သောင်းပြောင်းထွေလာ ရေးချင်ရာရာ (၃)
တရုတ်ငွေကြေးပေါ်လစီ
တရုတ်ယွမ်ငွေကို ဒေါ်လာနဲ့ အသေချိတ်ထားတာကို ဒီနေ့ တနင်္လာနေ့ကနေစ ဖျက် လိုက်ပြီလို့ စနေနေ့ညက တရုတ်ဗဟိုဘဏ် PBC ကကြေညာသွားတယ်။ ကြေညာချက် အသေးစိတ်ကို အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်။ တမျက်နှာတောင် မရှိပါဘူး။ http://www.pbc.gov.cn/english/detail.asp?col=6400&id=1488
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ပထမဆုံး သတိပြုမိတာက တရုတ်ရဲ့လုပ်ပုံကိုင်ပုံပါ။ ၂၀၀၅ ခုနှစ်က ဒေါ်လာနဲ့ချိတ်ထားတာကို၊ peg လုပ်ထားတာကို ဖြုတ်လိုက်တုန်းက လည်း ခုလိုပဲ PBC website မှာ ကြေညာချက်တိုတိုလေး ထုတ်ပြန်တယ်။ ဘယ်သူမှ မထင်တဲ့ အချိန်မှာ လုပ်တာပဲ။ တရုတ်ဟာ သူများက ဖိအားပေးလို့ လုပ်ရတယ်ဆိုတဲ့ ပုံစံမျိုး မရောက်အောင် သိပ်သတိထားတယ်။ ထားပါတော့။
နောက်တခုက ‘တကယ် float လုပ်တာလား၊ နည်းနည်း flexible ဖြစ်အောင် လုပ်တာလား’ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်တယ်။ အတိအကျပြောရရင် managed float ပုံစံကို ပြောင်းတာပဲ။
Starting from July 21, 2005, China has moved into a managed floating exchange rate regime based on market supply and demand with reference to a basket of currencies.
Managed floating rate system ကဘယ်လိုလဲဆိုတာ မပြောခင် အရင်ဆုံး freely floating system နဲ့စရင်ကောင်းမယ်။ တကယ်တမ်းကျတော့ freely floating system ဆိုတာ ကျွန်တော်တို့ သင်္ချာက dimensionless point လို၊ frictionless surfaceလို အပြင်လောကမှ မရှိနိုင်ပါဘူး။ ရိုးရိုးပုံမှန် အချိန်မှာတော့ ဗဟိုဘဏ်တွေက ဘာမှဝင် မစွက်ဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အချိန်တွေ အထူးသဖြင့် မကြာသေးခင်နှစ်တွေဟာ ဗဟိုဘဏ်တွေ အင်မတန်မှ အလုပ်ရှုပ်တဲ့နှစ်ပဲ။ ဒါပေမယ့် နိုင်ငံကြီးတွေမှာက အထူးသ ဖြင့် အမေရိကန်၊ ဥရောပနဲ့ ယူကေတို့က ဗဟိုဘဏ်တွေဆီမှာ forex market ထဲ တိုက်ရိုက် ၀င်စွက်စရာမလိုဘဲ exchange rate ကို ကိုယ်လိုချင်တဲ့ အနေအထား ရောက်စေဖို့ လိုအပ်တဲ့ tools တွေရှိတယ်။ လတ်တလော တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ မှာ အကောင်းဆုံး ဥပမာက quantitative easing ခေါ်တဲ့ ငွေကိုစက်ကနေ ရိုက်ထုတ် တဲ့နည်းပဲ။ ပြောရရင် ဆုံးမှာ မဟုတ်တော့ဘူး။ ထားပါတော့။
ဒီ so-called free float စနစ်မှာ ဗဟိုဘဏ်တခုက သူ့ပိုက်ဆံရဲ့တခြားပိုက်ဆံတွေနဲ့ လဲလှယ်နှုန်းကို ဈေးကွက်ကပဲ ဆုံးဖြတ်ပစေဆိုပြီးထားထားတယ်။ တရက်ထဲမှာ၊ သီတင်း တပတ်မှာ၊ ဒါမှမဟုတ်တလ၊ သုံးလပတ်မှာ သူ့ငွေက ဘယ်လောက်တက်တက် ကျကျ သူက ဘာမှဝင်မစွက်တာမျိုး။ ဒေါ်လာ၊ ယူရို၊ စတာလင်၊ ယန်း၊ လူနီ (ကနေဒီယံ ဒေါ်လာကို ချစ်စနိုးခေါ်တဲ့နံမယ်)၊ ဆွတ်ဖရန့် စတဲ့ ငွေတွေအားလုံးဟာ so-called free float စနစ်ကို သုံးတဲ့အတွက် သူတို့ကို floating currency တွေလို့ခေါ်တယ်။ ဗဟို ဘဏ်တွေက exchange rate ကိုဝင်မစွက်တဲ့ငွေတွေပေါ့။ (ဒါလည်း တကယ်တော့ အတိအကျမမှန်ဘူး။ ကျွန်တော့်မျက်စိရှေ့ တင် Swiss ဗဟိုဘဏ်က သူ့ပိုက်ဆံကို တန်ဖိုး ချချပစ်တာ မနှစ်ကတနှစ်ထဲမှာ နှစ်ကြိမ် သုံးကြိမ်လောက်လားမသိဘူး ရှိတယ်။)
တဘက်မှာ fixed exchange rate system က free float နဲ့ဆန့်ကျင်ဘက်။ သူက တခြားပိုက်ဆံတခုခု၊ ဒါမှမဟုတ် ရွှေနဲ့ချိတ်ထားတယ်။ ဒါပေမယ့် ကနေ့ခေတ်မှာ ဘယ်သူ မှ ရွှေနဲ့ မချိတ်တော့ဘူး။ ဒီတော့ ဒေါ်လာနဲ့ချိတ်ကြတယ်။ ၂၀၀၈ ကနေ ဒီကနေ့ထိ တရုတ်ရဲ့ exchange rate system ကအဲဒိပုံမျိုး။ တဒေါ်လာကို ၆.၈၃ ယွမ်နဲ့ unofficially အသေချိတ်ထားခဲ့တယ်။
ခုတော့ တရုတ်က ဒီအသေချိတ်ထားတဲ့ စနစ်ကို ဒီမနက်ကစ စွန့်လွှတ်လိုက်ပြီး managed float system ကိုပြောင်းတော့မယ်။ ဒီပုံစံကို တချို့ ကလည်း dirty float လို့ ခေါ်တယ်။ (ကျွန်တော်သိသလောက်တော့ ဘယ်ငွေကြေးမှ တသက်လုံး clean float မဖြစ်နိုင်ဘူး။) ခုပုံစံသစ်အရ ဗဟိုဘဏ်က မနက်မိုးလင်းတာနဲ့ အဲဒိနေ့အတွက် တရုတ် ငွေနဲ့ basket of currencies (တခြားပိုက်ဆံတွေစုထားတဲ့) ငွေလဲလှယ်နှုန်းကို သတ်မှတ် မယ်။ သတ်မှတ်ပြီးရင် အဲဒိနေ့မှာ ငွေအတက်အကျကို ဈေးကွက်လက်ကို အပ်လိုက်မယ်။ တခုတော့ရှိတယ်။ ပိုက်ဆံကို bandwidth တခုထဲကနေ (ဥပမာ အမေရိကန် ဒေါ်လာနဲ့ဆို အပေါ်အောက် ၀.၅%) အပြင်မထွက်နိုင်အောင် ဗဟိုဘဏ်က ထိန်းမယ်။ တရက်ထဲမှာ တရုတ်ငွေက အ၀ယ်လိုက်ပြီး ၀.၅% ထိတက်လာရင် ဗဟိုဘဏ်က fx ဈေးကွက်ထဲကို တရုတ်ငွေတွေ ဖြည့်ပေးမယ်။ အဲဒိအခါ တရုတ်ငွေ supply ကများလာပြီး အောက်ပြန် ကျသွားမယ်ပေါ့။ တခါ တရုတ်ငွေက ၀.၅% ထိကျသွားရင် တရုတ်ဗဟိုဘဏ်က ဈေး ကွက်ထဲကနေ တရုတ်ငွေတွေကို ပြန်ဆွဲမယ်။ အဲဒိအခါ supply နည်းသွားပြီး ယွမ်ငွေ တန်ဖိုး ပြန်တက်လာမယ်။ အိုကေ..
တရုတ်က သူ့ပိုက်ဆံလဲလှယ်နှုန်းကို သတ်မှတ်တဲ့အခါ ဒေါ်လာတခုတည်းမဟုတ်ဘဲ ပြော ခဲ့တဲ့ basket of currencies တွေနဲ့သတ်မှတ်တာ။ ဒီပိုက်ဆံတွေက ဘယ်သူ့ပိုက်ဆံ ဆိုတာ ဗဟိုဘဏ်က ခုတော့မပြောဘူး။ ဒါပေမယ့် အရင်တုန်းက (၂၀၀၅) တုန်းကတော့ ဒေါ်လာ၊ ယူရို၊ ယန်း၊ ကိုရီးယားဝမ်တွေက အဓိကအဖြစ်ပါတယ်၊ နောက်ကျန်တဲ့ စင်္ကာပူဒေါ်လာ၊ လူနီ၊ အော်ဇီဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရင်းဂစ်၊ ရုသျှရူဘယ်နဲ့ (မကောင်းတတ်လို့) ပေါင်စတာလင်ကို သာမည ငွေတွေအဖြစ် ထည့်ပေးထားတယ်။
Therefore, the determination of the basket of currencies to trade weights is based. U.S., Eurozone, Japan and South Korea is currently China's most important trading partners, corresponding to the dollar, euro, Japanese yen, Korean won will naturally become the main currencies in the basket. In addition, Singapore, Malaysia, Russia, Australia, Canada, Thailand and other countries and also a larger proportion of China's trade, the currencies of these countrie
ဒီပိုက်ဆံတွေအားလုံးဟာ တရုတ်နဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံတွေရဲ့ ပိုက်ဆံတွေချည်းပဲ။ တကယ်တော့ အနောက်နိုင်ငံတွေက တရုတ်ကို ဒိထက်မက ပိုလုပ်စေချင်တာ။ bandwidth ကိုပိုကျယ်စေချင်တယ်။ freely float ကတော့ တရုတ်ကလည်း အရူးမှ မဟုတ်တာ၊ လုပ်မှာ မဟုတ်ဖူး။ သူများမြှောက်ပေးတိုင်း၊ ခြိမ်းခြောက်တိုင်း လုပ်ရရင် သူ့တိုင်းပြည် အကုန် အလုပ်လက်မဲ့ ဖြစ်ပြီး အုံကြွပေါက်ကွဲလာမှာ။ မလုပ်လို့ အပြစ် ပြောရင်လည်း ပြောတဲ့လူက မစဉ်းစားဘဲ မျှမျှတတမကြည့်ဘဲ ပြောတာ။ ခု managed float လုပ်တာတောင် တရုတ်ပြည်တွင်း export sector ကစီးပွားရေး လုပ်ငန်းရှင်တွေကို အတိုက်အခံလုပ်ပြီးမှ ပြောင်းရတာ ဖြစ်တယ်။
အနောက်နိုင်ငံကလူတွေ ဖိအားပေးတာမပေးတာ အသာထား၊ တရုတ်အတွက်က ဒါကို လုပ်သင့်နေတာ ကြာပြီ။ ပထမအချက်အနေနဲ့ တရုတ်ပြည်ထဲမှာ stimulus package ကနေ hot money တွေအရမ်းကို ၀င်လာတယ်။ သိတဲ့အတိုင်း ၂၀၀၈ ၂၀၀၉ မှာ တကမ္ဘာလုံး စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကျတော့ တရုတ်က GDP ကိုထိန်းဖို့ (ပြည်တွင်း စားသုံးမှု domestic consumption ကျမသွားအောင်) သူ့နိုင်ငံထဲက ဘဏ်တွေကို ပိုက်ဆံအပြတ် ချေးခိုင်းတယ်။ ဘဏ်တွေကလည်း ပျော်ပျော်ကြီးချေးတယ်။ ပျော်ပျော် ကြီးမှ တကယ့်ကို ပျော်ပျော်ကြီး ချေးတာ။ ၂၀၀၉ တနှစ်လုံးမှာ သူ့ရဲ့ money supply year on year figure က တလတလကို ၂၀ ကနေ ၃၀ ရာခိုင်နှုန်းထိရှိတယ်။
၂၀၀၈ နှစ်ကုန်မှာ ဘဏ်တွေကထုတ်ချေးငွေနဲ့ နောက်လေးလအကြာထုတ်ချေးငွေက ခြောက်ဆလောက် ကွာတယ်။ တဘက်မှာ တရုတ်အစိုးရက ဘဏ်တိုးနှုန်းကို ဟိုးအောက် ကိုနှိမ့်ထားတော့ တရုတ်ရဲ့ပကတိ အတိုးနှုန်း (real interest rates) က အနုတ်ပြ နေတယ်။ ဆိုလိုတာက အလွယ်ပြောရရင် ငွေဖောင်းပွမှုနှုန်းက ဘဏ်တိုးနှုန်းထက် အများ ကြီးမြင့်နေတယ်။ ဒီတော့ လူတွေက ဘဏ်မှာ cash မထားတော့ဘူး။ အဲဒိပိုက်ဆံတွေက ဘယ်ရောက်ကုန်လဲဆိုတော့ real estate တွေဆီကိုရောက်ကုန်တယ်။ ဟောင်ကောင်တို့၊ ရှန်ဟိုင်းတို့က အိမ်ဈေးတွေဟာ မနှစ်က တနှစ်ထဲမှာ တကယ့်ကို ကြောက်ခမန်းလိလိ တက်တာ။ အိမ်တွေတင်မက ဆိုင်ခန်းဈေးတွေလည်း အဆမတန်တက်တာပဲ။ လူတွေကို ပိုက်ဆံနဲ့ speculate လုပ်အောင် အားပေးအားမြှောက်ပြုနေသလိုပဲ။ နောက် money supply ကများလွန်းတဲ့အခါ inflation ကနောက်ကလိုက်လာတယ်။ ဈေးတွေ ခုန်ခုန် တက်တယ်။ တဘက်မှာ ရတဲ့လစာက အဲ့သလောက် လိုက်မတက်ဘူး။ အကျိုးဆက် အားဖြင့် မကြာသေးခင်က တရုတ်က စက်ရုံတွေမှာ အလုပ်သမားတွေ ဆန္ဒပြတာတွေ တွေ့လာရတာပဲ။
ဒီတော့ တရုတ်ကငွေဖောင်းပွမှုကိုလည်း လျှော့ဖို့ အဖုံးလေးနည်းနည်းလှပ်ဖို့လိုလာတယ်။ အဲဒိမှာ ခု managed float system ကိုပြောင်းတာပဲ။ ဒီလိုမပြောင်းခင် ကြားထဲမှာ တခြားအစီအမံတွေနဲ့ hot money ကို ထိန်းကြည့်သေးတယ်။ liquidity ကိုပြန်ရုပ် တယ်လို့လည်း တချို့ကခေါ်တယ်။ ဥပမာ ဘဏ်တွေကို reserve requirements အရန်အဖြစ်ထားခိုင်းတဲ့ငွေပမာဏကို အကြိမ်ကြိမ် မြှင့်ပစ်တယ်။ ဒါတောင်မှလည်း သူ့နာလန်ံပြန်ထူရေး အစီအစဉ်က အရှိန်ကောင်းလွန်းတော့ ချက်ချင်း မသိသာဘူး။
ခု managed float စနစ်ကိုပြောင်းတဲ့အခါ တရုတ်ပိုက်ဆံဟာ ကျိန်းသေပေါက် အား ကောင်းလာမှာဘဲ။ ၂၀၀၅ ကနေ ၂၀၀၈ တုန်းက ဒီပုံစံကို ပြောင်းတော့ သုံးနှစ်အတွင်းမှာ သူ့ပိုက်ဆံက ဒေါ်လာနဲ့လဲနှုန်းမှာ ၂၅ % လောက်ထိ တက်လာတယ်။ ခုလည်း တက်မှာဘဲ။ အဲဒိအခါတရုတ်တွေရဲ့ ဝယ်နိုင်အားက ပိုကောင်းမယ်။ ဥပမာ အရင်က တရုတ်ပိုက်ဆံ တရာနဲ့ သံရိုင်း တခွက်စာရရင် ခုဆို တခွက်ကျော်ကျော်ရမယ်။ import တွေ၊ သွင်းကုန်တွေက တရုတ်ငွေနဲ့ဆို ဈေးကျလာတဲ့သဘောပေါ့။ အကျိုးဆက်အားဖြင့် သူ့နိုင်ငံထဲမှာ ကုန်ဈေးနှုန်း ပြန်ကျလာဖို့ရှိတယ်။ နောက်တရုတ်ရဲ့ အဓိက ကုန်သွယ် ဘက်နိုင်ငံတွေကလည်း ဒါကိုကျေနပ်တယ်။ သူတို့က တရုတ်ကို ပစ္စည်းပိုရောင်း နိုင်တော့ မယ်လို့ မျှော်လင့်နေတယ်။ အထူးသဖြင့် ထိုင်းတို့၊ မလေးရှားတို့၊ သြစတြေးလျတို့က သိပ်သဘောကျတယ်။ ဒီနိုင်ငံတွေရဲ့ monetary policy ဟာ တရုတ်သြဇာအောက်ကို လုံးလုံးရောက်နေတာ ဘယ်လိုမှ ငြင်းလို့မရဘူး။ ဥပမာ အော်ဇီဆိုရင် အဓိကက သထ္ထု တွေ hard commodity တွေထုတ်တာ။တရုတ်က hard commodity ၀ယ်အားနဲ့ သူ့ရဲ့ GDP ကလိုက်ပြောင်းရတာကိုး။ မနှစ်က တနှစ်လုံးမှာ တရုတ်ရဲ့ stimulus အစီအစဉ် တွေနဲ့ သြစတြေးလျကနေ သထ္ထုတွေ အများကြီး ၀ယ်ဖြစ်ပြီး ဒီအတွက်ကြောင့်ပဲ သြစ တြေးလျဟာ ရှားရှားပါးပါး technical recession ကိုရှောင်နိုင်ခဲ့တယ်။ တနည်းအားဖြင့် သြစတြေးလျဟာ သုံးလပတ်ကာလတခုပဲ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း အနုတ်ပြပြီး နောက်သုံး လပတ်မှာ အနုတ်မပြတော့ဘူး။ အဲဒိအတွက်ကြောင့်ပဲ မနှစ်က Aussie ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတွေကို လေးလလောက်လားမသိဘူး ဆက်တိုက်မြှင့်ခဲ့ရတာ။ ထိုင်းတို့၊ မလေးတို့ဆိုလည်း အလားတူပဲ။ ဒီနိုင်ငံတွေက သူတို့ရဲ့ဘဏ်တိုးနှုန်းကို တရုတ်ဘဏ် တိုးနှုန်းနဲ့ ဟန်ချက်ညီသွားနေရတာ။ တရုတ်ငွေက မတက်ဘဲ သူတို့ငွေက တက်ရင် သူတို့ export ထိခိုက်မယ်။ တဘက်မှာ ကိုယ့်ငွေကို တရုတ်နဲ့ဟန်ချက်ညီအောင် လိုက်ချထား ရတော့ သူတို့နိုင်ငံတွေထဲမှာ inflation ကလိုက်လာတယ်။ သိပ်ဒုက္ခရောက်တယ်။ အဲဒိ တော့ တရုတ်ငွေတန်ဖိုးတက်တာ သူတို့က သိပ်မြင်ချင်ကြတာ။
တရုတ်ရဲ့ ခုနောက်ဆုံး monetary policy အပြောင်းအလဲနဲ့ ပတ်သက်ပြီး အကောင်း ဘက်က ကြည့်လို့ရတာက တရုတ်တွေရဲ့ consumption အားကောင်းလာတဲ့အခါ သူ့ရဲ့  ကုန်သွယ်ဘက်နိုင်ငံတွေရဲ့ တရုတ်ကိုကုန်ပစ္စည်းတင်ပို့မှု ပိုအားကောင်းလာဖို့က သေချာ သလောက်ရှိတယ်။ ဒီအကျိုးအမြတ်ကို ဒီကုန်သွယ်ဘက်တွေရဲ့ ကုန်သွယ်ဘက်တွေ လည်း အကျိုးခံစားရဖွယ်ရှိတယ်။
တဘက်မှာ တရုတ်ကခုဆို အရင်ကထက် ပိုသုံးလာနိုင်ပြီ။ တနိုင်ငံလုံး GDPတင်မကဘဲ သူ့ပိုက်ဆံက တန်ဖိုးတက်လာပြီဆိုရင် consumption per capita တဦးချင်းသုံးအား GDP per capita ကလည်းပိုကောင်းလာမှာဘဲ။ ဒါဆိုရင် တကမ္ဘာလုံးမှာ ကုန်ပစ္စည်းဈေးတွေက အတက်ဘက်ကိုပဲ ဦးတည်လာဖို့ ရှိတယ်။ ဥပမာ တရုတ်ကြေညာချက်ထွက်ပြီး တနင်္လာ နေ့မှာဘဲ ရွှေဈေးဟာ အမြင့်ဆုံးအမှတ်ကို ရောက်သွားတယ်။ တရုတ်ငွေအားကောင်း တဲ့အခါမှာ ဒေါ်လာနဲ့သတ်မှတ်တဲ့ ရွှေဈေးက တရုတ်ငွေနဲ့ဆို ဈေးကျလာမယ်။ တရုတ်က ပိုဝယ်နိုင်မယ်။ အလားတူပဲ တခြားကုန်ပစ္စည်းတွေဟာလည်း ဈေးလိုက်တက်လာမှာဘဲ။ တရုတ်ပြည်ထဲနေတဲ့လူအတွက်တော့ ကောင်းပေမယ့် တခြားလူတွေအတွက်တော့ ဈေး တွေဟာ ပိုပိုကြီးလာတော့မယ်။ ဒါကို တကမ္ဘာလုံးက လက်ခံမလားဆိုတာ မေးစရာဘဲ။ လက်မခံရင် တရုတ်နဲ့ တခြားနိုင်ငံတွေကြားမှာ နားလည်မှုကွာဟမှုက ပိုကြီးလာဖို့ရှိတယ်။ ဒါကို ဘယ်သူကမှ လိုလားမယ် မထင်ဘူး။
အရှုံးဘက်မှာ နေရမယ့်လူတွေက ခုအမေရိကန်တို့၊ ဥရောပတို့မှာ နေနေတဲ့လူတွေ။ တရုတ်တွေ၊ အာရှတိုက်သားတွေရဲ့ပိုက်ဆံတွေ တန်ဖိုးမြင့်ပြီး ၀ယ်နိုင်အား တက်တယ် ဆိုတာ၊ အနောက်နိုင်ငံကလူတွေရဲ့ဝယ်နိုင်အား ကျတာနဲ့တူတူပဲ။ မန်ချက်စတာ ယူနိုက် တစ်ကို ၀ယ်ဖို့ တရုတ်က အရင်က ယွမ်သန်းရှစ်ထောင်လောက် သုံးရရင် ခုဆိုအဲဒိ ပိုက်ဆံနဲ့ မန်ချက်တင်မကဘူး။ နောင်ဆို ဘတ်ကင်ဟမ်နန်းတော်ပါ အဆစ်ရနိုင်မယ်။ (ဟဲဟဲ ဒါကတော့ နည်းနည်းပိုပြောတာပါ) နောက် တရုတ်ကို capital inflow ဘယ် လောက်တက်လာမလဲ။ လောလောဆယ်တော့ ဒါလည်း ဘယ်သူမှ သေချာမသိသေးဘူး။
သေချာတာနောက်တခုက တရုတ်ရဲ့ တဦးချင်း ဂျီဒီပီ GDP per capita တက်လာတဲ့အခါ သူတင်မက တကမ္ဘာလုံးရဲ့သုံးအားဖြုန်းအားကို ကမ္ဘာမြေက ဘယ်လောက် တောင့်ခံနိုင် မလဲ။ တရုတ်လူဦးရေ သန်းတထောင်ကျော်ဆိုတာ နည်းနည်းနောနောမဟုတ်ဖူး။ ဒီတော့ တကမ္ဘာလုံးရဲ့ productivity အချိုးတူ လိုက်မတက်ရင် ကျွန်တော်တို့ဟာ ပူညံပူညံ စကားများတာတွေကို ခဏခဏ ကြားလာရဖို့ ရှိတယ်။ စကားများရုံလောက်ဆို ကိစ္စ မရှိပေမယ့် အဲဒိထက် ပိုလာရင် ဘယ်နှယ့်လုပ်ကြမလဲ။
ဒီကိစ္စဟာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေပဲ။ တထိုင်တည်းနဲ့လဲ ပြောလို့ကုန်မှာ မဟုတ်ဖူး။ နောက်ပိုင်း ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို ဆက်ရေး ပါဦးမယ်။
ဝတုတ်