူတို့က လူနည်းစု ကိုသာ ကိုယ်စားပြု နေရခြင်းဖြစ်သည်၊ သူတို့က လူနည်းစုသာပါ။ သူတို့က အတိုက်အခံအဖြစ် ပြတ်ပြတ်သားသား ဖော်ပြလေ၊ သို့မဟုတ် အတိုက်အခံအဖြစ် တိုက်ခိုက်လေ ဘဏ္ဍာဘုရင်အုပ်စု၏ အာဏာကို ပိုပြီး သီးသန့်ဖြစ်စေလေလေ သို့မဟုတ် ခိုင်မာလေလေ ဖြစ်လာတော့သည်။

ဘဏ္ဍာဘုရင်အုပ်စုကိုယ်တိုင်၏ အလုပ်သမားလူတန်းစားအပေါ် လွှမ်းမိုးအုပ်ချုပ်နိုင်မှုသည် ၁၈၃၂၊ ၁၈၃၄ နှင့် ၁၈၃၉ ခုနှစ်များအတွင်း အလုပ်သမားလှုပ်ရှားများအား သွေးအိုင်ထဲ နှစ်မြှုပ်နိုင်လိုက်ပြီးသည့်နောက်တွင် ပိုမို ခိုင်မာ လာသည်-ဟု သူတို့ဘာသာ သူတို့ ထင်မြင်ယူဆနေကြသည်။

အမျိုးမျိုး အစားစားသော ဓနရှင်ပေါက်စ လူတန်းစားနှင့် လယ်သမားများသည်လည်း နိုင်ငံရေးအာဏာတွင် ပါဝင်ခွင့် မရဘဲ လုံးဝ ဘေးဖယ်ထားခြင်း ခံနေရသည်။ အဆုံးစွန် ပြောရလျှင် အာဏာမရဘဲ ကျန်ရှိနေသော လူတန်းစား များကို ကိုယ်စားပြုထားသူများ၊ သူတို့အတွက် စကားပြောဆိုခွင့်ရှိသူများ၊ အမှုထမ်း၊ ရှေ့နေ၊ ဆရာဝန်များ တခွန်းတည်း ပြောရလျှင် အသိပညာရှင် ပုဂ္ဂိုလ်များတို့သည် တရားဝင်အတိုက်အခံနေရာ သို့မဟုတ် မဲပေးနိုင်ခွင့် မရှိသည့် လူများထဲတွင် သာ ပါဝင်နေကြရသည်။

အာဏာရထားကြသော ဘဏ္ဍာဘုရင်အုပ်စုဘက်ကို ကြည့်လျှင် သူတို့၏ ဘဏ်တိုက်များသည် သူတို့၏ ဝတ်ပြုကျောင်းတော်များ ဖြစ်နေကြသည်။ အာဏာရအစိုးရအတွင်း ဘဏ္ဍာဘုရင်အုပ်စု နေရာရနေခြင်းတွင် ဤသို့ဖြစ် စေသော အကြောင်းရင်းများ ရှိနေသည်၊

ဇူလိုင်မင်းဆက် အစိုးရသည် အစကတည်းက ဓနရှင်ကြီး လူတန်းစားကို မှီခိုအားထာခဲ့ရသည်။ သူ၏ ဓနရှင်ကြီး လူတန်းစားအပေါ် မှီခိုနေရခြင်း၏ ရေသောက်မြစ်မှာ အဆက်မပြတ်တိုးတက် ကြီးထားလာနေသော ဘဏ္ဍာ ရေးအကျပ် အတည်းပင် ဖြစ်သည်။ အစိုးရ၏ စီမံခန့်ခွဲမှုကို အမျိုးသားထုတ်လုပ်ရေးအကျိုးစီးပွားနှင့် ပေါင်းစပ်ရာတွင် ဘတ်ဂျက်စီမံကိန်းများကို ထိန်းချုပ်မှုမရှိဘဲ၊ နောက်တချက်- နိုင်ငံတော်၏ ဝင်ငွေနှင့် သုံးစွဲငွေအကြား ထိန်းချုပ်မှုမလုပ်ဘဲ မဖြစ်နိုင်ချေ။

နိုင်ငံတော်က အသုံးပြုရန်အတွက် လိုအပ်သော ငွေကြေးပမာဏ ကြီးမားလာခြင်းသည် အာဏာရ ဓနရှင်လူတန်းစားအတွက် စီးပွားရေးအမြတ်ထုတ်ရန်နှင့် ပိုမိုချမ်းသာ ကြွယ်ဝလာစေရန်အတွက် အခွင့်အလမ်း ရေသောက် မြစ်တခု ဖြစ်လာသည်။ နှစ်တနှစ်၏ အဆုံးသတ်ချိန်တိုင်းတွင် အသစ်အသစ်သော လိုငွေများ ပေါ်ထွက်လာသည်။ ၄ နှစ် ၅ နှစ် ဆက်တိုက် ဤအခြေအနေ မျိုး ဖြစ်ပေါ်ခဲ့ရာတွင် လိုငွေသည် ကြီးမားသော အလုံးအရင်း၊ ကြီးမားသော အတိုင်းအတာနှင့် ဖြစ်လာသည်။ ယင်းသို့ အလုံးအရင်းနှင့် လိုငွေအသစ် ဖြစ်လာတိုင်း ဘဏ္ဍာဘုရင်အုပ်စုသည် ၎င်းငွေအပေါ်က အခွင့်ကောင်းယူ အမြတ်ထုတ်ဖို့ နည်းလမ်း သစ်ရှာကြံလုပ်ဆောင်ခဲ့ကြသည်။ ယင်းအခါ သဘာဝကျစွာပင် အစိုးရသည် ဒေဝါလီခံရဖို့ နီးစပ်လာသော အခြေအနေ ဖြစ်လာ သည်။ ၎င်းအခါ သည်သို့သော အခွင့်မသာသည့်အခြေအနေအောက်တွင် အစိုးရသည် ဘဏ်အရင်းရှင်များနှင့် စေ့စပ်ရမည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။ ဤသည်၏အကျိုးဆက်အဖြစ် အစိုးရက ဘဏ်အရင်းရှင်များနှင့် လွှတ်တော်တွင်းရှိ သူတို့၏ အပေါင်းအသင်းများကို အာဏာပလ္လင်ပေါ်သို့ တင်ပေးလိုက် ရတော့သည်၊

ဒီနည်းနဲ့ ဘဏ္ဍာဘုရင်အုပ်စု အာဏာပလ္လင်ပေါ် တက်လာခဲ့ကြတာပါ။ ဤသည်၏အကျိုးဆက်အဖြစ် အရင်းရှင် ကလေးများ အစုလိုက်အပြုံလိုက် ပျက်သုဉ်းကုန်ကြရတော့သည်။ စွန့်စားပြီး စီးပွားရေးအရ လောင်းကစားနည်း ကျင့်သုံးသူများ အကြီးအကျယ် ချမ်းသာလာကြသည်။

အစိုးရ၏လိုငွေသည် ဓနရှင်လူတန်းစားအတွင်းက အုပ်စိုးသူဓနရှင်လူတန်းစားဂိုဏ်း၏ တိုက်ရိုက်အကျိုး စီးပွား ဖြစ်နေသောကြောင့်(ထိုငွေအပေါ်မှ သူတို့က အမြတ်ထုတ်နေသောကြောင့်) လူဝီဖိလစ် အုပ်စိုးမှုကာလ နောက်ဆုံး နှစ်များတွင် နိုင်ငံတော်၏ အထူးသုံးငွေ(အရေးပေါ်လိုငွေ) သည် နပိုလီယံခေတ် အထူးသုံးငွေထက် ပမာဏအားဖြင့် အများကြီး ပိုမိုနေသည်မှာ ဘာမှ မထူးဆန်းချေ။ ယင်းငွေသည် တနှစ်တနှစ်တွင် ပြင်သစ် ဖရန့်ငွေ ၄ဝဝ, ဝဝဝ, ဝဝဝ-နီးပါးခန့် ရှိလေသည်။ ဤသို့သော ကြီးမားသည့် ငွေလုံးငွေရင်းကို မတရားသော၊ ညစ်ပတ်သော နည်းလမ်းများကို အသုံးပြုပြီး ရှာဖွေခဲ့ကြသည်။

အုပ်စိုးသူလူတန်းစားသည် မီးရထားလမ်းတည်ဆောက်ရေးဘက်တွင်လည်း မရိုးသားသော နည်းလမ်း များဖြင့် သွေးစုပ်သည်။ နိုင်ငံတော်၏ အထွေထွေသုံးငွေနှင့် ရင်းနှီးငွေထဲမှလည်း သွေးစုပ်သည်။ လွှတ်တော်၏ ဝန်ထုပ် ဝန်ပိုးများကိုလည်း နိုင်ငံတော်အပေါ်သို့ ပုံချသည်။ ဘဏ္ဍာဘုရင်အုပ်စုသည် ထိုသို့သော နည်းလမ်းမျိုးဖြင့် အမြတ်ရှာ စီးပွားရေး၏ ရွှေသစ်တော်သီးများကို ကာကွယ်စောင့်ရှောက်ခြင်း ပြုသည်။

လွှတ်တော်ကိုယ်စားလှယ်များအတွင်းမှ ဝန်ကြီးများအပါအဝင် အမတ်အများစုသည် မီးရထားလမ်း တည် ဆောက်ရေးလုပ်ငန်းအပေါ် စိတ်ဝင်စားမှု ကြီးကြသည်။ ဒီလုပ်ငန်းက သူတို့အတွက် ငွေရှာလို့ ကောင်းပေသကိုး။ အခြားတ ဘက်တွင်မူ အသေးဆုံး ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ရေးလုပ်ငန်းများသည် ဘဏ်အရင်းရှင်တို့၏ သြဇာအရှိန်အဝါအောက်တွင် ပျက်စီးနေရသည်။ ဥပမာ- စာပို့လုပ်ငန်း ပြုပြင်ပြောင်းလဲရေး။

ဇူလိုင်မင်းဆက်အစိုးရ ဆိုသည်မှာ ပြင်သစ်အမျိုးသားတို့၏ ဥစ္စာဓနများကို သွေးစုပ်နေသော အစုစပ်ကုမ္ပ ဏီသဘောထက် ဘာမှမပို။ အမျိုးသား ဥစ္စာဓနများကို ဝန်ကြီးများ၊ လွှတ်တော်အဖွဲ့ဝင်များနှင့် မဲပေးခွင့်ရသူ ၂၄ဝ, ဝဝဝ ဦးတို့က ခွဲဝေယူနေကြခြင်း ဖြစ်သည်၊ လူဝီဖိလစ်က ကုမ္ပဏီ၏ ဒါရိုက်တာတယောက်မျှသာ။

ယင်းအချိန်က ပြင်သစ်တပြည်လုံး လူဦးရေ ၃၆ သန်းရှိသည့်အနက် မဲပေးခွင့်ရသူသည် အထက်မှာ ဖော်ပြထားသည့် အတိုင်း ၂၄ဝ, ဝဝဝ သာ ရှိနေခဲ့တာပါ။ ထို့ကြောင့် အုပ်ချုပ်သူ လူတန်းစားအတွင်း မပါဝင်ကြရသော ကျန်ဓနရှင်ဂိုဏ်းအသီးသီးက မကျေမနပ် ဖြစ်နေကြသလို တပြည်လုံးကလည်း မကျေနပ်ကြ။

ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ သင်္ဘောလုပ်ငန်းနှင့် စက်မှုဓနရှင်တို့၏ အကျိုးစီးပွားတို့သည် အဆက်မပြတ် အန္တရာယ် ကျရောက်လျက် ရှိနေသည်။ ဒုက္ခတွေ့နေကြသည်။ မရိုးသားသော နည်းလမ်းများဖြင့် အမြတ် ထုတ်သည့် အစိုးရ သည် ၁၈၃ဝ - ဇူလိုင် နေ့ရက်များတုန်းက သူတို့ရေးဆွဲဖော်ပြခဲ့သော၊ ဂတိပေးခဲ့သော တော်လှန်ရေး လက္ခဏာများ အနက်က ယခုအခါ ဘာများ ကျန်ရှိနေပါသေးသလဲ။ ဘာများ သူတို့ လုပ်ဆောင်ပေးနေကြပါသလဲ။


ဘဏ္ဍာဘုရင်အုပ်စုသည် အစကတည်းက နိုင်ငံတော်၏ ဦးစီးကွပ်ကဲမှုနေရာကို ယူထားရုံမျှမက သတင်းစာများနှင့် လူထုထင်မြင်ချက်များအပေါ် စိုးမိုး ချုပ်ကိုင်ထားသည်။ ယင်းသို့ တင်းတင်းကျပ်ကျပ် ကိုင်ထားပြီးမှ ပြည့်တန်ဆာကဲ့သို့ အရှက်မဲ့စွာ မတရားနည်းဖြင့် ပိုက်ဆံရှာသည်။ ထုတ်လုပ်ရေးနည်းနှင့် ကြွယ်ဝလာစေရန် ကြိုးပမ်းခြင်း မဟုတ်ဘဲ သူတပါးရှာထားသည့်ငွေကို ဓားပြတိုက်လုယက်သကဲ့သို့သော လုပ်နည်းကို ကျင့်သုံးသည်။ သည်တော့ ဓနရှင်လူတန်းစားထဲမှ တခြားအုပ်စုတွေ၊ ဂိုဏ်းတွေက “စာရိတ္တ ပျက်ပြားကုန်ကြပြီ”ဟူ၍ အော်ဟစ်လာကြတော့သည်၊ ပြည်သူတွေကလည်း “သူခိုးကြီးတွေ ကျဆုံးပါစေ” ဟူ၍ ကြွေးကြော်လာသည်။

၁၈၄၇ ခုနှစ်တွင် အစိုးရအပေါ် ဤသို့သော မကျေနပ်ချက်များသည် ပို၍ ကြီးထွားသထက် ကြီးထွား လာသည်၊ ၁၈၄၈ ခုနှစ် အရောက်တွင် အထွေထွေ မကျေနပ်မှုသည် အရှိန်အဟုန် ပြင်းထန်ပြီး အထွတ်အထိပ်သို့ ရောက် ရှိလာတော့သည်။

• • • •

“၁၈၄၇ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေး အကျပ်အတည်းသည် ၁၈၄၈ ခုနှစ် ဖေဖော်ဝါရီတော်လှန်ရေးနှင့် မတ်လ တော်လှန်ရေးတို့၏ မိခင်အစစ်အမှန် ဖြစ်ပေသည်။”ဟူ၍ မာ့က်စ်နှင့် အိန်ဂယ်တို့က ခွဲခြမ်းစိတ်ဖြာခဲ့လေသည်။

ပြည်တွင်းတွင် ပြည်သူလူထု၏ တော်လှန်လိုသော ဆန္ဒများသည် ရင့်မှည့်စ ပြုလာနေပြီ။ ကမ္ဘာ့စီးပွားရေး အကြောင်း အချက် ၂ ခုတို့ကြောင့်လည်း တော်လှန်ရေးလိုလားသော ခံစားချက်များ ပိုမို ရင့်မှည့်လာခဲ့ခြင်း ဖြစ်သည်။


ပထမအကြောင်းအချက်။ ။ ၎င်းသည် ၁၈၄၅ ခုနှစ်နှင့် ၁၈၄၆ ခုနှစ်အကြားတွင် ဖြစ်ပျက်ခဲ့ သည်။

ဥရောပတတိုက်လုံးမှာပင် ၁၈၄၅ ခုနှစ်နှင့် ၁၈၄၆ ခုနှစ်တို့တွင် သီးနှံထွက် ညံ့ဖျင်းဆိုးဝါးခဲ့လေသည်။ အာလူးတွေ ရောဂါကျမှုနှင့် သီးနှံဆုံးရှုံးးမှုများကြောင့် လူထုအတွင်း အထွေထွေ မကျေနပ်မှုများ ပိုမို တိုးပွားလာခဲ့သည်။ ထို့အပြင် ဥရောပတိုက်၌ ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုကလည်း ကျရောက်ဖိစီးသဖြင့် အခြေအနေမှာ ဆိုးသထက် ဆိုးလာသည်။

၁၈၄၇ ခုနှစ် ရိက္ခာပြတ်လပ်မှုကြောင့် ဥရောပတိုက်ရှိ တခြားနေရာများမှာကဲ့သို့ပင် ပြင်သစ်ပြည်တွင်လည်း သွေးအလူးလူး ပဋိပက္ခများ ပေါ်ပေါက်လာသည်။ ငတ်လို့ ဆူပူကြသူတွေကို အစားအသောက်မပေးဘဲ ကျည်ဆန်သာ ပေးခဲ့ကြသည်။

လူဝီဖိလစ်လက်ထက်တွင် ပြင်သစ်လယ်သမားတွေ စီးပွားပျက်ခဲ့ကြသည်။ လယ်သမား ၁၆ သန်းတို့ အနက် ၄ သန်း ကျော်တို့သည် မြေယာများ လက်လွတ်ဆုံးရှုံးကုန်ပြီး ၅ သန်းကျော်တို့ စီးပွားပျက်ကြရသည်။


ဒုတိယအကြောင်းအချက်။ ။ တော်လှန်ရေးပေါက်ကွဲမှုကို ပိုမို မြန်ဆန်စေခဲ့သော စီးပွားရေးအကြောင်း အချက်မှာ အင်္ဂလန်ပြည်မှာ ဖြစ်ပွားခဲ့သော အထွေထွေ ကုန်သွယ်မှု အကျပ်အတည်းနှင့် စက်မှုလုပ်ငန်း အကျပ်အတည်းပင် ဖြစ်သည်။ ဒီစီးပွား ရေးကပ်ကြောင့် ပြင်သစ်ပြည်တွင် စီးပွားရေးပြောင်းလဲမှုများ ဖြစ်လာရသည်။

၁၈၄၅ ခုနှစ်က စပြီး မီးရထားလမ်းလုပ်ငန်း အစုရှယ်ယာတွေ လက်ပြောင်းလက်လွှဲ ရောင်းဝယ်ကြခြင်း သည် ထပ်ဖန်တလဲလဲ ဖြစ်ပေါ်လာသည်။

၁၈၄၆ ခုနှစ်အတွင်းတွင် ရီက္ခာသီးနှံ တာဝန်ကျေပွန်အောင် ပေးသွင်းမှုများ ရပ်ဆိုင်းသွားသည်။ ၎င်း အဖြစ်အပျက်မျိုး တွေ အများကြီး ဖြစ်ပေါ်လာသည်။

၁၈၄၇ ခုနှစ် အရောက်တွင် အကျပ်အတည်းကပ်သည် နောက်ဆုံးအဆင့် ပေါက်ကွဲထွက်လာသည်။ လန်ဒန်တွင် ရိက္ခာနှင့် အိမ်သုံးပစ္စည်း ရောင်းဝယ်သူတွေ ဒေဝါလီခံကြရတော့သည်။ သည့်နောက် ဆက်တိုက်ဆိုသလို ကံဆိုးမိုးမှောင်ကြီး ကျလာသည်မှာ မြေယာဘဏ်များတွင် အကြွေးများ လာမဆပ်နိုင်တော့ခြင်း ဖြစ်သည်။


အင်္ဂလိပ် စက်မှုလုပ်ငန်းမြို့များ၊ ခရိုင်များတွင် စက်ရုံတွေ ပိတ်ကုန်သည်။ ထို့ကြောင့် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြသည်။

ဖေဖော်ဝါရီ တော်လှန်ရေး ပေါ်ပေါက်လာချိန်အထိ ဥရောပတိုက်၏ စီးပွားရေးကပ်သည် ပြီးဆုံးသွားခြင်း မရှိဘဲ သူ့အရှိန်နှင့်သူ ဆက်သွားဆဲပါ။

သည့်အတိုင်မီက ပြည်သစ်ပြည် စက်မှုတော်လှန်ရေးကြောင့် ၁၈၄ဝ ခုနှစ်ကစပြီး ပြင်သစ်ပြည်သည် စက်မှုလုပ်ငန်းတွေ အကြီးအကျယ်တိုးများလာခဲ့သည်။ မီးရထားသံလမ်းလုပ်ငန်း၊ သံမဏိလုပ်ငန်း၊ ကျောက်မီးသွေး လုပ်ငန်း တို့တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ပြင်သစ် ဖရန့်ငွေ ကုဋေ ၄၅ဝဝ အထိ ရှိခဲ့သည်။ လယ်သမားများ စီးပွားပျက်လာကြ သည့်အခါ ၎င်းအပြင် လက်မှုလုပ်ခင်းတွေ ပျက်စီးကုန်သည့်အခါ ပစ္စည်းမဲ့တပ်မတော်သည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ သို့ရာတွင် အလုပ်သမားတို့၏ အလုပ်ချိန်မှာ တနေ့ ၁၂ နာရီမှ ၁၅ နာရီအထိ ရှိနေသည်။

ဥရောပတိုက် စီးပွားရေးကပ်နှင့်အတူ ပြင်သစ်ပြည်တွင်လည်း လယ်ယာနှင့် စက်မှုလုပ်ငန်း ကပ်ဆိုက်လာသည်။

ရိက္ခာ ရှားပါးလာသည်။

ကုန်ဈေးနှုန်း ကြီးလာသည်။

စက်ရုံတွေ ပိတ်ကုန်သည်။

အလုပ်လက်မဲ့များလာသည်။

လုပ်ခ ကျဆင်းလာသည်။

အင်္ဂလန် စီးပွားရေးကပ် ပြင်သစ်သို့ ကူးစက်လာမှုကြောင့် ပြင်သစ်ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ပျက်စီးလာသည်တွင် ဘဏ္ဍာဘုရင်အုပ်စု ဆက်လက် တည်ရှိရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်လာသည်။

ပြင်သစ် အတိုက်အခံ ဓနရှင် နိုင်ငံရေးဂိုဏ်း အားလုံးတို့သည် ထမင်းစားပွဲများ ကျင်းပပြီး မတရားသည့် ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားလာကြသည်။ ရွေးကောက်ပွဲ စနစ်ပြောင်းမှ သူတို့ လွှတ်တော်မှာ အမတ်နေရာများ ရရှိ လာနိုင်မည် ဖြစ်သည်။ အာဏာကြီးစိုးထားသော လက်ရှိဝန်ကြီးအဖွဲ့ကို ဖြုတ်ချပစ်မည်ဆိုတဲ့ စိတ်ကူးနဲ့ပါ။

ပဲရစ်မြို့မှာ ဖြစ်ပေါ်ခဲ့သည့် စက်မှုအကျပ်အတည်းကပ်၏ ရလဒ်သည် ထိုမျှသာ မကသေးပါ။ ထုတ်လုပ်ရေး လုပ်ငန်း ပိုင်ရှင်များနှင့် ကုန်သွယ်ရေးလုပ်ငန်းပိုင်ရှင် အမြောက်အမြားကို ပြည်တွင်းဈေးကွက်မှာရော ပြည်ပဈေးကွက်မှာပါ ဘာလုပ်ငန်းမှ ဆက်လုပ်လို့ မရတော့သည်အထိ ဖြစ်သွားစေခဲ့သည်။ သူတို့က လုပ်ငန်းကြီးကြီးကျယ်ကျယ်တွေ ထူထောင်ပြီး အပြိုင်အဆိုင် လုပ် ကြည့်ကြပြန်သည်။ ဈေးဆိုင်သေးသေးလေးတွေ၊ လုပ်ငန်းသေးသေးတွေ အကုန် ပျက်စီးကုန်သည်။ ဤနည်းဖြင့် ပဲရစ်၏ ဓနရှင် လူတန်းစား အစိတ်အပိုင်းအတွင်းတွင် ဒေဝါလီခံကြရသူတွေ တပုံတပင် ဖြစ်လာသည်။

၎င်းအပြင် ၁၈၄၈ ဇန်နဝါရီလ ၁၂ ရက်နေ့က ပါလီမို Parlemo မှာ ပေါ်ပေါက်ခဲ့သည့် အလုပ်သမားနှင့် လူထုကြီး၏ သွေးစွန်းခဲ့ရသော အုံကြွမှုက အကြောသေသကဲ့သို့ ဖြစ်နေသော ပြင်သစ်လူထုကြီးကို လျှပ်စစ်ဓာတ်နှင့် တို့ထိပြီး နှိုးလိုက်သကဲ့သို့ လူထုကြီးသည် တော်လှန်ရေးစိတ်ဓာတ်များ နိုးထလာကြသည်။


(မှတ်ချက်။ ။ ထိုအချိန်မတိုင်မီက ပြင်သစ်အလုပ်သမားလှုပ်ရှားမှုကို ဘလန်ကွီး (၁၈ဝ၅-၁၈၈၁) က ခေါင်းဆောင်ခဲ့သည်။ သူက ပုဂ္ဂလိကပိုင်ပစ္စည်း ဖျက်သိမ်းရေးနှင့် စုပေါင်းစနစ်တည်ဆောက်ရေးကို တင်ပြခဲ့သည်။ သို့ရာတွင် သူ့နည်းလမ်းက လူနည်းစု လျှို့ဝှက် ပုန်ကန်ရေးနည်းလမ်းပါ။ လီနင်က “ဘလန်ကွီးဝါဒသည် လူတန်းစားတိုက်ပွဲ သဘောတရားကို ဆန့်ကျင်သည်။ ပစ္စည်းမဲ့များကို လုပ်ခစား ကျွန်စနစ်မှ လွတ်မြောက်စေဖို့အတွက် ပစ္စည်းမဲ့လူတန်းစား၏ လူတန်းစားတိုက်ပွဲနည်းလမ်းမှ သွားရေးမဟုတ်ဘဲ လူနည်းစု ပညာတတ်များ၏ လျှို့ဝှက်ကြံစည်မှု၊ လုပ်ကြံမှုနည်းလမ်းမှ သွားရေးသာ ဖြစ်သည်”ဟူ၍ ညွှန်ပြခဲ့သည်။)

၁၈၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပဲရစ်မြို့မှ တော်လှန်သော လူထုကြီး၏ အုံကြွမှုကို စတင်လိုက်သည်။

လွှတ်တော်တွင်းမှာလည်း သဘောကွဲလွဲမှုတွေ ဖြစ်နေခဲ့သည်။

ဝန်ကြီးအဖွဲ့အတွင်းမှာလည်း ဆန့်ကျင်မှုတွေ ပေါ်ခဲ့သည်။

သို့ရာတွင် လှုပ်ရှားမှု၏ အဓိက အင်အားမှာ ပဲရစ်မြို့က လမ်းတွေပေါ်မှာ စစ်တပ်နှင့် လက်တကမ်းအကွာရှိ ခံကတုတ် အတားအဆီးများနောက်မှာ ရှိနေကြသော တော်လှန်သော လူထုကြိးပင် ဖြစ်သည်။

လူထုလူတန်းစားအသီးသိး၏ မကျေနပ်မှုသည် (အုပ်စိုးသူလူတန်းစားမှအပ) အမျိုးသား ကာကွယ်ရေးတပ် အတွင်းအထိ ဂယက်ရိုက်ထင်ဟပ်ခဲ့သည်။ သည့်အတွက် အမျိုးသားကာကွယ်ရေးတပ်သည် လူထုကို ဖိနှိပ်သည့်အင်အား အတွင်း မပါတော့ဘဲ ခေါင်းရှောင်လိုက်သည်။ ထို့ကြောင့် လူထုကို ရင်ဆိုင်ထားသည့် စစ်တပ်မှာ လက်နက်အဖြုတ် ခံလိုက်ရသည်။ အမျိုးသား ကာကွယ်ရေးတပ်က လူထုဆန့်ကျင်ရေးမှာ မပါတော့သည့်အတွက် ကျန်စစ်တပ်မှာ လူထုကို အရှုံးးပေးလိုက်ရခြင်း ဖြစ် သည်။


ဖေဖော်ဝါရီလ ၂၄ ရက်နေ့သို့ ရောက်သည့်အခါ တပ်စခန်းအားလုံ့းကို လူထုက သိမ်းပိုက်ထားလိုက်ပါပြီ။ ဘုရင်ဖြစ်သူ လူးဝစ်ဖိလစ်သည်လည်း အင်္ဂလန်သို့ ထွက်ပြေးသွားတော့သည်။

၎င်းညမှာပင် ဂိုဏ်းအသီးသီး ပူးပေါင်းပြီး ယာယီအစိုးရကို တည်ထောင်လိုက်ကြသည်။

• • • •

ယာယီအစိုးရဆိုတာ ဘာလဲ။

ယာယီအစိုးရဆိုတာ ဖေဖော်ဝါရီလ လမ်းပေါ်တိုက်ပွဲကနေ ပေါ်ထွက်လာတဲ့ အောင်သီးအောင်ပွင့်ပါ။ ဒီအောင်သီး အောင်ပွင့်အပေါ်မှာ ဝေစုခွဲယူကြဖို့ မတူခြားနားသည့် ပါတီအဖွဲ့အစည်းများ လာရောက်စုစည်းကြမှုသည် ယာယီအစိုးရဆိုသော ကြေးမုံပြင်တွင် လာရောက်ထင်ဟပ်နေသည်။

ယာယီအစိုးရသည် ဇူလိုင်မင်းဆက် ရာဇာပလ္လင်ကို အတူတကွ မှောက်လှန်ဖြိုဖျက်ခဲ့ကြသော မတူသည့် လူတန်းစားများအကြား စေ့စပ်မှုလုပ်ထားခြင်းကလွဲ၍ တခြား ဘာမျှ မဟုတ်ခဲ့ချေ။ သို့ရာတွင် ဤမတူညီသော လူတန်း စားတို့၏ အကျိုး စီးပွားများသည် အပြန်အလှန် အတိုက်အခံ ဖြစ်နေကြလေသည်။ ရီပတ်ဘလစ်ကင် (သမ္မတ ဂိုဏ်းသား) ဓနရှင်ပေါက်စ လူတန်း စားကို လီဒရူး ရိုလင်း Ledru Rollin နှင့် ဖလိုကွန် Flocon တို့က ကိုယ်စားပြုသည်။ သမ္မတ နိုင်ငံ လိုလားသူများ ဖြစ် ကြသော်လည်း ဓနရှင်ပေါက်စ မဟုတ်သည့် ဓနရှင်လူတန်းစားကို ၁၈၃ဝ ခုနှစ်မှသည် ၁၈၅၁ ခုနှစ် အတွင်း ပေါ်ပေါက်ခဲ့သည့် (နေရှင်နယ်) ဂျာနယ်အုပ်စုက ကိုယ်စားပြုသည်။ (၁၈၃ဝ ခုနှစ်က စပြီး ဓနရှင်သမ္မတဂိုဏ်းသည် သူတို့၏ စာရေးဆရာများ၊ ပြောရေးဆိုခွင့် ရှိသူများ၊ ပညာတတ်များ၊ ကိုယ်စားလှယ်များ၊ ဗိုလ်ချုပ်များ၊ ဘဏ်ပိုင်ရှင်များ၊ ရှေ့နေများ စသည်တို့နှင့်အတူ သူတို့ကိုယ်တိုင်သည် ပဲရစ်òမ့က ဤ “နေရှင်နယ်”ဂျာနယ်ပတ်လည်မှာ ဝန်းရံစုစည်း ခဲ့ကြသည်။

ဒီဂျာနယ်က ပြည်နယ်တွေမှာ သူ့ရဲ့ အကိုင်းအခက် ဌာနခွဲတွေအဖြစ် “နေရှင်နယ်သတင်းစာ”များကို ထုတ်ဝေခဲ့ သည်။ ဒီအဖွဲ့၏ အမြင့်ဆုံး အာဏာပိုင်အဖြစ် ရပ်တည်နေသူမှာ ဗိုလ်ချုပ်တဦးဖြစ်သူ Cavaigrac ။ ဂျာနယ်၏ အယ်ဒီတာချုပ်က မားရတ်စ် Marrast ။ အလုပ်သမား လူတန်းစားရဲ့ ကိုယ်စားလှယ်ကတော့ ၂ ယောက်ထဲသာ။ လူဝီဘလန့် Louis Blance (၁၈၁၁-၁၈၈၂) နှင့် အဲလ်ဘတ် Albert (၁၈၁၅-၁၈၉၅) တို့ပါ။

နောက်ဆုံးကျတော့ ယာယီအစိုးရကို လာမာတင်း Lamartine (၁၇၉ဝ-၁၈၆၉) က ခေါင်းဆောင်သည်။ ( သူက ဓနရှင်လစ်ဘရယ်ဝါဒီ ကဗျာဆရာတဦးပါ။ ယာယီအစိုးရကို သူ ဦးဆောင်ခဲ့သည်။ ဒီမိုကရေစီ အင်အားစုများ၏ အကျိုးစီးပွားကို သစ္စာဖောက်ခဲ့သည်။)


ဖေဖော်ဝါရီ တော်လှန်ရေးသည် ဤသည်ကလွဲ၍ တကယ့် အကျိုးစီးပွားမရှိ။ လူတန်းစား အကျိုးစီးပွား အတိအကျ မရှိ။ ဖေဖော်ဝါရီတော်လှန်ရေးကိုယ်တိုင်က ဒါပါပဲ။ ဖေဖော်ဝါရီတော်လှန်ရေး၏ ပြောရေးဆိုခွင့် ရှိသူ၊ အဆင့်နေရာ ရရှိသူနှင့် သူ၏ အမြင်ကို ဖော်ထုတ်နိုင်သူမှာ ဓနရှင်လူတန်းစားသာ ဖြစ်သည်-ဟူ၍တော့ နောက်ဆုံး သတ္ထုချနိုင်သည်။

နိုင်ငံရေး ဗဟိုစုစည်းမှု၏ ရလဒ်အဖြစ်နှင့် ပဲရစ်မြို့က ပြင်သစ်ပြည်ကို ချုပ်ကိုင်ခဲ့တယ်ဆိုရင် အလုပ် သမားများသည် တော်လှန်ရေးငလျင်လှုပ်ခါစ တခဏတာအချိန်အတွင်းမှာသာ ပဲရစ်မြို့ကို ချုပ်ကိုင်အုပ်ချုပ်ခဲ့ရတာပါ။ သည့် နောက်မှာတော့  ယာယီ အစိုးရတက်လာပြီး သူ့ဘဝတွင် ပထမဆုံး ထုတ်ပြန်လိုက်သောအမိန့်မှာ တော်လှန်ရေးအရှိန် အဟုန်နှင့် မူးယစ် ရီဝေနေသော ပဲရစ်ကို မမူးယစ် မရီဝေတဲ့ ပြင်သစ်ပြည် ပြန်ဖြစ်အောင် လုပ်လိုက်ခြင်းသာ ဖြစ်သည်။ တော်လှန်သော၊ တွန်းလှန်ဖြိုဖျက်သော သြဇာအရှိန်အဟုန်ကို ရပ်တံ့သွားအောင် လုပ်လိုက်ခြင်းသာ ဖြစ်သည်။


လမ်းပေါ်ထွက် တိုက်ပွဲဝင်နေသူများ၏ အခွင့်အရေးအတွက် အငြင်းအခုန် ဖြစ်လာသည့်အခါ လာမာတင်း က သည်သို့ ရပ်ခံသည်။

“ပြည်သူပြည်သား အများစု မဲပေးခွင့် ရရှိရေးဆိုတဲ့အချက်အပေါ်မှာ အခြေခံပြီး သမ္မတနိုင်ငံအဖြစ် ကြေ ညာ ပေးမယ်။”

“မဲပေးခွင့်ကို အားလုံး စောင့်ဆိုင်းကြရမယ်။”

“ပဲရစ်ပစ္စည်းမဲ့တွေက အင်အားသုံးတဲ့ နည်းနဲ့ အောင်ပွဲကို အန္တရာယ် မပြုကြပါနဲ့။”

သို့ရာတွင် ဓနရှင်လူတန်းစားသည် ပစ္စည်းမဲ့လူတန်းစားအား အင်အားသုံးရေးနည်းလမ်းတခုကိုတော့ ခွင့်ပြုပေးခဲ့ သည်။ ၎င်းမှာ “ကိုယ့်ဘာသာ တိုက်ယူကြပေရော့”ဆိုတာပဲ ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းတည့်ချိန်အထိ သမ္မတနိုင်ငံကို ကြေညာပေးခြင်း မပြုသေး။ တဘက်တွင်မူ  ဝန်ကြီး ရာထူး နေရာများကို ယာယီအစိုးရထဲမှ ဓနရှင်လူတန်းစားများအကြား၊ ဗိုလ်ချုပ်တွေ....ဘဏ်သူဌေးတွေနှင့် နေရှင်နယ်သတင်းစာ ဂိုဏ်း သားတွေ အကြား ခွဲဝေယူကြဖို့ ကြိတ်ပြီး ပြင်နေကြပြီ။ သို့ရာတွင်....

အလုပ်သမားများအနေဖြင့်လည်း ၁၈၃ဝ ခုနှစ် ဇူလိုင်တော်လှန်ရေး၏ သင်ခန်းစာအရ ဘယ်လို ထောင်ချောက် ဆင်မှုမျိုး၊ ဘယ်လို လှည့်ဖျားမှုမျိုးကိုမှ မခံကြဘူးလို့ ဆုံးဖြတ်ချက် ချထားကြပြီးသား။

တိုက်ပွဲကို အသစ်က ပြန်စချင်လည်း စရပါစေ။

သမ္မတ နိုင်ငံတခုကို လက်နက်ကိုင်အင်အားနဲ့ ရယူမှ ရမယ်ဆိုရင်လည်း အဲဒီနည်းနဲ့ အရယူမယ်။

သူတို့က ဆုံးဖြတ်ချက်ချပြီးသား။

ဒီဆုံးဖြတ်ချက်ကို သယ်ဆောင်ပြီး “ရက်စ်ပီး”ဟာ သူကိုယ်တိုင် တယောက်တည်း မြို့တော်ခန်းမသို့ သွားခဲ့သည်။ ပဲရစ်လူတန်းစားရဲ့နာမည်ကို သုံးပြီး သူက ကိုယ်စားလှယ်အဖြစ်နဲ့ ယာယီအစိုးရကို အမိန့်ပေးခဲ့သည်။

“ယာယီအစိုးရအနေနဲ့ ဆိုရှယ်လစ်သမ္မတနိုင်ငံကို ကြေညာပါ။ ပြည်သူရဲ့ဒီအမိန့်ကို နောက် ၂ နရီအတွင်း ဖြည့်စွမ်းမပေးဘူးဆိုရင် လူ ၂ဝဝ, ဝဝဝ(၂-သိန်း) ကို ခေါင်းဆောင်ပြီး ဒီကို ပြန်လာမယ်။”

ကျဆုံ့သွားသူတွေ၏ အလောင်းများပင်လျှင် အေးစက်တောင့်တင်းမသွားသေးမီအချိန်။

လမ်းတွေပေါ်က ခံကတုတ် အတားအဆီးတွေကိုတောင် မရှင်းလင်းရသေး။

အလုပ်သမားတွေ လက်နက်ကိုင်ဆောင်ထားဆဲ ရှိနေသေးသည့် အချိန်...။

ဒီအလုပ်သမားတွေကို ရင်ဆိုင်နိုင်တဲ့ အင်အားဆိုလို့ အမျိုးသား ကာကွယ်ရေးတပ်သာ ရှိသည်။ အမျိုးသား ကာကွယ်ရေးတပ်ကကော ဘယ်လိုလဲ။ လူထုဘက်ပါမှာလား။ သူတို့ဘက်ပါမှာလား။ ဒါကလည်း မသေချာ။


ဤသို့သော အခြေအနေအောက်တွင် ယာယီအစိုးရသည် တွန့်ဆုတ်တွေဝေနေ၍ မရတော့။ သူ့စိတ်ဓာတ်ကို ချက်ချင်း ပြောင်းရတော့သည်။

ထို့ကြောင့် ၂ နာရီ မပြည့်မီမှာပဲ ပဲရစ်မြို့၏ တံတိုင်းနံရံအားလုံးတွင် သမိုင်းဝင်စာတန်းများ ပေါ်လာသည်။

Republique francaise

သမ္မတနိုင်ငံ အဓွန့်ရှည်ပါစေ။

Libertyie, Eaqalite, Franterite

လွတ်လပ်ရေး၊ တန်းတူရေးနဲ့ ချစ်ကြည်ရေး။

လူတိုင်း မဲဆန္ဒပေးခွင့်ရှိသည့် အခြေခံပေါ်မှ သမ္မတနိုင်ငံတည်ထောင်လိုက်ကြောင်း ကြေညာလိုက်ရသည်။ ဖေဖော်ဝါရီ တော်လှန်ရေးအတွင်း ဝင်လာပြီး သူတို့အတွက်သာ အကန့်အသတ်ထားသော ရည်ရွယ်ချက်၊ သူတို့အတွက်သာ အကန့်အသတ် ထားသော လုပ်ဆောင်မှုများ ပျက်ပြားကုန်သည်။ သည်အတိုင်းသာဆိုလျှင် ဓနရှင်လူတန်းစားအနည်းငယ် ဒါမှမဟုတ် တစိတ် တပိုင်းလောက်သာ နိုင်ငံရေားအာဏာ ရကြမှာ မဟုတ်တော့။ ပြင်သစ်လူ့အဖွဲ့အစည်း၏ လူတန်းစား အားလုံးသည် နိုင်ငံရေး မျှော်လင့်ချက်အတွင်းသို့ အားလုံး ဆွဲသွင်းခြင်း ခံလိုက်ရသည်။ လှုပ်ရှားလာသူများတွင် ဓနရှင် လူတန်းစား၏ ကျန်အစိတ်အပိုင်းတို့၏ လှုပ်ရှားမှုက ပိုမို ပေါ်လွင်သည်။ သူတို့က သေတ္တာတွေ သော့ခတ်၊  ဈေးဆိုင် ကန္နား တွေ အရောင်းပစ္စည်းတွေ အားလုံးပိတ်၊ လူချည်းသက်သက် နိုင်ငံရေး ဇာတ်ခုံပေါ် တက်လာကြသည်။ ဇာတ်ခုံပေါ်တွင် ကပြကြသည်။ သူတို့လည်း မျှော်လင့် နိုင်ပြီလေ။

ချုပ်ကြည့်လိုက်လျှင် သည်သို့ မြင်ရသည်။

ဖေဖော်ဝါရီတော်လှန်ရေးက ပထမဆုံး လုပ်လိုက်ရသည့်အလုပ်မှာ ဘဏ္ဍာဘုရင်အုပ်စု၏နေရာတွင် ဓနရှင်လူတန်းစား၏ အုပ်ချုပ်မှုကို အပြည့်အဝဖြစ်အောင် လုပ်ပေးလိုက်ရခြင်း ဖြစ်သည်၊ သည့်နောက်မှာတော့ အာဏာရ ‘နေရှင်နယ် ဂျာနယ်’ ဓနရှင် ဂိုဏ်းသားများသာမက ပိုင်ဆိုင်သူလူတန်းစားအားလုံး နိုင်ငံရေးအာဏာ သြဇာအရိပ်အောက် ရောက်ရှိလာသည်။ မြေရှင်ကြီးတွေနှင့် ဥပဒေပညာရှင် အများစုတို့သည် ဇူလိုင်မင်းဆက်တုန်းက နိုင်ငံရေးအရ ပိတ်ပင်ခြင်း ခံထားခဲ့ရာမှ ယခုတော့ လွတ်လပ်လာကြပြီ။

အလုပ်သမားလူတန်းစား၏အနေအထားကို ကြည့်ကြပါဦးစို့။

သူက ယာယီအစိုးရကို ဆိုရှယ်လစ်သမ္မတနိုင်ငံထူထောင်ဖို့ အမိန့်ပေးနိုင်ခဲ့သည်။ ယာယီအစိုးရမှတဆင့် တပြည်လုံး ကို ညွှန်ကြားနိုင်သည့်အဆင့် ရောက်လိုက်ခြင်းပင် ဖြစ်သည်။ ပစ္စည်းမဲ့လူတန်းစားသည် အမှီခိုကင်းသည့် ပါတီတရပ် အနေဖြင့် ရှေ့သို့ ချီတက်လာနေပြီ။ သို့ရာတွင် တချိန်တည်းတွင် သူက ပြင်သစ်ဓနရှင်လူတန်းစားတရပ်လုံးကို သူ့အား ဆန့်ကျင်ဖို့ စာရင်း ပေးသွင်းလှည့်ရန် ဖိတ်ခေါ်လိုက်ရသည့် အဖြစ်မျိုးသို့လည်း ဆိုက်ရောက်သွားသည်။ သူက ပြင်သစ်ဓနရှင်လူတန်းစား တရပ်လုံးကို စိန်ခေါ်လိုက်ရသလိုမျိုး ဖြစ်သွားခဲ့သည်။ ပြန်စဉ်းစားကြည့်လျှင် အလုပ်သမားများ သည် ၁၈၃ဝ ခုနှစ်၊ ဇူလိုင်နေ့ရက်များတုန်းက ဓနရှင် ဘုရင်အုပ်စိုးမှုအတွက် တိုက်ပေးခဲ့ရသည်။ အောင်လည်း အောင်ခဲ့ သည်။


၁၈၄၈ ခုနှစ်၊ ဖေဖော်ဝါရီ နေ့ရက်များမှာကျတော့ သူတို့က ဓနရှင်သမ္မတနိုင်ငံအတွက် တိုက်ပေးခဲ့ရပြန် သည်။ အောင်လည်း အောင်ခဲ့ပြန်သည်။

၁၈၃ဝ-ဇူလိုင်ဘုရင်စနစ် အစိုးရက သူ့ကိုယ်သူ ကြေညာခဲ့တာကတော့ “သမ္မတနိုင်ငံကို ဦးတည်တဲ့ ဘုရင်စနစ်”တဲ့။

၁၈၄၈-ဖေဖော်ဝါရီသမ္မတနိုင်ငံကတော့ တွန်းအားဖိအား အပေးခံခဲ့ရလို့ သူ့ကိုယ်သူ ကြေညာလိုက်တာက “ဆိုရှယ်လစ်စနစ်ကို ဦးတည်တဲ့ သမ္မတနိုင်ငံပါ”တဲ့။

ပဲရစ်ပစ္စည်းမဲ့လူတန်းစားသည် သည်သို့ လိုက်လျောမှုပြုလာအောင် တွန်းဆော်ဖိအားပေးသည့်အခန်းမှ ပါခဲ့သည်။

အသစ်ဖွဲ့စည်းလိုက်သည့် ယာယီအစိုးရအနေဖြင့် အလုပ်လုပ်ကိုင်ကြရသည့် အလုပ်သမားများ၏ နေထိုင်မှုဘဝကို အာမခံချက်ပေးဖို့နှင့် ပြည်သူပြည်သားများကို အလုပ်အကိုင် အညီအမျှ ခွဲဝေပေးဖို့ အစိုးရကိုယ်တိုင် ဥပဒေထုတ်ပြန်ပြီး ကတိပေး ဖို့ လိုကြောင်း မာ့ခ်ျ Marche ဆိုသူ အလုပ်သမားက အဆိုပြု ညွှန်ပြခဲ့သည်။ ရက်အနည်း ငယ်အကြာတွင် အစိုးရက သည်လို ကတိပြုဖို့ ဆိုသည့်အချက်ကို မေ့ပစ်လိုက်သည်။ ပစ္စည်းမဲ့လူတန်းစားဆိုတာ အစိုးရ မျက်စိထဲမှာ မရှိတော့။


အလုပ်သမား ၂-သောင်းသည် မြို့တော်ခန်းမဆီ ချီတက်ပြီး ကြွေးကြော်ကြသည်။

“အလုပ်အကိုင်အတွက် စည်းရုံးဖွဲ့စည်းပေးပါ။”

“အလုပ်အကိုင်ဆိုင်ရာ အထူးဝန်ကြီးဌာနတခုကို ဖွဲ့စည်းထူထောင်ပါ။”

သည်ကိစ္စအတွက် အချိန်အကြာကြီးယူကာ ငြင်းခုံ ဆွေးနွေးကြသည်။

ဆွေးနွေးပွဲအပြီး အလုပ်သမားလူတန်းစားကို မြှင့်တင်ပေးရေးအတွက် နည်းလမ်းရှာဖွေရန် အထူးကော် မရှင်တရပ် အမြဲတမ်းထားဖို့ ခွင့်ပြုပေးလိုက်သည်။ ကော်မရှင်ထဲတွင် ပဲရစ်က ကျွမ်းကျင်သူ အလုပ်သမား အဖွဲ့အစည်း အတွင်းမှ ကိုယ်စားလှယ်တွေ ပါဝင်စေပြီး လူဝီဘလန့်နှင့် အဲလ်ဘတ်တို့ကို ဦးဆောင်စေသည်။ သည်ကော်မရှင် အစည်း အဝေး ထိုင်ဖို့ နေရာ ထိုင်ခင်းအဖြစ် Luxembourg လူဇင်ဘတ်နန်းတော်ကို သတ်မှတ်ပေးလိုက်သည်။

ဤနည်းဖြင့် အလုပ်သမားလူတန်းစား၏ ကိုယ်စားလှယ်တို့မှာ ယာယီအစိုးရထဲတွင် ထိုင်ခုံပျောက်သွား သည့်အဖြစ် ဆိုက်ရောက်ခဲ့သည်။ ယာယီအစိုးရထဲမှာ ဓနရှင်လူတန်းစားကသာ နိုင်ငံတော်၏တကယ့်အာဏာကို ရသွား သည်။


ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် လူထုလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနတွေက ဘဏ်တွေနှင့်အတူ တွဲလျက်သား၊ ယှဉ်လျက်သား။ ၎င်းနှင့် စင်ပြိုင်တည်ရှိနေသည့် လူဇင်ဘတ်နန်းတော်မှာမူ ဆိုရှယ်လစ်ဝတ်ပြုကျောင်းတော်အဖြစ်သာ ရှိနေခဲ့သည်။ သည်ကျောင်းတော်၏ ဘုန်းတော်ကြီးမျာထဲတွင် လူဝီဘလန့်နှင့် အဲလ်ဘတ်တို့ကို ဆရာတော်ကြီးများအဖြစ် တွေ့မြင်ကြရလိမ့်မည်။ တခြားတခြားသော အစိုးရဌာနတွေနှင့် ကွဲပြားခြားနားချက်ကတော့ လူဇင်ဘတ်နန်းတော်က သူတို့ တတွေမှာ စီမံကိန်း အသုံးငွေ မရှိ။ အဆုံးအဖြတ်ပြုနိုင်သော အာဏာ မရှိ။

ဓနရှင်လူ့အဖွဲ့အစည်းကို ပင့်မြှောာက်ထားသော တိုင်လုံးများအား သူတို့ခေါင်းနှင့် ပြေးဝင်ဆောင့်လိုက်ရုံဖြင့် ပြိုပျက် သွားလိမ့်မည်ဟူ၍ သူတို့ တွေးထင်ထားခဲ့ပုံရသည်။ သူတို့သည် လူဇင်ဘတ်နန်းတော်တွင် အဘိဓမ္မာ၏ အနှစ်၊ အမြုတေ ဖြစ်သော ပြဒါးရှင်လုံးကို ရှာဖွေနေစဉ်....မြို့တော်ခန်းမတွင်မူကား အာဏာပိုင်တို့က နောက်ဆုံးပေါ်ငွေဒင်္ဂါးကို သွန်းထုနေကြလေသည်။

အလုပ်သမားများသည် ဓနရှင်လူတန်းစားနှင့် ပူးပေါင်းပြီး ဖေဖော်ဝါရီတော်လှန်ရေးကို လုပ်ခဲ့ကြသည်။ ဓနရှင်လူတန်း စား၏ဘေးက နေပြီး သူတို့အတွက်အကျိုးစီးပွားကို သူတို့ ရှာဖွေဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။

သို့ရာတွင်.....ယာယီအစိုးရထဲမှာက ဓနရှင်က အများစု။ အလုပ်သမားက တယောက်ထဲ။

“အလုပ်အကိုင်အတွက် စည်းရုံးဖွဲ့စည်းပေးပါ”တဲ့။

အခစားအလုပ်ဆိုတာက ရှိနေပြီးသားပဲလေ။ ဓနရှင်တွေရဲ့ အလုပ်ဖွဲ့စည်းမှုပဲပေါ့။ ဒီလို ဖွဲ့စည်းမှုမရှိဘဲ “အရင်း”ဆို တာ မရှိဘူး။ ဓနရှင်လည်း မရှိဘူး။ ဓနရှင်လူ့အဖွဲ့အစည်းဆိုတာလည်း မရှိဘူး။

“အလုပ်အကိုင်ဆိုင်ရာ ဝန်ကြီးဌာနတခု ဖွဲ့ပေးပါ”တဲ့။

ဘဏ္ဍာရေးဆိုင်ရာ ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဝန်ကြီးဌာနတွေဆိုတာကလည်း အလုပ်အကိုင်ဆိုင်ရာ ဝန်ကြီးဌာန တွေပဲ မဟုတ်လား။ ဓနရှင်လူတန်းစားရဲ့ ဝန်ကြိးဌာနတွေ ဖြစ်နေတဲ့ အချက်တော့ ရှိတာပေါ့လေ။

ဆက်လက်ဖော်ပြပါမည်။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်