အစ်မကြီးကျန်း (အခန်းရှစ်)
၂၂။ မည်းမှောင်နေတဲ့ ထောင်တွင်းကတေးသံ
ကျားစိတုံ့ ချွေးတပ်စခန်းမှာ မြေပြန့်ဝင်းလေးတခု ရှိပါတယ်။ မြေပြန့်ဝင်းလေးရဲ့ တဖက်မှာ အမျိုးသားအကျဉ်းထောင် အဆာက်အအုံ ရှိတယ်။ အပေါ်အောက် အသီးသီး ၈ ခန်းစီရှိလို့ စုစုပေါင်း အမျိုးသားအကျဉ်းထောင်ဟာ ၁၆ ခန်းရှိတယ်။ မြေပြန့်ဝင်း ရဲ့ အခြားတဖက်မှာ တထပ်အဆောက်အအုံတခု ရှိတယ်။ အခန်း ၂ ခန်းဖွဲ့ထားတယ်။ ဒါ အမျိုးသမီး အကျဉ်း ထောင်ပါပဲ။
ထောင်တွင်း အိပ်ရာပေါ်မှာလဲလျောင်းရင်း ဒဏ်ရာတွေပျောက်အောင် အနားယူအပန်းဖြေနေတဲ့ ကျန်းကျူကျွန်းဟာ ရုတ်တ ရက် အသံနိမ့်နိမ့်လေးလေးတွဲ့တွဲ့နဲ့ ပြတ်သားလှတဲ့ သီချင်းတပိုဒ်ရဲ့ ညှို့ငင်ဆွဲဆောင်ထားခြင်း ခံလိုက်ရတယ်။ သူဟာ အ သက်တောင် မရှူနိုင်ဘဲ သီချင်းသံကို ငြိမ်သက်စွာ နားထောင်နေတယ်။ ဒီသီချင်းသံက သီချင်းဆိုသူဟာ သူ့ရဲ့ရင်တွင်း ခံစားချက်ကို ပြောဆိုရောင်ပြန်ဟပ်ပြနေသလိုပါပဲ။
လူထွက်ပေါက်ကိုတော့ တင်းတင်းကျပ်ကျပ် ပိတ်လို့ထား
လေးဖက်ထောက်ထွက်လာဖို့ကိုတော့ ခွေးတိုးပေါက်ကို
ဟာလာဟင်းလင်းဖွင့်လို့ထား။
“လေးဖက်ထောက် ထွက်ခဲ့လေ
မင်းကိုလွတ်လပ်ခွင့်ပေးမယ်”တဲ့....
အသံနက်ကြီးတခုက အမိန့်ပေးစေခိုင်းနေတယ်။
လွတ်လပ်မှုကို အာသာငမ်းငမ်း
ကျုပ်တောင့်တမိပါတယ်။
ဒါပေမဲ့ ....
ကျုပ် နက်နက်နဲနဲသိနေတယ်။
လူ့ခန္ဓာာကိုယ်ဟာ
ခွေးတိုးပေါက်က
ဘယ်လိုလုပ်ပြီး
လေးဖက်ထောက် ထွက်လာနိုင်ပါ့မလဲ။
ကျုပ်မျှော်လင့်မိတယ်
တနေ့နေ့မှာ
မြေအောက်က ပြင်းထန်တဲ့
မီးတောက်မီးလျှံတွေဟာ
ခုန်ပေါက်ထိုးတက်လားပြီး
ကျုပ်ကို....
“အသက်ရှင်နေတဲ့ မိစ္ဆွာကောင်တွေ”နဲ့အတူ
လောင်တိုက်သွန်းလိုက်ရင်တောင်
ပြင်းထန်လှတဲ့ မီးတောက်မီးလျှံနဲ့
ချင်းချင်းနီနေတဲ့သွေးအိုင်ထဲမှာ
ကျုပ်....
ထာဝရ
ရှင်သန်နေဦးမှာပါ။ ။
သီချင်းသံဟာ အမျိုးသားအကျဉ်းထောင်က ပျံ့လွှင့်လာတာပါ။ အမျိုးသမီးအကျဉ်းထောင်နဲ့ အမျိုးသမီးအကျဉ်း ထောင် အခန်းအမှတ် ၁၊ အမှတ် ၂ တို့ဟာ သိပ်နီးနေပြီး မီတာ ၂ဝ ထက်မကျော်ပါဘူး။ သီချင်းသံဟာ ကြည်ကြည်လင်လင် ကြား နေရတယ်။ ဒီသီချင်းသံဟာ အမျိုးသားအကျဉ်းထောင် အခန်း အမှတ် ၁၊ အမှတ် ၂ တို့ဆီက ပျံ့လွင်လာတာ မဟုတ်သလိုပါ ပဲ။ ဘယ်ကများ ပျံ့လွင့်လာနေပါလိမ့်။ ဘယ်လိုမှလဲ သီးချင်းသံဟာ အဲဒီကနေ ထွက်လာစရာ အကြောင်းမရှိပါဘူး။
အမျိုးသမီးထောင်ရဲ့ လေဝင်လေထွက်တံခါးဘေးကလည်း သီးချင်းသံပေါ်ထွက်လာတယ်။ သီချင်းသံဟာ နက်နဲလှတဲ့ ချစ် ခြင်းမုန်းခြင်းတို့ရဲ့ မေတ္တာသံယောဇဉ်တွေနဲ့ ပြည့်လျှမ်းနေတယ်။
မြင်းဖြူကြီးကိုစီးလို့
ခေတ်မီသေနတ်ကိုလွယ်
ဂျပန်ခုခံဆန့်ကျင်ရေးတပ်ရိက္ခာတွေကို
စားနေရတဲ့ ကိုကိုရယ်
စိတ်ဆန္ဒရှိရင်
အိမ်ပြန်လာပြီး ယုဝတီကို ကြည့်လှည့်ပါ။
ဟားဟားဟား ....
မိစ္ဆာကောင်တွေကို တိုက်ရတော့မယ်ဆိုရင်လည်း
ကျွန်မကို အာရုံထားမနေပါနဲ့တော့ ရှင်ရယ်။
အလို တကယ်တော့ စိန်းဇစ်ရှာဟာ လေဝင်လေထွက်တံခါးပေါက်ကို မှီပြီး သီချင်းဆိုနေတာကိုး။ စိန်းဇစ်ရှာဟာ တကယ့်ကို ခံစားချက်အပြည့်နဲ့ အသံမနိမ့်မမြင့်လေးဆိုနေတဲ့ သီချင်းသံဟာ ကောင်းလှပါကလား။ သူ့အနေနဲ့တော့ ဒါပထမဦးဆုံး နားထောင်လိုက်ဖူးခြင်းပါပဲ။ တပုဒ်ပြီးတပုဒ် ဆက်တိုက်နေတာပါကလား။
ဒီလိုလူမျိုးရှိနေလို့ကတော့ ပျော်စရာပဲ
ငါသူ့ကို မချစ်ဖူးလား ....
သူဟာ တကယ့်ကို မေတ္တာစစ်မေတ္တာမှန်နဲ့
ယောက်ျားကောင်းတယောက်ပါပဲ။
ဘယ်တော့မှ လိမ်ညာဖြီးဖြန်းတာမလုပ်ပါဘူး
ဒါမှသာ စွဲစွဲလမ်းလမ်း ရှိထိုက်သူပေါ့
သူဟာ အပြောကတော့ ဆင်းရဲသားပါတဲ့
ငွေရှိနေလို့ ချစ်ခြင်းမေတ္တာကိုဝယ်လို့ရရင်လည်း
အလကားပဲ မဟုတ်လားတဲ့။
သူဟာ အကျဉ်းသားပါလို့လည်း ပြောတာပဲ
ဘာကြောင့်များ အကျဉ်းသားရဲ့ အနှောင်အဖွဲ့တွေကို ကျောခိုင်းမသွားနိုင်ရတာလဲ။
သူဟာ ဒီလိုနက်နက်ရှိုင်းရှိုင်း ချစ်ရတဲ့သူ
တကယ့်ကို အမှန်တကယ် ချစ်ရတဲ့သူ
ပုံအောချစ်ရတဲ့သူ .... ... ဖြစ်တယ်လေ။
သူနဲ့ အမိနိုင်ငံရဲ့ ကံကြမ္မာဟာ
ခွဲခြားထားလို့ မရတဲ့သူ။
သူဟာ ထွန်းသစ်စနေမင်းကြီးကို ချစ်တယ်
လသာတဲ့ညတွေကိုလည်း ချစ်တယ်
ဆီးနှင်းတွေ သိပ်သိပ်သည်းသည်းကျနေတဲ့ ဆီးနှင်းပြင်ကိုချစ်တယ်
နွေဦးရဲ့ပန်းတွေကို ချစ်တယ်
ယန်စီမြစ်ရဲ့ မိုးကောင်းကင်မှာ လိမ်းခြယ်ထားတဲ့
အနီရောင်ဆည်းဆာကိုမှ ပိုချစ်တယ် .... တဲ့။ ။
ကျန်းကျူကျွန်းဟာ မချုပ်တည်းနိုင်တော့ဘဲ အသံတိုးတိုးလေးနဲ့ လိုက်ဆိုနေမိတယ်။ စိန်းဇစ်ရှာရဲ့ အားမာန်ပြည့်ဖြိုးပြီး ယောက်ျားသံနည်းနည်းပါကာ လှိုက်လှဲတက်ကြွမှု ရှိလှတဲ့သီချင်းသံဟာ ထောင်ထဲမှာရှိနေတဲ့ တိုက်ဖော်တိုက်ဖက်တွေကို လေးလေးနက်နက် နှစ်သိမ့်မှုနဲ့ တက်ကြွမှုကို ဖြစ်လာစေရုံမက အစ်မကြီးကျန်းလည်း ဒီအသံကိုကြားရတော့ အမျိုးသား အ ကျဉ်းထောင်မှာရှိနေတဲ့ လျို ကော်စစ်ကို မုချပဲ အကြီးအကျယ်အားပေးရာရောက်ပါလိမ့်မယ်လို့ ခံစားမိလိုက်ပါတယ်။
ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။ ဒီသီချင်းကို စိန်းဇစ်ရှာ ထပ်မံဆိုလိုက်တာကို ကြားလိုက်ရတဲ့အချိန်မှာတော့ သူ့သီချင်းသံဟာ အလွန်သာယာပြီး နားထောင်ကောင်းတာကို တွေ့ရပေမယ့် ဘာကြောင့်များ လှိုက်လှဲတက်ကြွမှုကင်းမဲ့နေပါလိမ့် ဆိုတာကို တော့ မတွေးမိပါဘူး၊
ရက်တချို့ကြာတော့ ကျန်းကျူကျွန်း ဒါကို ရှင်းရှင်းလင်းလင်း နားလည်လိုက်ပါတယ်။ လျိုကော်စစ်ဟာ ရန်သူထောက်လှမ်း ရေးက အမျိုးသားအကျဉ်းထောင်ကနေ ချုပ်နှောင်ခေါ်ဆောင်သွားတာကို ကြားသိခဲ့ရပါပြီ။ သူ့ကို စိန်းဇစ်ရှာ လွမ်းဆွတ်သတိ ရတမ်းတရင်း ဒီသီချင်းကို သီဆိုနေပေမယ့် လျိုကော်စစ်တယောက်ကတော့ ဘယ်ဆီရောက်နေပြီဆိုတာကို မသိနိုင်တော့လို့ စိုးရိမ်သောကတွေ ရောက်နေရရှာပါပြီ။
နောက်ထပ် ရက်တချို့ကြာလာပေမယ့် စိန်းဇစ်ရှာရဲ့ သီချင်းဆိုသံကို ကျန်းကျူကျွန်း နောက်ထပ်မကြားရတော့ပါဘူး။ သူဟာ လေဝင်ပေါက်ကို မှီကာ ငူငူငိုင်ငိုင်ထိုင်ရင်း ထောင်ဝင်းထဲကမြေပြန့်လေးနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ အမျိုးသားအကျဉ်း ထောင် လေဝင်ပေါက်ဆီကို လှမ်းမျှော်ကြည့်နေတော့တယ်။ ထောင်ဝင်းထဲရှိ မြေပြန်လေးအထက်က မှိုင်းပျရီမှောင်နေတဲ့ မိုးကောင်းကင်ကြီးကို လှမ်းမျှော်ကြည့်တော့လည်း နည်းနည်းမှ ခွန်အားမရှိသလိုပါပဲ။
စေ့စပ်သေချာလှတဲ့ အစ်မကြီးကျန်းဟာ ဒီပြောင်းလဲမှုကို စောစွာကတည်းက သတိထားမိပါတယ်။ ဒီပြောင်းလဲမှုဟာ ကျားစီ တုံ့ ချွေးတပ်စခန်း စခန်းမှူးလီလဲ့နဲ့ ထောက်လှမ်းရေး ၃-၄ ဦး အမျိုးသမီးအကျဉ်းထောင်ရှေ့မှာ တစုံတရာဆွေးနွေး ပြောဆို နေကြစဉ်ကတည်းက စတင်ခဲ့တာပါ။
“လျိုကော်စစ်တော့ ထွက်သွားပြီ”
“သူပြောင်းလဲမသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ သူဟာ လျိုမိသားစုရဲ့ သခင်လေးတဦးပဲလေ”
ဒါဟာ ထောက်လှမ်းရေးက တမင်သက်သက် လိမ်လုံးညာလုံးတွေ လွှင့်ထုတ်တာပဲ။ ဒါမှမဟုတ် ....။ စိန်းဇစ်ရှာ ဒါကို အထူး သတိမထားမိဘဲ မနေပါဘူး။
ကျန်းကျူကျွန်းက လျိုကော်စစ်ကို နားလည်ပါတယ်။ ထောက်လှမ်းရေးတွေ ပြောနေတာကို မယုံပါဘူး။ စိန်းဇစ်ရှာကလည်း လျိုကော်စစ်ကို နားလည်ပါတယ်၊ ဒါပေမဲ့ သူက ရေကျသွားရင် ကျောက်ဆောင်ပေါ်သလို ချက်ချင်းဖြစ်စေချင်နေတာပါ။
အမျိုးသားအကျဉ်းထောင်ဘက်က တော်တော်ကြာကြာ ဆူဆူညံညံ မူမမှန်တဲ့အသံတွေပေါ်ထွက်ခဲ့တယ်။ ဒီအသံတွေဟာ အပေါ်ထပ် အခန်းနံပါတ် ၂ က ထွက်ပေါ်နေတာ ဖြစ်တယ်။
ဒဏ်ရာရသူ သိပ်များတယ်ဆိုတာကိုလည်း ထောင်တံခါးဝမှာ မှီကပ်ပြီး အပြင်ကို လှမ်းမျှော်ကြည့်နေတဲ့ ကျန်းကျူကျွန်းဟာ အမျိုးသားထောင်ဘက်မှာ အကျဉ်းသားများကို ထောင်ဝင်းအတွင်း အလှည့်ကျ လှုပ်ရှားခွင့်ပေးတဲ့အချိန်က တွေ့မြင်လိုက် ရတာပါ။ အမျိုးသားအကျဉ်းထောင် အပေါ်ထပ်ရှိ အခန်းနံပါတ် ၁ နဲ့ အခန်းနံပါတ် ၂ တို့မှာ ချုပ်နှောင်ထားခံရသူ အရေ အတွက်ဟာ အထူးများ ပြားလှပါတယ်။ အသက်ငယ်ရွယ်သူရဲဘော်တွေလည်း များတယ်။ ဒါပေမဲ့ ပို့လာတဲ့ထောင်ထမင်းဟာ လူအနည်းအများကို မခွဲခြားဘဲ အားလုံးကို ထမင်းတပုံးစီသာ ပေးပါတယ်၊ အဲဒီအချိန်မှာ အပေါ်ထပ် အခန်းနံပါတ် ၂ က “ထမင်းသိပ်နည်းတယ်၊ လူတွေကို ထမင်းငတ် သေကုန်အောင်လို့လား”လို့ အော်ရင်း ပန်းကန်လွတ်တွေကို တီးကြ ခေါက်ကြတဲ့ အသံတွေ ပျံ့လွင့်လာပါတယ်။ ကျန်းကျူကျွန်းဟာ ကြားလိုက်တာနဲ့ သဘောပေါက်လိုက်ပါပြီ။ အပေါ်ထပ် အခန်းနံပါတ် ၂ မှာ ချုပ်နှောင်ထားသူ အရေအတွက်ဟာ အမျိုးသမီးထောင် ထက် ၁ဆ၊ ၂ဆလောက်ပိုများပါတယ်။ ဒါပေမဲ့ ထမင်းခွဲတမ်းကျတော့ အတူတူပါပဲ။ ဒီတော့ သူတို့ထမင်းမဝတော့ပါဘူး။
“ကျွန်မတို့ဆီမှာ ထမင်းတွေ ကျန်သေးတယ်”
အစ်မကြီးကျန်းဟာ အော်ပြောရင်း အပြင်ထွက်လိုက်တယ်။ အမျိုးသမီးအကျဉ်းထောင်က တိုက်ဖော်တိုက်ဖက်တွေဟာ တဆက်တည်း “အမျိုးသမီးထောင်မှာ ထမင်းတွေ ကျန်သေးတယ်” လို့ ပြိုင်တူဝိုင်းအော်ကြပါတော့တယ်။
“တာဝန်မှူး ယူလာပေးဟေ့”
အစောင့်တာဝန်ကျတဲ့ ထောက်လှမ်းရေးဟာ အမျိုးသမီးအကျဉ်ထောင်ဘက်မှာ ကျန်နေတဲ့ ထမင်းကို အပေါ်ထပ် အခန်း နံပါတ် ၂ ဆီကို ကိုယ်တိုင် ယူဆောင်သွားပါတယ်။
ဆက်တိုက် ၂ ရက်ပို့ပေးပြီးနောက် အပေါ်ထပ် အခန်းနံပါတ် ၂ က တိုက်ဖော်တိုက်ဖက်တွေက ထမင်းပို့လာပေးဖို့ ခိုင်းတဲ့ အချိန်မှာ တာဝန်ကျနေတဲ့ ထောက်လှမ်းရေးဟာ အခန်းနံပါတ် ၂ ရဲ့ တံခါးကို တွန်းဖွင့်ဝင်လာပြီး “မင်းတို့ကိုယ့်ဘာသာ သွား ယူ ကြ”လို့ ခိုင်းလိုက်ပါတယ်။
ထောက်လှမ်းရေးဟာ ကြီးကြပ်တဲ့အကြည့်နဲ့ အမျိုးသမီးထောက်ဘက်ကို ထမင်းသွားယူတဲ့ အခန်းနံပါတ် ၂ က တိုက်ဖော် တိုက်ဖက်တွေနောက်ကို ထက်ကြပ်မကွာ လိုက်ပါတော့တယ်။
အကြိမ်များလာတဲ့အခါ ထောက်လှမ်းရေးရဲ့ ကြပ်မတ်မှုဟာ တဖြည်းဖြည်း လျော့လာတယ်။ အခန်းနံပါတ် ၂ က တိုက်ဖော် တိုက်ဖက်တွေဟာ ထမင်းယူဖို့ ရောက်လာပါပြီ။ ရောက်လာတဲ့လူက ထမင်းပုံးကို ဆွဲရင်း အစ်မကြီးကျန်းကို “သူက အစ်မကြီးကျန်းကို နှုတ်ဆက်ကြောင်း ပြောလိုက်ပါတဲ့”။ ပြောပြီး အပေါ်ထပ်ကို ကမန်းကတမ်း တက်သွားတော့တယ်။
ကျန်းကျူကျွန်းဟာ အခန်းနံပါတ် ၂ ကို လှမ်းမျှော်ကြည့်လိုက်တော့ ဟာလာဟင်းလင်းဖွင့်ထားတဲ့ တံခါးဝမှာ ရှချွမ်းတုန်ရဲ့ ဒေသပါတီကော်မတီဝင် ‘ယန်ယွီစန်’မတ်တတ်ရပ်နေတာကို တွေ့လိုက်ရပါတယ်။ သူက ကျန်းကျူကျွန်းကို ပြုံးပြခေါင်းညိတ် နှုတ်ဆက် လိုက်ပါတယ်။
အစ်မကြီးကျန်းကလည်း ယန်ယွီစန် ကို အသံမပြုဘဲ ပြုံးကာခေါင်းညိတ်ပြရင်း နှုတ်ဆက်လိုက်ပါတယ်။
ယန်ယွီစန်ရဲ့ ပိန်လှီဖျော့တော့တဲ့ ခန္ဓာာကိုယ်ဟာ တင်္ဒဂအတွင်း ထောင်တခါးနဲ့ကွယ်သွားလို့ မမြင်ရတော့ဘဲ ပျောက် ကွယ်သွားပါတော့တယ်။
“ယန်ယွီစန်ဟာ ဝမ်ရှင့်မှာကတည်းက ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရပေမယ့် ကြံ့ခိုင်တဲ့ တော်လှန်ရေးဇွဲသတ္တိနဲ့ နောက်ဆုံးမှာ ခိုင်ခိုင်မာမာ ပေါ်ထွက်လာသူပါ။ ဒါပေမဲ့ သူအဖမ်းခံရစဉ်မှာ စာသင်ခန်းအတွင်းမှာ သူဟာ မြေဖြူကိုပစ်ချခဲ့ရပြီး ထောက် လှမ်းရေးတွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားမှုကို ခံခဲ့ရသူပါ။ သူဟာ ကုံးကောက်စရာမရှိအောင် မွဲပြာကျသူ ဖြစ်ပါတယ်။ ချွေးတပ် စခန်းအတွင်း ပူအိုက်လှတဲ့နွေရာသီမှာ တောင့်ခံကျော်ဖြတ်သွားလို့ရပေမယ့် ဆောင်းရာသီရောက်ရင် ဘယ်လိုလုပ် ဖြတ် ကျော် ရပါ့မလဲ”လို့ ကျန်းကျူကျွန်း မစဉ်းစာဘဲ မနေနိုင်ပါဘူး။
၂၃။ လေထဲမိုးထဲမှာ
အရှိန်အဟုန်ပြင်းလှတဲ့ ဝါးပြားခေါက်သံတွေ အတော်ကြာကြာမြည်လာပြီး ကျားစီတုံ့ ချွေးတပ်စခန်းဝင်း မြေပြန့်ဘေးက တခါးမည်းမည်းကြီးပွင့်လာတယ်။ ပိန်ပိန်ပါးပါး အရပ်မနိမ့်မမြင့် လူငယ်တယောက်ကို ချုပ်နှောင်ဖမ်းဆီးသွင်းလာတယ်။ အမျိုးသားထောင် အပေါ်ထပ်အခန်းနံပါတ် ၁ မှာ ထည့်ပြီးသော့ပိတ်ထားလိုက်တယ်။
ထောင်အတွင်း အခန်းအချင်းချင်း ဆက်သွယ်တဲ့ လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းပေါက်မှတဆင့် အပေါ်ထပ်အခန်း ၁ မှ တိကျမှန်ကန်တဲ့ သတင်းပေါ်ထွက်လာပါတယ်၊ ရောက်လာတဲ့လူဟာ ‘လော်ကွမ်းပင်း’။ ကူမင်တန်တပ်ဖွဲစု သေနာပတိ လော်ကွမ်းဝင်ရဲ့ ညီအရင်းတဲ့။
သူဒီကို ဘာလုပ်ဖို့ ရောက်လာပါလိမ့်။ ချွေးတပ်စခန်းမှာ အကျဉ်းချခံထားရသူ တိုက်ဖော်တိုက်ဖက်တွေအတွင်း ဟွာယဉ် တောင်လက်နက်ကိုင် ပုန်ကန်မှုအတွင်း ပါဝင်ဖူးတဲ့သူ ၃-၄ ဆယ်ရှိတယ်။ အဲဒီပုန်ကန်မှုဟာ လော်ကွမ်းဝင်ရဲ့ တပ်ဖွဲ့စုရဲ့ နှိမ်နင်းမှုနဲ့ ကြုံတွေ့ရင်ဆိုင်လိုက်ရပြီး လော်ကွမ်းဝင်တပ်ဖွဲ့စုရဲ့ ဖမ်းဆီးကြိုးတုပ်ချည်နှောင်ကာ ဒီချွေးတပ်စခန်းကို အပို့ခံ လိုက်ကြရတာပါ။ လော်ကွမ်းဝင်ရဲ့ညီ ဒီမှာ ပေါ်လာတယ်ဆိုရင်တော့ အကျဉ်းထောင်အတွင်း ချက်ချင်းပြင်းထန်တဲ့ အချင်းပွား စရာဖြစ်ကုန်တော့မှာပဲ။
အခန်းနံပါတ် ၁ မှာ အတူနေရမယ့် တိုက်ဖော်တိုက်ဖက်တွေက ချက်ချင်းစည်းရုံးးပြီး ရောက်လာတဲ့လူကို တင်းတင်းကျပ်ကျပ် သီးသန့် ထားပြီး စစ်ဆေးလိုက်တယ်။
သတင်းဟာ ချက်ချင်း အမျိုးသမီး အကျဉ်းထောင်သို့ ပျံ့လွင့်ရောက်ရှိသွားတယ်။
“သူ ဘယ်လိုများ ဖြစ်ပါလိမ့်”
အခန်းနံပါတ် ၁ မှ အကျဉ်းသားတွေ ထောင်ဝင်းအတွင်း ခေတ္တလှုပ်ရှားမှု စတင်ပါပြီ။ အခန်း(၁) မှ တိုက်ဖော်တိုက်ဖက်တွေ တယောက်ပြီးတယောက် အပေါ်ထပ်မှ ဆင်းလာပြီး မြေဝင်းအတွင်း မြေပြန့်လေးဆီသွားကာ ခေတ္တလှုပ်ရှားကြ၊ အိမ်သာ တက်ကြ လုပ်နေပါတယ်။
ကျန်းကျူကျွန်းဟာ အမျိုးသမီးထောင်တံခါးဝမှာ မီပြီး ရိပ်ခနဲတချက် မြင်လိုက်ရတာမို့၊ အသစ်ရောက်လာသူဟာ ထင်မှတ် ထားတဲ့အတိုင်း လော်ကွမ်းပင်းပါပဲ။ သူ့ရဲ့ကြီးမားလှပြီး အနည်းငယ်ထင်ရှားပေါ်လွင်တဲ့ မျက်လုံးတွေကို သူ မြင်တွေ့လိုက် ရပါတယ်။ သူ့ရဲ့ တခုလုံးဟန်အမူအရာ မျက်နှာထားဟာ စိတ်သဘောထား ရိုးးရှင်းပြီး ဘာမှ ကြောက်ရွံ့တတ်သူမဟုတ်ပါ။ သူ ချက်ချင်း သဘောပေါက် နားလည်လိုက်ပါပြီ။ သစ္စာဖောက် ရန်ယိစစ်ဟာ သူ့ကို ရောင်းစားလိုက်ပြန်ပါပြီ။ ရန်သူထောက် လှမ်းရေးဌာနက သူ့အပေါ် တခုခု အကောက်ကြံနိုင်တယ်။
ကျန်းကျူကျွန်းဟာ လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းမှတဆင့် အခန်းနံပတ် ၁ က တိုက်ဖော်တိုက်ဖက်များအား “သူ့ ကို ကျွန်မ သိကျွမ်း နားလည်ပါတယ်။ လော်ကွမ်းပင်းဟာ ရဲဘော်ကောင်းတယောက်ဖြစ်တယ်”လို့ ပြောပြလိုက်ပါတယ်။
အခန်းနံပါတ် ၁ က လော်ကွမ်းပင်းကို သီးသန့်ထားစစ်ဆေးမှုဟာ ပြီးဆုံးသွားပါပြီ။ ရန်သူထောက်လှမ်းရေးတွေဟာ လော်ကွမ်းပင်းနဲ့ လျိုကော်စစ်တို့အကြား အကောက်ကြံပြီး ဝင်နှောက်ယှက်နိုင်တယ်။ သစ္စာဖောက် ရန်ယိစစ်ဟာ သူတို့ နှစ်ဦးစလုံးကို သိထားသူဖြစ်ပြီး အစောပိုင်းကတည်းက ကူမင်း(ခွန်းမင်) မှာ အချင်းချင်းသိထားနှင့်ကြပြီး အဲဒီဆက်ဆံမှုတွေ ကို ရောင်းစားထားနှင့်ပြီးသား ဖြစ်နိုင်ပါတယ်။
ဟယ်လီလိရဲ့ ခင်ပွန်းလည်းဖြစ် တိုက်ဖော်တိုက်ဖက်လည်းဖြစ်တဲ့ ရဲဘော်ကျုံချို့ယွင်က ကျန်းကျူကျွန်းကိုလည်း အမျိုးသား ထောင်မှ မြင်တွေ့နေရပါတယ်။ သူဟာ အောက်ထပ် အခန်းနံပါတ် ၁ မှာ အကျဉ်းချခံထားရသူဖြစ်တယ်။ အပြင်မှာ ရှိတုန်းက ဟယ်လီလိရဲ့ အခြေအနေကို နည်းနာရှာပြီး သူ့ကိုပြောထားသင့်တယ်လို့ ကျန်းကျူကျွန်း ခံစားမိတယ်။
ဝါးပြားခေါက်တဲ့အသံတွေ မြည်လာတိုင်း တော်လှန်ရေးသမား အဖမ်းခံအကျဉ်းသားသစ်တွေဟာ မှောင်အတိ ဖုံးလွှမ်းနေတဲ့ ချွေးတပ်စခန်းသို့ ရောက်လာလေ့ရှိပါတယ်။
ပူအိုက်လှတဲ့ နွေရာသီဟာ တစတစနဲ့ အပူချိန်သက်သာလာပါပြီ။ မနက်စောစောနဲ့ ညဘက်တွေမှာ အပူသက်သာလာပြီး အအေးဓာတ်စတင် သက်ဝင်လာပါပြီ။ အဲဒီနေ့က မနက်စောစောမှာ ထောင်ရဲ့အပြင်ဘက်မှ အရှိန်အဟုန်ပြင်းထန်တဲ့ ဝါးပြားခေါက်သံတွေ ကြားနေရပြီး ကားရပ်ကွင်းမှာ ကားရပ်သံတွေလည်း ကြားရပါတယ်။ ဒါပေမဲ့ ချုပ်နှောင်ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ ချွေးတပ်စခန်းဝင်းထဲက မြေပြန့်ကွက်လပ်ကလေးထဲကို သွင်းလာတာလည်း မတွေ့ရသလို ထောက်လှမ်း ရေးတွေ ဂမူးရှူးထိုးဝင်လာတာလည်း မတွေ့ရလို့ လူတွေ ဇဝေဇဝါဖြစ်နေကြတယ်၊
နောက်ဆုံးမှာ တာဝန်ကျ ချွေးတပ်စခန်းစောင့် ထောက်လှမ်းရေးဟာ သော့တွဲတတွဲကို ဆွဲပြီး ထောင်အပေါ်ထပ်သို့ ခြေလှမ်း ကျဲကျဲနဲ့ ထွက်သွားတာ မြင်တွေ့လိုက်ရတယ်။ စခန်းထောက်လှမ်းရေးဟာ အပေါ်ထပ်ရှိ အခန်းနံပါတ် ၁ တံခါးကို တွန်းဖွင့် လိုက်ပြီး “လော်ကွမ်ပင်း ထွက်ခဲ့”လို့ အသံကျယ်ကျယ် အော်လိုက်တယ်။
တဆက်တည်း လော်ကွမ်ပင်းကို ထောက်လှမ်းရေးက ချုပ်နှောင်ပြီး ထောင်ဝင်းအတွင်းက မြေပြန့်လေးကို ဖြတ်၊ ထောင်ဝင်း တံခါးမည်းမည်းကြီးရဲ့အပြင်သို့ ခေါ်ဆောင်သွားတာကို အကျဉ်းသားတွေ တွေ့လိုက်ကြရတယ်။
“ထပ်မံစစ်ဆေးဦးမလို့များလား”
“မဟုတ်လောက်ဘူး၊ သာမန်စစ်ဆေးတာမျိုးတော့ ဟုတ်ဟန်မတူဘူး။ သစ္စာဖောက်ရန်ယိစစ်ကလည်း ရောက်နေတာ”
“လျိုကော်စစ်ကို မနက်စောစောက အိမ်ဖြူတော် အကျဉ်းထောင်ကို ပြောင်းလိုက်ပြီမဟုတ်လား။ သူဘယ်လို ပြန်လာမလဲ”
လူတွေဟာ ထောင်တွင်းလျှို့ဝှက်စာပို့ရေး လမ်းကြောင်းပေါက်မှ သတင်းအမြောက်အမြားကို ရရှိကြတယ်။ ဒါတွေအားလုံး ကို စိန်းဇစ်ရှာလည်း သိတယ်။ လော်ကွမ်ပင်းကို ဆင့်ခေါ်စစ်ဆေးခံနေရပြန်ပြီဆိုတာ ချက်ချင်းသူ ဂရုစိုက်လိုက်မိပါတယ်။ လျို ကော်စစ် ပြန်လာပြီ ဆိုတာလည်း ပြောသံကြားလိုက်ရလို့ သူ့ခမျာ တဒိတ်ဒိတ်နဲ့ မရပ်မနား နှလုံးခုန်နေတော့တယ်။ သူ “ပြောင်းလဲသွားပြီ”လို့ မပြောကြဘူး မဟုတ်လား။ “ပြောင်းလဲသွား”ရင်လည်း အိမ်ဖြူတော်က ဘယ်လိုလုပ် ပြန်လာဦးမလဲ။ သူနဲ့ လော်ကွမ်ပင်းတို့ဟာ ဘယ်လိုဆက်စပ်မှုတွေများ ရှိနေဦးမလဲ....။
စိန်းဇစ်ရှာဟာ နားမလည်ဝေခွဲမရတဲ့ အကြည့်နဲ့ လေဝင်ပေါက်ကနေ အပြင်သို့ ကြည့်နေရာက ထောင်တွင်းဘက်ကို လှည့် လိုက်ပြီး လေဝင်ပေါက်အပြင်သို့ ကြည့်နေတဲ့ ကျန်းကျူကျွန်းကို စောင်းငဲ့ကြည့်လိုက်တယ်။ ကျန်းကျူကျွန်းဟာ စိန်းဇစ်ရှာရဲ့ နှလုံးသားကိစ္စကို သိခဲ့သူမို့ စိန်းဇစ်ရှာရဲ့ ဝေခွဲမရဘဲ တွေဝေမိန်းမောနေတဲ့ မျက်လုံးတွေကို ဂရုတစိုက်အကဲခတ်ကြည့်ရင်း “ဇစ်ရှာ - ကျွန်မ ပြောတာကို နားထောင်ကြည့်ပါဦးနော်၊ ကျွန်မကြည့်တာကတော့ ဘာမှဖြစ်လာလိမ့်မယ် မထင်ပါဘူး၊ ခဏစောင့်ပါဦး၊ ရှောက်လော် ပြန်လာရင် ဘာမဆို အားလုံး ရှင်းအောင်လုပ်နိုင်ပါလိမ့်မယ်”လို့ အသံတိုးတိုးလေးနဲ့ ပြော လိုက်တယ်။
အစ်မကြီးကျန်းဟာ အားလုံးကို ထိုးထွန်းသိမြင်ထားသလိုပါပဲ။ သူက ဒီလောက်ယုံကြည်စိတ်ရှိရှိနဲ့ ပြောနေတော့ စိန်းဇစ်ရှာ လည်း အတော့်ကို တည်တည်ငြိမ်ငြိမ် ဖြစ်သွားတော့တယ်။
အကျဉ်းထောင်အတွင်းမှာ အလွန်ကို တိတ်ဆိတ်ငြိမ်သက်နေပါပြီ။ အကျဉ်းသားတွေဟာ တဦးနဲ့တဦး ရင်းရင်းနှီးနှီး ပူးပူး ကပ်ကပ် နေနေကြတာမို့ ဒီအချိန်မှာ နှလုံးခုန်သံကို အချင်းချင်းကြားနေရသလိုပါပဲ။
အချိန်ဆိုတာ စောင့်ဆိုင်းနေရင်း တမိနစ်ပြီးတမိနစ် ဖြည်းဖြည်းခြင်းနဲ့ ကုန်ဆုံးသွားတာမျိုးပါ။
“ဝုန်း”။ ထောင်ဝင်းအတွင်း မြေပြန့်လေးဘေးမှ တံခါးမည်းမည်းကြီး ပွင့်သွားပါပြီ။ မဲမဲသဲသဲ ပိန်ပိန်ပါးပါးနဲ့ လော်ကွမ်ပင်းရဲ့ ကိုယ်နေဟန်ထားမျိုးနဲ့ လူတယောက် ထောင်ဝင်းအတွင်းက မြေပြန့်ကလေးထဲကို လက်ခနဲဝင်လာပေမယ့် စိန်းဇစ်ရှာနဲ့ သူတို့တတွေ ဘယ်လိုမှ သူ့ရဲ့ မျက်နှာအသွင်အပြင်ကို မမြင်လိုက်ရပါဘူး။ သူ့ကို ချုပ်နှောင်လာပို့တဲ့ ထောက်လှမ်းရေးရဲ့ မြင့်မားကြီးထွားလှတဲ့ ခန္ဓာကိုယ်ကြီးက လော်ကွမ်ပင်းရဲ့ မျက်နှာကို ကွယ်နေလို့ပါပဲ။ လော်ကွမ်ပင်း အပေါ်ထပ်ကို တက်တဲ့ လှေကားကို နင်းလိုက်တော့မှ သူ့ရဲ့ ခန္ဓာကိုယ်ဟာ သူ့နောက်မှာ ရှိနေတဲ့ ထောက်လှမ်းရေးထက် တဝက်လောက် မြင့်တဲ့အချိန်ကျမှ အမျိုးသမီးအကျဉ်းထောင်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်လို့ စိန်းဇစ်ရှာနဲ့ သူတို့တတွေ သူ့မျက်နှာကို ဖျတ် ခနဲ တွေ့လိုက်ကြရတာပါ။ လော်ကွမ်ပင်းဟာ ပွင့်လင်းရိုးသား တည်ငြိမ်တဲ့ မျက်နှာအသွင်အပြင်နဲ့ သူတို့ကို ပေးလိုက်တဲ့ သတင်းကတော့ “သူ ထပ်မံပြန်ရောက်လာပြီ၊ သူဟာ အရင်က သူပါပဲ။ သူ ဟာ ပိုမိုများပြားလှတဲ့ အနက်အဓိပ္ပာယ်သဘော ဆောင်လာနေသလိုမို့ သူတို့အဖို့ ခန့်မှန်းတွက်ဆဖို့တောင် အလွန်ခက်ခဲနေပါ တော့တယ်။
“အစ်မကြီးကျန်း” “ရှောက်လော်ဟာ ကော်စစ်နဲ့ တွေ့မှတွေ့ရဲ့လား”။ စိန်းဇစ်ရှာက သူ့ဘာသာ ပြောသလိုနဲ့ မေးလိုက် တယ်။
“သိပ်တွေ့နိုင်တာပေါ့။ သူ အခုတော့ တို့ကို မပြောနိုင်သေးဘူးပေါ့။ သူ နည်းနာရှာပြီး တို့ကို ပြောလာပါလိမ့်မယ်”
အချိန်ဟာ စောင့်နေရင်းကပဲ တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွားခဲ့ပြီ။ ဒီလိုနဲ့ တနေ့ ကုန်တော့မှာပါကလား”
နောက်တနေ့ ရောက်ပြန်တော့ ထုံးစံအတိုင်း ထောင်ဝင်းအတွင်း ဆင်းပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ရန် လွှတ်ပေးတဲ့အချိန် ရောက်လို့လာပြန်ပါပြီ။ အပေါ်ထပ် အခန်း (၁) ထောင်ဝင်းအတွင်းဆင်းပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ရန် လွှတ်ပေးတဲ့အချိန် ရောက်တဲ့အခါ စိန်းဇစ်ရှာဟာ အပေါ်ထပ်ကနေ ထောင်ဝင်းအတွင်း မြေပြန့်ကလေးဆီ ကိုယ်လက်လှုပ်ရှားဖို့ ဆင်းလာတဲ့ တိုက်ဖော်တိုက်ဖက်တွေကို တမျှော်တည်းမျှော်ရင်း ဂရုစိုက်ကြည့်နေမိတယ်။ မျက်လုံးကြီး နှစ်လုံး ပုတ်ခတ်ပုတ်ခတ်နဲ့ လော် ကွမ်ပင်းဟာ ထောင်ဝင်းအတွင်းက မြေပြန့်ကလေးထဲမှာ ဖြည်းညှဉ်းသက်သာစွာ စတင်လမ်းလျှောက်နေရင်း အမျိုးသမီး အကျဉ်းထောင်နား ချဉ်းကပ်သွားပြီး သူရဲ့ မျက်လုံးတွေကို အစ်မကြီးကျန်းဘေးမှာ ကျောက်ချထားလိုက်ပါတယ်။ ဒါပေမဲ့ ထောင်စောင့်ထောက်လှမ်းရေးရဲ့ အရိပ်အယောင်ကို ရုတ်တရက် ဖျတ်ခနဲတွေ့လိုက်တာနဲ့ ကိုယ်ကိုပြန်ယို့လိုက်ပြီး ဖြည်းဖြည်း ခြင်း ပြန်လှည့်သွားရတော့တယ်။
ထောင်ဝင်းအတွင်း အကျဉ်းသားများ ခေတ္တလှုပ်ရှားမှုခွင့်ပြုထားတဲ့ အချိန်ပြည့်လို့ အခန်းတွင်းပြန်ဝင်ရန် ပြင်းပြစူးရှတဲ့ ခရာ သံ ပေါ်လာပါပြီ။ အပေါ်ထပ် အခန်းနံပါတ် ၁ မှ တိုက်ဖော်တိုက်ဖက်တွေဟာ လှုပ်ရှားနေရာကနေ အဆောင်လှေကား ဘက်ဆီသို့ အသီးသီး ချက်ချင်းလျှောက်သွားကြတယ်။ ထောင်စောင့် ထောက်လှမ်းရေးတဦးဟာ နောက်ဆုံးကနေ လှေကား ကို တက်လိုက်လာပြီး အပေါ်ထပ် အခန်း ၁ တံခါးရှေ့မှာ ရပ်ကာ အခန်းထဲသို့ ပြန်ဝင်လာတဲ့ လူကိုရေတွက်စစ်ဆေးပါတယ်။ ထောင်ဝင်းထဲက မြေပြန့်လေးထဲမှာတော့ ထောက်လှမ်းရေးတွေရဲ့ အရိပ်အယောင်ကို မတွေ့ရတော့ပါဘူး။ နောက်ဆုံးက သွားရင်း အမျိုးသမီးထောင်ဘက်ကို ချဉ်းကပ်ကာ ကျောက်လှေကားကို တက်တော့မယ့် လော်ကွမ်ပင်းဟာ လေးဘက်လေး တန်မှာ ထောက်လှမ်းရေး မတွေ့တော့တာနဲ့ လက်ထဲက စက္ကူလုံးတလုံးကို အမျိုးသမီးထောင် အစ်မကြီးကျန်း ရှိတဲ့နေရာသို့ ရုတ်တရက် ပစ်ချလိုက်ပါတယ်၊ ပြီးမှ အပေါ်ထပ်တက်ဖို့ ခပ်အေးအေး ဟန်မပျက် ကျောက်လှေကားတွေပေါ်နင်းတက်သွား တော့တယ်။
အပေါ်ထပ် အခန်း ၁ ရဲ့ တံခါးဟာ “ဝုန်း”ခနဲ ပြင်းပြင်းထန် တချက်မြည်သွားပြီး လော်ကွမ်ပင်းရဲ့ နောက်ဘက်မှာ တံခါး ဟာ ပိတ်သွားတော့တယ်။
အဲဒီအချိန်မှာ ထောက်လှမ်းရေးတသိုက်ဟာ ထောင်ဝင်းထဲက မြေပြန့်ကလေးဘေးရှိ တံခါးမည်းမည်းကြီးမှ အပြေးအလွှား ဝင်လာတာကို တွေ့လိုက်ရတယ်။ အမျိုးသမီးအကျဉ်းထောင်ရှေ့မှာလည်း ကင်းတွေချက်ချင်း စီစဉ်ချထားလိုက်တယ်။ ပြီးနောက် အပေါ်ထပ်ကို တဟုန်ထိုး တက်သွားကြပြီး အပေါ်ထပ် အခန်းတွေ ရှေ့စင်္ကြံမှာ ကင်းတပ်စုတစု ချလိုက်တယ်။
“ချက်ချင်း မွှေနှောက်ရှာဖွေ စစ်ဆေးကြစမ်း”
ထောင်အာဏာပိုင်ဟာ တချက်လွတ် အမိန့်ချလိုက်တယ်။ အမျိုးသမီး အကျဉ်းထောင်နဲ့ အပေါ်ထပ်အခန်းနံပါတ် ၁ ရဲ့ အကျဉ်းခန်းတံခါးတွေဟာ “ဝုန်း”ခနဲ ပွင့်လာတယ်။ ပထမဆုံး အကြိမ် ဘာအရိပ်အယောင်မှ မရှိဘဲ ရုတ်တရက်ထိုးစစ်ဆင် စစ်ဆေး ရှာဖွေလိုက်တာဖြစ်တယ်။ ဘာပြဿနာများ ပေါ်လို့ပါလိမ့်။ ဘယ်သူမှလည်း မသိပါဘူး။ အမျိုးသမီးထောင်၊ အပေါ်ထပ် အခန်း ၁ တို့မှာ သံသယပွားစရာ ပစ္စည်းဆိုလို့ ဘာမှ ရှာမတွေ့ပါဘူး။ အခန်းနံပါတ် ၁ က လော်ကွမ်ပင်းကိုတော့ ထောင်မှူးက ခေါ်ထုတ်လိုက်ပြီး “မင်း အမျိုးသမီးထောင်ဘက်ကို ဘာပစ်ချလိုက်သလဲ။ ပြော-ပြောစမ်း” လို့ စစ်မေး ပါတော့ တယ်။
“ငါ ဘာမှ မသိဘူး”“အားလုံးနဲ့အတူ ခုနက ထောင်ဝင်းအတွင်း လှုပ်ရှားမှုအချိန်စေ့လို့ ဒီကို လျှောက်လာတာပဲ”လို့ လော်ကွမ်ပင်းက ရှင်းပြလိုက်တယ်။
“ဟင်း”“မင်းပါးစပ်က ဝန်မခံသေးဘူးကိုး။ မင်းစာ ဘယ်သူမှ မမြင်ဘူး ထင်နေလို့လား။ မဟုတ်ဘူးကွ။ မင်းကသာ လူကို မမြင်တာ။ ဒီပိတ်ထားတဲ့ ထိပ်မှာ ကွယ်ပုန်းနေတဲ့လူ ရှိတယ်ကွ။ မင်းအမျိုးသမီးထောင်ဘက်ကို တခုခု ပစ်ချလိုက်တာ သူကိုယ်တိုင် မျက်စိနဲ့ တပ်အပ်တွေ့လိုက်တာ” လို့ ထောင်မှူးက စက်ဆုပ်ရွံရှာဖွယ် ကြမ်းတမ်းစွာ ရယ်ရင်း ပြောပါတယ်။
“ကျုပ်က တစုံတခု ပစ်ချတယ်လို့ ပြောရအောင် ဘာ အထောက်အထားရှိလို့လဲ”
“အထောက်အထား မရှိလို့ မင်းကိုဘယ်လိုမှ မလုပ်နိုင်တော့ဘူးတဲ့လား”။ “လာစမ်း၊ ဒီကောင်ကို ၂ ဖက်စလုံး သံခြေကျင်း လေးလေးခတ်ထားလိုက်၊ လုပ်ရဲသေးသလားလို့ သူ့ကို ကြည့်ထားလိုက်စမ်း” လို့ ထောင်မှူးက အော်ဟစ်အမိန့်ပေးလိုက် တယ်။
လေးလံလှတဲ့ သံခြေကျင်းအစုံကို “တချွင်ချွင်”ဆွဲပြီး ထောင်ဝင်းအတွင်းက မြေပြန့်ဆီ သွားလိုက်။ အပေါ်ထပ်ကို တက်လိုက် မို့ ထောက်အဆောက်အဦးရဲ့ ကြမ်းပြင်ကို အထပ်ထပ်ထိကာ မြည်နေတော့တယ်။
အပေါ်ထပ် အခန်း ၁ မှ သံခြေကျင်းသံတွေ ထွက်ပေါ်လာနေတယ်။
စိန်းဇစ်ရှာဟာ ကဏာမငြိမ်ဖြစ်ကာ ကျန်းကျူကျွန်းဆီ ရှောက်လာရင်း အစ်မကြီးကျန်းရဲ့ မျက်နှာပေါ်မှာ ကျေနပ်မှုရတဲ့ အပြုံး တွေနဲ့ ဝင်းလက်နေတာကို ရုတ်တရက် မထင်မှတ်ဘဲ တွေ့လိုက်ရတော့-
“အစ်မကြီးကျန်း ရှောက်လော်ဟာ အမျိုးသမီးထောင်ဘက်ကို ဘာမှ ပစ်မချဘူးလား”
“ဒါပေါ့”
“ကျွန်မလည်း ဘယ်လိုမှ မတွေ့လိုက်ပါလား။ အဲဒီတုန်းက ကျွန်မလည်း လေဝင်ပေါက်ဘေးမှာ ရပ်နေတာပဲ မဟုတ်ဖူးလား”
“ဇစ်ရှာ၊ ဇစ်ရှာ အဲဒီမှာ ရပ်နေတာပေါ့။ မျက်စိကလည်း အဲဒီကို ကြည့်နေတာပဲ။ ထောက်လှမ်းရေးတွေ ဘာကြည့်နေသလဲ ဆိုတာကို စိုးရိမ်နေတာလေ”
“ဒါဖြင့် ရှောက်လော်က ကျွန်မတို့ဆီ တခုခု ပစ်ချမပေးဘူးလား”
“စာရွက်လုံး တလုံး”
“ဘယ်မှာလဲ။ ထောက်လှမ်းရေးတွေ ဘာမှ ရှာတွေ့မသွားဘူး မဟုတ်လား”
“ကျွန်မကြည့်ပြီးတာနဲ့ မြိုချပစ်လိုက်ပြီလေ”
“စိန်းဇစ်ရှာဟာ အတိုင်းထက်အလွန် စိတ်လှုပ်ရှား တက်ကြွသွားပြီး၊ အစ်မကြီးကျန်းရဲ့ ပခုန်းကိုဖက်ကာ သူ့ခေါင်းကို အစ် မကြီးကျန်းရဲ့ ခေါင်းကို မှီထားလိုက်ပါတယ်။ အဲဒီနောက်မှ အစ်မကြီးကျန်းရဲ့ နားနားကို ကပ်ပြီး အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်။
“သူ-သူ့ကိုတွေ့တယ် မဟုတ်လား။ ဟုတ်တယ်မဟုတ်လား။ ပြောပါဦး”
အစ်မကြီးကျန်းကလည်း အသံတိုးတိုးလေးနဲ့ ဖြေလိုက်တယ်။ “ဟုတ်တယ်လေ။ ကော်စစ်နဲ့ တွေ့တာပေါ့။ ဟိုရွံစရာအ ကောင်။ သစ္စာဖောက်အကောင်နဲ့တောင် တွေ့ခဲ့သေးသတဲ့”
“အစ်မကြီးကျန်း ကော်စစ်ဘယ်လိုလဲဆိုတာကိုကော သူမပြောဘူးလား”
“ရှောက်လော်က ဇစ်ရှာကို ပြောချင်တာတဲ့”
“ကျွန်မကို ဘာပြောချင်တာတဲ့လဲ”
“သူဟာ အရင်ကလို သတ္တိရှိတဲ့၊ ပြတ်သားကြံ့ခိုင်တဲ့သူတဲ့။ သူတို့ ၂ ယောက်စလုံး ကူမင်းမှာ ကျောင်းတက်စဉ်က အချင်း ချင်း သိထားကြတာ။ တခြားဘာကိစ္စမှ မသိဘူးလို့ ပြောလိုက်ကြတာတဲ့။ ယွီယွင့်ကျွီလည်း ဘယ်လိုမှ မတတ်နိုင်တော့လို့ နောက်ဆုံးမှာ အကျဉ်းထောင် အိမ်ဖြူတော်သို့ ပြန်ပို့ခိုင်လိုက်ရတော့တယ်”တဲ့။
(ဆက်လက်ဖော်ပြသွားပါမည်)