အာရှသို့ တကျော့ ပြန်လည်ရောက်ရှိလာခြင်း
(အိုဘားမားအစိုးရရဲ့ အရှေ့အာရှ ပေါ်လစီကို စိစစ်ဝေဖန်သုံးသပ်ကြည့်ခြင်း)
အိုဘားမား တက်လာပြီးတဲ့နောက် စီးပွားရေးအခြေအနေ မကောင်းမှုနဲ့ တာဝန်ဝတ္တရားတွေရဲ့ ဖိစီးမှု အောက်မှာ အမေရိကန်ဟာ တကမ္ဘာလုံး အတိုင်းအတာအရ သေနင်္ဂဗျူဟာထိန်းညှိမှုကို အဆက်မပြတ် လုပ် ဆောင်ခဲ့ရတယ်။ တကမ္ဘာလုံးက သေနင်္ဂဗျူဟာ ချုံ့ပစ်မှုတွေနဲ့ မတူဘဲ အမေရိကန်ဟာ အာရှတိုက်ဒေသမှာ တက်ကြွစွာပါဝင်တဲ့ သဘောထားနဲ့ ကျင့်သုံးလာတယ်။ ဒါကြောင့် လူတွေက အာရုံစိုက်လာတယ်။ “ အာရှသို့ နောက်တကျော့ ပြန်လည်ရောက်ရှိလာခြင်း” ကြွေးကြော်သံက အာရှပြဿနာဟာ အမေရိကန် နိုင်ငံခြားရေး သေနင်္ဂဗျူဟာရဲ့ အရေးကြီးတကာ့ အရေးကြီးဆုံးဆိုတာကို ဖော်ပြလိုက်တာဖြစ်တယ်။
အမေရိကန်ရဲ့ သေနင်္ဂဗျူဟာ ထိန်းညှိမှုနဲ့ အပြောင်းအလဲများ
အမေရိကန်ဟာ ဘယ်တုန်းကမှ အာရှတိုက်ကို လျစ်လျူရှုထားခဲ့တယ်ဆိုတာမျိုး မရှိခဲ့ဖူးဘူး။ အာရှနဲ့ ဘယ်တုန်းကမှ မခွဲခွာခဲ့ဖူးဘူးလို့တောင် ဆိုနိုင်ပါတယ်။ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာမှာ အရင် က ဥရောပနဲ့ ယူရေးရှားကို ဗဟိုချက်မ အဖြစ်ထားခဲ့ရာက ဒီနေ့ ပစိဖိတ်ဒေသကို အလေးထား ပြောင်းလဲလာ ခြင်း ဖြစ်တယ်။
ဘုရှ်အာဏာရနေတဲ့ကာလအတွင်း အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနဲ့ အီရတ်စစ်ပွဲများအပေါ် အလုပ်ရှုပ် နေမှုနဲ့ အာရှတိုက်အား လျစ်လျူရှုထားမှုကြောင့် ဒီဒေသမှာ တရုတ်သြဇာ တနေ့တခြား ကြီးထွားလာစေမှုကို အမေရိကန် နိုင်ငံသားတချို့က အပြစ်တင် ဝေဖန်ခဲ့တယ်။ ဒါကြောင့် အိုဘားမား အာဏာရလာပြီးတဲ့နောက် ဒီအ ခြေအနေကို ပြောင်းလဲပစ်ရေးနဲ့ အမေရိကန်ရဲ့ “ရှေ့ဆောင်မှုအခန်းကဏ္ဍ” ပြန်လည်ဖြစ်ထွန်းလာစေရေး ဆန္ဒ ရှိ ပါတယ်။
အာရှဒေသရဲ့ သေနင်္ဂဗျူဟာ အဆင့်နေရာအရ တနေ့တခြား အရေးပါလာနေမှုက အိုဘားမားအစိုးရအား အာရှဒေသသို့ ၀င်လာရေးကို မျက်စပစ်လက်ယပ်ခေါ်နေပါတယ်။ အာရှတိုက်ဟာ ဒီနေ့ကမ္ဘာ့စီးပွားရေး အသက်ရှင်သန်စွမ်းအား အရှိဆုံးဒေသဖြစ်တယ်။ အမေရိကန် စီးပွားရေး ပြန်လည်ရှင်သန်ရေးအတွက် အလွန် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်။ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အာဆီယံနိုင်ငံအားလုံးဟာ အမေရိကန်ရဲ့ အရေးပါတဲ့ ကုန်သွယ်ရေး အပေါင်းအဖော် နိုင်ငံတွေဖြစ်တယ်။ ၁၉၂၉ ခုနှစ်နောက်ပိုင်း အဆိုး ၀ါးဆုံးဖြစ်တဲ့ ဘဏ္ဍာငွေကြေးအကျပ်အတည်းနဲ့ ကြုံတွေရင်ဆိုင်နေရတဲ့ အိုဘားမားအစိုးရဟာ အာရှဈေးကွက်ကို အမေရိကန် ထွက်ကုန်များ ဖြန့်ဖြူးရေးလမ်းကြောင်း တဆင့်တက် တိုးချဲ့ဖွင့်လှစ်လိုက်ခြင်းအားဖြင့် စီးပွားရေး ပိုမိုလျင်မြန်စွာ ပြန်လည် နာလန်ထူရေးခြေလှမ်းအဖြစ်နဲ့ရော၊ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများ တိုးပွား လာရေးအဖြစ်နဲ့ပါ မျှော်လင့်ထားတယ်။ ဒါ့အပြင် မျက်မှောက် အိုဘားမားအစိုးရ နိုင်ငံခြားဆက်ဆံရေးမှာ အလေးထားဆုံး ဆွေးနွေးစရာပြဿနာတွေဖြစ်တဲ့ နျူးကလီးယား မပြန့်ပွားရေးနဲ့ ရာသီဥတုပြဿနာတို့မှာ အာရှနိုင်ငံအသီးသီးရဲ့ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ ကင်းကွာလို့ မဖြစ်ပါဘူး။ တိုကျိုမှာ အိုဘားမား က အာရှပေါ်လစီနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောဆိုရာမှာ “ ဒီမှာ ဖြစ်ပျက်သမျှ အားလုံးဟာ ကျွန်တော်တို့ နိုင်ငံအတွင်း နေထိုင်မှုဘ၀ တွေနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေတာကြောင့် ဒီဒေသရဲ့ အနာဂတ်ဟာ ကျွန်တော်တို့နဲ့ အတော်ကို ဆက်စပ်နေပါတယ်” လို့ ရှင်းလင်းပြခဲ့တယ်။ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး စတိန်းဘာ့ခ်ကလည်း “ ကျွန်တော်တို့နဲ့ အရှေ့အာရှ ထိတွေ့ဆက်ဆံရေးဟာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အနာဂတ်အတွက် အလွန့် အလွန် အရေးကြီးတယ်။ ဒီအချက်ကို ကျွန်တော်တို့ကိုယ်တိုင်လည်း အမှန်တကယ် တွေ့မြင်လိုက်ပါပြီ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တယ်။
ဘုရှ်အစိုးရနဲ့ နှိုင်းယှဉ်ရင် အိုဘားမားရဲ့ အာရှပေါ်လစီဟာ အသစ်ပြောင်းလဲမှုတချို့ရှိနေတာကို ပေါ် လွင် ရောာင်ပြန်ဟပ်နေပါတယ်။ အဲဒီပြောင်းလဲမှုတွေရဲ့ အခိုင်အမာ ဖော်ပြချက်တွေကတော့....
၁။ ရှေ့ဆောင် လမ်းညွှန်အတွေးအခေါ်ဘက်မှာ အိုဘားမားအစိုးရဟာ ဘုရှ်ကာလက အလွန်အကျွံ လက်နက်အားကိုးတဲ့ နည်းနာကို ပြောင်းလဲပစ်လိုက်ပြီး “စမတ်ပါဝါ” အယူအဆကို တင်ပြလာတယ်။ “ ပါဝါအ မာ” နဲ့ “ပါဝါအပျော့” ကို တပေါင်းတစည်းတည်းပေါင်းစပ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ စစ်ရေးနဲ့ ယဉ် ကျေးမှုစတဲ့ အင်အားတွေကို အဆင့်ဆင့် စုစည်းပေါင်းစပ်ကျင့်သုံးကာ အမေရိကန်ရဲ့ သေနင်္ဂဗျူဟာ ရည်မှန်း ချက်ကို အကောင်အထည် ဖော်သွားရန် ပါဝါအပျော့နဲ့အမာကို တပြိုင်တည်းကျင့်သုံးဆောင်ရွက်သွားရေးကို ဆုပ် ကိုင်ထားပါတယ်။ အာရှတိုက်ဟာ တကယ်တော့ အိုဘားမားအစိုးရက “ စမတ်ပါဝါ” ကို အကျယ်အပြန့် ကျင့်သုံး ရေး စမ်းသပ်ကွက်ဖြစ်ပါတယ်။
၂။ အိုဘားမားအစိုးရဟာ အာရှတိုက်ကို ပိုမိုအလေးထားလာတယ်။ ဒီဒေသမှာ အမေရိကန်ရဲ့ သြဇာကို အစွမ်းကို တိုးချဲ့နေတယ်။ သေနင်္ဂဗျူဟာ ဗဟိုချက်မကို တဆင့်တက် အရှေ့သို့ ရွှေ့ပြောင်းလာခြင်းဖြစ်ပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တာဝန်လက်ခံပြီးနောက် အာရှ ၄ နိုင်ငံကို တရားဝင် အလယ်အပတ်ခရီးလှည့်ခဲ့တယ်။ ဒါဟာ ၁၉၆၁ နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တာဝန်လက်ခံပြီးနောက် အာရှတိုက်သို့် ပထမဦးဆုံး တရားဝင်အလည်အပတ်ခရီးအဖြစ် သွားရောက်ခဲ့ခြင်းဖြစ် တယ်။ ဒီအချက်က အစိုးရသစ်အနေနဲ့ အာရှဒေသနဲ့ ပတ်သက်လို့ အလေးထားမှု အတိုင်းအတာကို ဖော်ပြနေ တယ်။ ဒီအကြိမ် အာရှပေါ်လစီကို မိန့်ခွန်းပြောရာမှာ အိုဘားမားဟာ “ အမေရိကန်ရဲ့ ပထမဆုံး ပစိဖိတ် သမ္မတ” အဖြစ် မိမိကိုယ်ကိုယ် ကြေညာလိုက်တယ်။ ဒါက အမေရိကန်ဟာ ကမ္ဘာရဲ့ အလွန့်အလွန် အရေးပါတဲ့ ဒေသကို အားဖြည့်ပြီး ဆက်လက်ထိန်းသိမ်း ရှေ့ဆောင်သွားရေး အဆင့်နေရာ ဆုံးဖြတ်ချက်ကို ဖော်ပြ လိုက်တာဖြစ်တယ်။
၃။ အိုဘားမားဟာ ဘက်စုံဝါဒကို ယုံကြည်ပါတယ်။ ဘက်စုံလည်ပတ်ရေးယန္တရားမှာ ပါဝင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားပါတယ်။ အိုဘားမားဟာ ဘုရှ်အစိုးရရဲ့ ငါတကောကောရေးဝါဒ လုပ် ဟန်ကို ပြုပြင်ပစ်ပြီး ဒေသလက္ခဏာဆောင်တဲ့ ပြဿနာနဲ့ တကမ္ဘာလုံး လက္ခဏာဆောင်တဲ့ ပြဿနာတွေကို ဘက်စုံပူးပေါင်းဆောင်ရွက်နည်းအားဖြင့် ဖြေရှင်းသွားရေးကို အလေးထားပါတယ်။ “ အမေရိကန်ဟာ ၂၁ ရာစု မှာ ကြုံတွေ့နေရတဲ့ အဓိက ပြဿနာတွေနဲ့ ခြိမ်းခြောက်မှုတွေကို တနိုင်ငံတည်း တဦးချင်း ဘယ်လိုမှ ဖြေရှင်းလို့ မဖြစ်နိုင်ရုံမက အစဉ်အလာမဟာမိတ်များရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းရန်လည်း မတတ်နိုင်ဘဲ နိုင်ငံအ များစုနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ဖြေရှင်းရလိမ့်မယ်” လို့ သူက ယူဆတယ်။ အာရှတိုက်မှာ မူလရှိနေတဲ့ အေပက် (APEC) အဖွဲ့အပြင် အာရှတိုက် တပေါင်းတစည်း တည်းဖြစ်ရေးကို ၀ိုင်း ပယ်ခြင်း ဒါမှမဟုတ် ဘေးကအကဲခတ်ခြင်း သဘောထားကို အိုဘားမားဟာ ထပ်မံမလုပ်တော့ဘဲ ဒီဖြစ်စဉ်အထဲ ကို ပါဝင်လိုက်ခြင်းဖြင့် အရှေ့အာရှမှာ အမေရိကန်ရဲ့ သြဇာကို ဆက်လက်ထိန်းသိမ်းထားလိုက်တော့တယ်။
၎။ ဘုရှ်အစိုးရရဲ့ တင်းမာခက်ထန်ထဲ့ လုပ်ဟန်နဲ့ နှိုင်းယှဉ်ရင် အိုဘားမားအစိုးရဟာ ထိတွေ့ပြီး အပြန်အလှန်စကားပြောရေးကို ပိုမိုအလေးထားတယ်။ နိုင်ငံခြားဆက်ဆံရေး နည်းနာဖြင့် အငြင်းပွားမှုတွေကို ဖြေရှင်းလိုပြီး၊ ယုတ်စွအဆုံး “ ဦးစွာအနုနည်းသုံး၊ နောက်မှ အကြမ်းနည်းသုံး” ရေးဆိုတဲ့ အကြမ်းအနု ပူးပေါင်း ကျင့်သုံးလိုတဲ့ ဆန္ဒရှိပါတယ်။ မြောက်ကိုးရီးယားနဲ့ ဗမာအစိုးရအပေါ် ကျင့်သုံးတဲ့ ပေါ်လစီတွေမှာ ဒီအချက်ကို ပေါ်လွင်ထင်ရှားစွာ တွေ့နိုင်ပါတယ်။
၅။ နိုင်ငံတကာ အရေးကိစ္စများကို ဖြေရှင်းရာမှာ အိုဘားမားအစိုးရဟာ တိကျတဲ့လုပ်ငန်းများကို လက် တွေ့ဆောင်ရွက်ရေး သဘောထားကို ပိုကျင့်သုံးလိုတယ်။ ဟီလာရီက ဆီးနိတ်လွှတ်တော်အတွင်း ပြောကြားရာ မှာ “ သမ္မတ အိုဘားမားနဲ့ ကျွန်မတို့အားလုံးက နိုင်ငံခြားရေးပေါ်လစီဟာ မူနဲ့လက်တွေ့ ပေါင်းစပ်ထားတာ ဖြစ် တာကြောင့် မာတောင့်နေတဲ့ တွေးခေါ်ယူဆမှု မဖြစ်ရဘူး။ တကယ့်ဖြစ်ရပ်နဲ့ သက်သေအထောက်အထား အကြောင်းရင်းတွေ ဖြစ်တာကြောင့် စိတ်သဘောအရနဲ့ တဖက်သတ်အမြင်တွေ မဖြစ်ရဘူးလို့ ယူဆတယ်။ ကျွန် မတို့ရဲ့ လုံခြုံရေး၊ ကျွန်မတို့ရဲ့ ရှင်သန်စွမ်းအား၊ မျက်မှောက်ကမ္ဘာကို ကျွန်မတို့ရဲ့ ခေါင်းဆောင်နိုင်မှုစွမ်းအားတို့ က ကျွန်မတို့ အပြန်အလှန်မှီခိုနေမှု၊ ဒီလွှမ်းမိုးမှုအားလုံးရဲ့ တကယ့်ဖြစ်ရပ်ကို အသိအမှတ်ပြုဖို့ ကျွန်မတို့ကို တောင်းဆိုနေတယ်” လို့ ဆိုပါတယ်။ အိုဘားမား အစိုးရဟာ ဘုရှ်အစိုးရနဲ့ မတူဘဲ၊ အဖြူအမည်းကို ရှင်းရှင်းလင်း လင်း ခွဲခြားပြီး ကမ္ဘာကြီးရဲ့ ရှုပ်ထွေးမှုကို သိရှိနားလည်တယ်။ နိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှုမှာ ဗဟုလက္ခ ဏာရှိမှုကို လေးစားကြောင်း ဖော်ပြတယ်။၊ ပြည်သူလူထုရဲ့ အခြေခံ အသက်ရှင်သန်ရေး အကြောင်း အချက် ပြီးပြည့်စုံ ကောင်းမွန်ရေးဟာ လူအခွင့်အရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာကိုလည်း အသိအမှတ် ပြုတယ်။ ဒီဇင်ဘာ ၁၅ ရက်က ဟီလာရီက အိုဘားမားအစိုးရရဲ့ တိကျတဲ့လုပ်ငန်းများကို ဆက်သွယ်ဆောင်ရွက်သွားလိုတဲ့ သဘောထားကို စနစ်တကျ ရှင်းပြခဲ့တယ်။ ဆိုလိုတာက ခေါ်ဆိုလေ့ရှိတဲ့ “လိုရာအသုံးချရေးဝါဒ မူကို စွဲစွဲမြဲမြဲ ကျင့်သုံး သွားဖို့ဖြစ်တယ်။” “လူ့အခွင့်အရေးပစ်မှတ်ကို စူးစမ်းရှာဖွေရာမှာ ကျွန်မတို့ဟာ တိကျတဲ့လုပ်ငန်းကို လက်တွေ့ဆောင်ရွက်ပြီး ပျော့ပျောင်းရမယ်။ ဒီလိုဆိုလို့ ကျွန်မတို့ရဲ့ မူတွေကို စေ့စပ်အလျော့ပေးရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီလူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက် စည်းမျဉ်းစည်းကမ်းတွေကို လက်တွေ့ပြောင်းလဲ လာစေတဲ့ စီမံဆောင်ရွက်မှုတွေကို ကျင့်သုံးသွားရမယ်။” အိုဘားမားအစိုးရရဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ ပေါ်လစီထိန်းညှိမှုရဲ့ အရေးကြီးတဲ့ အကြောင်းရင်းမှာ အရင်က အမေရိကန် ကျင့်သုံးခဲ့တဲ့ အထီးကျန်ထားရေးနဲ့ အရေးယူအပြစ်ပေးရေး ပေါ်လစီဟာ ရသင့်တဲ့အကျိုးသက်ရောက်မှုတွေ မရလို့ဖြစ်တယ်။ ဒါကြောင့် ဗမာပြည်အား အရေးယူအပြစ် ပေးခြင်းကို ဆက်လက်ထိန်းသိမ်းသွားတာနဲ့ တချိန်တည်းမှာ ထိတွေ့ဆက်ဆံ ခြင်းကသာ ဗမာပြည်နိုင်ငံရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သြဇာသက်ရောက်နိုင်လိမ့်မယ်လို့ မျှော် လင့်တယ်။
နောက်ဆုံးတော့ သမရိုးကျ လုံခြုံရေးပြဿနာတွေအပြင် စီးပွားရေးနဲ့ ရာသီဥတုပူနွေးလာခြင်း ပြဿနာ တို့ဟာ အိုဘားမားအစိုးရအဖို့ အာရှတိုက်နဲ့ပတ်သက်တဲ့ ပေါ်လစီရဲ့ အရေးကြီးတဲ့ အတွင်းသဘောဖြစ်လာနေ တယ်။ ၂၀၀၉ ဖေဖော်ဝါရီမှာ ထုတ်ပြန်တဲ့ “၂၀၀၉ ခုနှစ် ခြိမ်းခြောက်မှုတွေကို အကဲဖြတ်ခန့်မှန်းတဲ့ အစီရင်ခံစာ” မှာ ကမ္ဘာ့ဘဏ္ဍာငွေကြေးအကျပ်အတည်းဟာ အကြမ်းဖက်ဝါဒကို ကျော်လွန်သွားပြီး အမေရိကန်အတွက် “ လုံ ခြုံရေးကို ခြိမ်းခြောက်တဲ့ ထိပ်တန်းပြဿနာ” ဖြစ်လာတယ်။ ဘဏ္ဍာငွေကြေးအကျပ်အတည်းနဲ့ ၎င်းရဲ့ ပထ၀ီနိုင် ငံရေးဂယက်တွေဟာ အမေရိကန်အတွက် “လောလောဆယ်မှာ အာရုံပြုဂရုစိုက်ရမယ့် ထိပ်တန်းလုံခြုံရေးပြဿ နာ” ဖြစ်လာနေတာ ထင်ရှားတယ်။ အာရှနိုင်ငံများနဲ့ ဆက်ဆံရေးကို ဖြေရှင်းရာမှာ နိုင်ငံအချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားရေးဟာ စီးပွားရေးပြန်လည်ရှင်သန်လာရေးနဲ့ ရာသီဥတု ပူနွေးလာမှုပြဿနာကို ဖြေရှင်း ရေးမှာ အိုဘားမားအစိုးရ စူးစမ်းရှာဖွေနေတဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။
အိုဘားမားအစိုးရရဲ့ အာရှတိုက်ဆိုင်ရာ ပေါ်လစီ အပြောင်းအလဲဟာ အမေရိကန် နိုင်ငံခြားဆက်ဆံ ရေး သေနင်္ဂဗျူဟာ ထိန်းညှိရေးရဲ့ ပုံသဏ္ဍာန် အငယ်စားဖြစ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ အိုဘားမားအစိုးရနဲ့ ဘုရှ်အစိုးရရဲ့ အာရှပေါ်လစီဟာ အနှစ်သာရအားဖြင့်တော့ ဘာမှ ကွဲပြားမှုမရှိပါဘူး။ နည်းနာနဲ့ အလေးထားချက် တွေမှာသာ တစုံတရာ ထိန်းညှိမှု ရှိတာပါ။ ဘုရှ်အစိုးရဖြစ်ဖြစ်၊ အိုဘားမားအစိုးရဖြစ်ဖြစ် ၎င်းတို့ရဲ့ ပေါ်လစီအခြေ ခံအုတ်မြစ်ဟာ အမေရိကန်ရဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွား ကာကွယ်ထိန်းသိမ်းရေးပါပဲ။ အာရှတိုက်မှာ အမေရိ ကန်ရဲ့ ရှေ့ဆောင်မှုအဆင့်နေရာကို စိတ်ချရစေရေးဖြစ်ပါတယ်။ ဒါ့အပြင် “အာရှတိုက်သို့ အမေရိကန် တကျော့ ပြန်လာခြင်း” ဟာ သူရဲ့သြဇာကျဆင်း ယိုယွင်းပျက်ပြားနေတဲ့အခြေအနေကို လှည့်ပြောင်းပစ်ရေး၊ တခြားနိုင်ငံ ကြီးတွေ ပေါ်ထွန်းလာခြင်း ဒါမှမဟုတ် ဒေသဆိုင်ရာအုပ်စုတွေက အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးရေးအဆင့်နေရာ အား ခြိမ်းခြောက်မှု ဖြစ်လာမှုတွေကို ကာကွယ်ရေးဖြစ်ပါတယ်။
ဒေသတွင်း မဟာမိတ်ဆက်ဆံမှုများကို ခိုင်မာစေရေး
အိုဘားမားအစိုးရရဲ့ အရှေ့အာရှ ပေါ်လစီမှာ အဓိက ၄ ချက် ပါဝင်တယ်။ ပထမအချက်က အဲဒီဒေသတွင်းက မဟာမိတ်ဆက်ဆံမှုတွေ ခိုင်မာရေး။ အထူးသဖြင့် ဂျပန်၊ တောင်ကိုးရီးယားတို့နဲ့ မဟာမိတ် ဆက်ဆံမှုများ ဖြစ်တယ်။ အိုဘားမားက ဒီအကြိမ် အာရှပေါ်လစီနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောရာမှာ “အတူတကွ ကြုံတွေ့နေရတဲ့ ဒီစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းအတွက် အမေရိကန်ဟာ ဒီဒေသအတွင်းက မဟာမိတ်ဆက် ဆံမှု ခိုင်မာပြီးသားဖြစ်တဲ့ နိုင်ငံတွေနဲ့ လုပ်ဖော်ကိုင်ဘက်ဆက်ဆံရေးသစ် ထူထောင်ရေးကို စူးစမ်းရှာဖွေ နေပါ တယ်။ ဒီအတွက် ကျွန်တော်တို့ဟာ အမေရိကန်-ဂျပန်၊ တောင်ကိုးရီးယား၊ သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်တို့နဲ့ မဟာမိတ်စာချုပ်များကို အမှီပြုဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီမဟာမိတ်စာချုပ်တွေဟာ အချိန်လွန်သွားပြီဖြစ်တဲ့ သ မိုင်းဆိုင်ရာ စာတမ်းတွေကို မှီခိုအားထားရေးမဟုတ်ပါဘူး။ ကျွန်တော်တို့ အတူတကွ လုံခြုံရေးအတွက် အရင်းခံ အနက်အဓိပ္ပာယ်ရှိတဲ့ အပြန်အလှန် ထိန်းချုပ်မှု ၀န်ခံကတိတွေပါရှိတဲ့ စာချုပ်တွေကို စွဲစွဲမြဲမြဲဆုပ်ကိုင်သွားရန် လို အပ်ပါတယ်” လို့ ဖော်ပြခဲ့တယ်။ ဒီသဘောထားတွေဟာ ဘုရှ်အစိုးရကာလအတွင်းက သဘောထားတွေနဲ့ အနှစ်သာရအားဖြင့် ဘာမှ မကွာခြားပါဘူး။
ဘုရှ်အစိုးရကာလအတွင်းက အမေရိကန်နဲ့ တောင်ကိုးရီးယားမဟာမိတ် ၂ နိုင်ငံအကြား မြောက်ကိုးရီး ယားနဲ့ ပတ်သက်တဲ့ ပေါ်လစီမှာမှာ မကြာခဏအငြင်းပွားမှုတွေ ပေါ်ခဲ့တယ်။ အဲဒီကနေတဆင့်တက်ပြီး ၂ နိုင်ငံ ဆက်ဆံမှုမှာ တကြိမ်အေးတိအေးဆက်ဖြစ်သွားခဲ့ဖူးတယ်။ အိုဘားမား အာဏာရလာပြီးနောက်မှ တောင်ကိုးရီး ယားနဲ့ ဆက်ဆံရေးဟာ ပြန်လည်ရှင်သန်လာပါတယ်။ ၂၀၀၉ ဇွန်လ တောင်ကိုးရီးယားဝန်ကြီးချုပ်လီဗျောင်ဟွန်း အမေရိကန်သို့ တရားဝင်သွားရောက် လည်ပတ်တဲ့ကာလအတွင်း ကိုးရီးယားကျွန်းဆွယ် မျက်မှောက်တင်းမာ နေမှုအခြေအနေတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲဆိုတဲ့ တူညီတဲ့ သိမြင်နားလည်မှုတွေ ရရှိခဲ့တယ်။ အမေရိကန်က တောင်ကိုးရီးယားကို နျူးကလီးယား ကာကွယ်ရေးထီးရိပ်အောက်မှာ ထားရှိသွားမယ်ဆိုတာကို ကတိပေးခဲ့တယ်။ ဒါ့အပြင် အိုဘားမား တောင်ကိုးရီးယားကို တရားဝင် အလည်အပတ်ခရီးစဉ်အတွင်းမှာ ၂ နိုင်ငံလွတ်လပ်တဲ့ ကုန်သွယ်ရေးစာချုပ် အာဏာတည်ရေးအတွက် ဆက်လက်ကြိုးစားရှာဖွေ တွန်းဆော်သွားရေး ကို ၂ ဖက်စလုံးက ဖော်ပြခဲ့တယ်။
အမေရိကန် ဂျပန် မဟာမိတ်ဆက်ဆံရေးဟာ အမေရိကန်ရဲ့ အာရှဆိုင်ရာပေါ်လစီရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး။ လောလောဆယ်နှစ်များအတွင်း တရုတ် သြဇာ အဆက်မပြတ် မြင့် တက်လာနေမှုက အမေရိကန်ဟာ တရုတ်နဲ့ဆက်ဆံရေးအပေါ်မှာ ပိုမိုအားထုတ်လာတယ်။ ဂျပန်ဟာ အမေ ရိကန်က အာရှပေါ်လီစီ ထိန်းညှိလိုက်လို့ တဖြည်းဖြည်း တရုတ်ပြည်အပေါ် အလေးထားပြီး ဂျပန်အပေါ် အလေး မထားမှုတွေ ဖြစ်ပေါ်လာကာ ဂျပန်ဟာ ဘေးရောက်သွားမှာကို တလျှောက်လုံး စိုးရိမ်နေခဲ့တာပါ။ ဒါဟာ ဂျပန်ရဲ့ နိုင်ငံတကာ အဆင့်နေရာ အထူးသဖြင့် အာရှတိုက်မှာ ဂျပန်ရဲ့ သြဇာမြှင့်တက်ရေးအတွက် အကျိုးမရှိပါဘူး။ ဂျပန်ကို နှစ်သိမ့်ရေးအတွက် အိုဘားမားနဲ့ ဟီလာရီတို့ဟာ ပထမဆုံး အာရှခရီးစဉ်မှာ ဂျပန်ကို ပထမဆုံး ၀င်ရောက်ခဲ့ ကြတာဖြစ်တယ်။ ဒါက အမေရိကန်ဟာ အမေရိကန်- ဂျပန်မဟာမိတ်ဆက်ဆံရေးကို အလေးထား ကြောင်း ဖော်ပြနေပါတယ်။ အမေရိကန်က ဂျပန်ဟာ အာရှတိုက်မှာ အမေရိကန်ရဲ့ အရေးအပါဆုံး မဟာမိတ် ဖြစ်တယ်ဆိုတာကို ထပ်မံအလေးထားလိုက်တာဖြစ်တယ်။ အိုဘားမားက “ ကျွန်တော်တို့ရဲ့ အာရှပစိဖိတ် ဒေသမှာ ကြိုးစားအားထုတ်မှုတွေရဲ့ အတိုင်းအတာအများစုကြီးဟာ အမေရိကန်နဲ့ ဂျပန်အကြား သမနိရှည် ကြာပြီး ပိုသစ်လွင်တဲ့ မဟာမိတ်ဆက်ဆံရေးအတွက် အားစိုက်ခဲ့တာဖြစ်ကြောင်း” လို့အလေးထား ပြောကြားခဲ့ တယ်။
ဒါပေမဲ့ အမေရိကန် - ဂျပန် မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းတိုးတက်မှုဟာ ပြေပြစ်ချောမောနေတာ တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ နိုင်ငံရေးအခြေအနေ ပြုပြင်ပြောင်းလဲမှုတွေက အမေရိကန်- ဂျပန်မဟာမိတ်ဆက် ဆံရေးအပေါ် အရင်ဘယ်တုန်းကမှ မကြုံဘူးတဲ့ ရိုက်ခတ်မှုတွေကို ဆောင်ကြဉ်းလာပါတယ်။ ဂျပန်ဝန်ကြီးချုပ် ယူကီအို-ဟာတိုယာမာ အစိုးရဟာ ဂျပန်-အမေရိကန်မဟာမိတ်ဆက်ဆံရေးကို တခုလုံးအနေအထားအရ ပြန် လည်ပြီး အသေအချာစစ်ဆေးကြည့်ရှုကာ အမေရိကန်ရဲ့ “အပေါင်းအဖော်ကလေး” အဖြစ် လုပ်ချင်စိတ် ကြာ လေ မရှိလေဖြစ်လာပြီး တန်းတူတဲ့ ဂျပန်-အမေရိကန်ဆက်ဆံရေး ရရှိအောင် ကြိုးစားဆောင်ရွက်ရေးကို ရပ်ခံ တင်ပြလိုက်တယ်။ ဟာတိုယာမာ အစိုးရဟာ ဂျပန်ကို အာရှတိုက်က နိုင်ငံအဖြစ် အလေးထားကာ “အရှေ့ အာရှ အကျိုးတူအဖွဲ့” ပေါ်ထွန်းလာရေးသဘောထားကို တက်တက်ကြွကြွ ဖြန့်ချိတယ်။ တရုတ်-ဂျပန်-တောင်ကိုး ရီးယားတို့ကို “ ၃ ပွင့်ဆိုင်” အာရှတိုက်ရဲ့ ဒေသအတွင်း ညီညာ ဖြဖြနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုဂရုစိုက်တဲ့ မူလတွန်းအားများအဖြစ် အလေးထားသွားလိုတဲ့ ဆန္ဒရှိတယ်။ ဒီအချက်က ဂျပန်ဟာ အမေရိရဲ့ ထိန်းချုပ်မှုအစီ အစဉ်တွေက တစုံတရာအတိုင်းအတာအရ ရုန်းထွက်လိုတဲ့ ဆန္ဒရှိနေတာကို ဖော်ပြတယ်။ ဂျပန်အစိုးရဟာ တရုတ်နဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး တက်တက်ကြွကြွဆောင်ရွက်ပြီး တရုတ်နဲ့ နိုင်ငံခြားဆက်ဆံ ရေးကို အစွမ်းကုန် ရှေ့သို့တက်လှမ်းသွားလိုသေးတယ်။ ဟာတိုယာမာ အစိုးရက ဂျပန်ဟာ အမေရိကန်နဲ့ အာရှ အကြားမှာရော အမေရိကန်နဲ့ တရုတ်အကြားမှာပါ ပိုမိုဟန်ချက်ညီဖြစ်တဲ့ ဆက်ဆံရေးကို ထူထောင်သွားရန် လို အပ်ကြောင်း တင်ပြခဲ့တယ်။ ဒီတင်ပြချက်က အမေရိကန်ကို ရုတ်တရက် အံ့အားသင့်သွားစေပါတယ်။ အမေရိ ကန်နဲ့ ဂျပန်အကြား ကွဲပြားမှုတွေ ပိုပွင့်ကျသွားတော့တယ်။ အထူးသဖြင့် ဟာတိုယာမာဟာ ပြည်တွင်းနိုင်ငံရေး စဉ်းစားချက် ပေါ်ထွက်လာပြီး ဂျပန်မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေရဲ့ လေယာဉ်ကွင်း ရွှေ့ပြောင်းရေးအ တွက် ၂၀၀၆ ခုနှစ်က အမေရိကန်-ဂျပန် သဘောတူညီချက်ကို အသိအမှတ်မပြုနိုင်ပါဘူး။ ဒါကြောင့် အမေရိ ကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးကို ပြန်လည်စစ်ဆေးသုံးသပ်ရမယ့် အခြေအနေဖြစ်လုနီးပါးအထိ အရေးကိစ္စ ဟာ ဖြစ်ထွန်းတိုးတက်သွားတယ်။ ဂျပန် ပညာရှင်အချို့ကတော့ အမေရိကန်-ဂျပန်လက်ရှိ မဟာမိတ်ဆက်ဆံ ရေးကို “ကြင်သာကြင် မခင်ရတဲ့ဘ၀” လို့ ရေးသားနေပါပြီ။
ဂျပန်အစိုးရသစ်က အမေရိကန်ရဲ့ ခံစားချက်တွေကို မငဲ့ကွက်ဘဲ တင်ပြလိုက်တဲ့ ပေါ်လစီရပ်ခံချက် တွေဟာ အိုဘာမားအစိုးရအဖွဲ့ကို အကျပ်ရိုက်သွားစေမယ်ဆိုတာ သံသယရှိနေစရာမလိုပါဘူး။ ရည်ရွယ်ချက်ကတော့ အမေရိကန်အား ဂျပန်ရဲ့ အစားထိုးလို့မရနိုင်တဲ့ အရေးကြီးမှုကို ရိပ်စားမိသွားစေရေးဖြစ်တယ်။ အဲဒီလိုနဲ့ ဂျပန်နဲ့ ဆက်ဆံရေးကို အလေးထားလာစေရေးဖြစ်တယ်။ အမေရိကန်က လစ်ဘရယ်ဒီမိုကရက်ပါတီမှအပ တခြားပါတီ တွေကို အထင်သေးမှုတွေနဲ့ ပတ်သက်လို့ တကယ်တော့ ဂျပန်အစိုးရသစ်က သွယ်ဝိုက်ဝဖန်မှုတွေ အတော် အတန် ရှိခဲ့ပါတယ်။ အိုဘားမှား အစိုးရဟာ ဟာတိုယာမာအစိုးရ ပြည်တွင်းနိုင်ငံရေးဖိအားကြောင့် အရေးထား လိုက်လျောလာသည့်တိုင် စိတ်ရှည်ရှည်ထား စောင့်ဆိုင်းရပါလိမ့်မယ်။ တချိန်တည်းမှာလည်း အနာဂတ် ဂျပန် နိုင်ငံရေးပါတီတွေ အလှည့်ကျ အစားထိုးလာမှုကြောင့် အမေရိကန်-ဂျပန် ဆက်ဆံရေးအပေါ် ရိုက်ခတ် လာမှုတွေနဲ့ တဖြည်းဖြည့်ချင်းဆီလျော်လာအောင် စောင့်ဆိုင်းရပါလိမ့်မယ်။ အမေရိကန်-ဂျပန်မဟာမိတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေခံပေါ်မှာ အထူးသဖြင့် တရုတ်ပြည် တဟုန်ထိုးတိုးတက်လာနေမှုနဲ့ မြောက်ကိုးရီး ယား နျူးကလီးယားပြဿနာတို့ကို ရင်ဆိုင်နေရတဲ့ အခြေအနေကြီးအောက်မှာ အမေရိကန်ရော ဂျပန်ပါ နိုင်ငံအ သီးသီးရဲ့ အကျိုးစီးပွားကို ပြန်လည်စစ်ဆေးသုံးသပ်ရန်၊ ဂျပန်၊ အမေရိကန်ဆက်ဆံရေး ဖြစ်ထွန်းတိုးတက်လာ ရေးကို တွန်းဆော်ပေးဖို့ စဉ်းစားသွားရပါလိမ့်မယ်။
(ဆက်လက်ဖော်ပြသွားပါမည်)
ဘိုကေသောင်း