စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday52
mod_vvisit_counterYesterday169
mod_vvisit_counterThis week708
mod_vvisit_counterLast week1243
mod_vvisit_counterThis month1433
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51688

Online Guests: 7
Your IP: 38.107.191.86
,
Today: Sep 09, 2010
ဝတ္ထုတို
နောက်ဆုံးအနည်းဆုံး အာဖရိက

နောက်ဆုံး အနည်းဆုံး အာဖရိက

 

(၁)

 

မြို့ပေါ်လမ်းမတွေမှာ အမှိုက်သိမ်းဖို့ မှောင်နဲ့မဲမဲ  သူမအိပ်ရာထပြီးနောက်၊နှစ်ဒေါ်

လာထက်နည်းတဲ့ငွေနဲ့အစားအသောက်ဝယ်ဖို့ သူမနှစ်နာရီလောက်လမ်းလျှောက်

ပြီးနောက်၊ ပူပြင်း တဲ့မွန်းတည့်နေမှာ    သူမနှစ်နာရီလောက် ချက်ပြုတ်ပြီးနောက်၊ ဖန်တာ လင်ဂနီ  ဟာ သူ့ မိသားစုအတွက် တနေ့တာရဲ့ တနပ်ထဲသောထမင်းပွဲကို ဖြည့်စည်းပေးခဲ့တယ်။   ဦးစွာ သူမဟာ သစ်ရွက် ငါးခြောက်နဲ့ပြာမှုန့်တို့ ခပ်ထားတဲ့ ပြောင်းနှစ်မုန့်ပြားတဒယ်ကို ခလေးငယ်၁၁  ယောက်အတွက်တည်တယ်။ခလေး တွေကလက်ဗလာနဲ့ ဖဲ့စားကြတယ်။

 

ဒီနောက်သူ့ယောက်ျားအတွက်တဒယ်တည်တယ်။ ခလေးကြီးတဒာဇင်အတွက် နှစ်ဒယ်တည်တယ်။လူတိုင်းအတွက်ပြီးမှနောက်ဆုံးသူ့အတွက်တဒယ်တည်တယ်၊သူမဟာအမြဲတမ်းနောက်ဆုံးမှစားတယ်။

 

အစားအသောက်ဈေးတွေ နှစ်ဆနီးပါးတက်မလာခင် လွန်ခဲ့တဲ့နှစ်က  လင်ဂနီ

ဟာတနေ့သုံးနပ်ကို အသား ဆန် ဟင်းသီးဟင်းရွက်တို့နဲ့ စားနိုင်တယ်။ ယခုအခာ

မှာတော့  မုန့်ပြားသက်သက်  ပလုပ်ပလောင်းနှစ်လုပ်စာနဲ့   နောက်နေ့အထိ   ခံ        အောင်နေကြရတယ်။

 

နှုတ်ခမ်းသားနီနေတဲ့    မျက်လုံးများကို   ပွတ်လိုက်ပြီး   မြေကြီးပေါ်ကျနေတဲ့ သစ်ရွက်ညွန့်တခက်ကို   ကောက်ဝားပြီးနောက်  လင်ဂနီဟာ   သူမရဲ့ နောက်ဆုံး မုန့်တဖဲ့ကို ခလေးတွေကို ကြွေးလိုက်တယ်။

 

"ငာမဆာဘူး"လို့ သူမကပြောတယ်။

အနောက်အာဖရိကရဲ့ အလယ်မှာရှိတဲ့ ဘာကီနာဖာဆို  Burkina Faso   လို ဆင်းရဲတဲ့နိုင်ငံမှာ ထမင်းစားချိန်ဟာ အမျိုးသမီးများကို  ပူပင်သောက     ရောက်

စေတယ်။သူတို့ဟာအစားအစာရှာရတယ်၊ရေခပ်ရတယ်၊ဈေးသွားရတယ်၊ထမင်းချက်ရတယ်။ဒာပေမဲ့ စားချိန်တန်တဲ့အခာ ယောက်ျားနဲ့ခလေးများက   အရင်စားပြီး အမျိုးသမီးများက နောက်ဆုံးနဲ့ အနည်းဆုံးပဲစားတယ်။

ကုလသမဂ္ဂ   ကမ္ဘာ့စားနပ်ရိက္ခာ  စီမံကိန်း(WFP)ရဲ့         ထုတ်ပြန်ချက်အရ ယမန်နှစ်က အစားအစားနဲ့ လောင်စာဈေးတွေ မြင့်တက်လာမှုက အာဖရိက အာရှ နဲ့ လက်တင်အမေရိက တဝှမ်း မှာရှိတဲ့ လူဦးရေသန်း၁၃၀ ကျော်ကို ဆင်းရဲတွင်း နက်သထက်နက်စေခဲ့တယ်။    ဒာပေမဲ့ သန်းပောင်းများစွာသော ယောက်ျားများနဲ့ ခလေးများဟာ ငတ်မွတ်နေတာ မှန်သော်လည်း အမျိုးသမီးများဟာ အငတ်ဆုံးနဲ့ အရေအထူဆုံးဖြစ်တယ်။

 

"ဒာဟာယဉ်ကျေးမှု ဖြစ်နေတယ်၊ခလေးတွေ ဆာလောင်လာပြီ ဆိုရင်သူတို့ဟာ အမေတွေဆီသွားကြတယ်၊အဖေတွေဆီမသွားဘူး  ။  နောက်ပြီးအစားအစာနည်း

နည်းဘဲရှိတော့ရင်၊   အမျိုးသမီးတွေဟာ  အနည်းဆုံးစားသူတွေဘဲဖြစ်တယ်"လို့

အထောက်အကူပေးရေး ဝန်ထမ်းတွေက ပြောတယ်။

 

လောလောလတ်လတ်လေ့လာမှုတွေအရ"ဘာကီနာဖာဆို"ရှိ  လူအများအပြား

ဟာ  သူတို့ဝင်ငွေရဲ့ ၇၅%  ကျော်ကို အစားအစာအတွက် သုံးစွဲကြရပြီး ကျမ္မာရေး

ကျောင်းလခ၊အဝတ်အစား စတဲ့   တခြားလိုအပ်ချက်  အတွက်  အနည်းအပားသာ သုံးစွဲပြီး ရပ်တည်နေကြရတယ်။

 

(၂)

 

သံမံတလင်းပေါ်မှာအိပ်တဲ့  လင်ဂနီရဲ့တနေ့တာဟာ မနက်လေးနာရီ  အိပ်ရာ

ထတာနဲ့စတင်တယ်၊အမှောင်ထဲမှာ တိုးတိုးတိတ်တိတ်  အဝတ်လဲတယ်၊     သူမ

ပတ်ပတ်လည်မှာ ခလေးတွေဟာ အမိုးနိမ့်နိမ့်အောက်သမံသလင်းပေါ်မှာအိပ်ပျော်

နေကြတယ်။  ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း ၁၇၇ ရှိတဲ့အနက် အဆင့် ၁၇၆ ရှိတဲ့ နိုင်ငံတနိုင်ငံအဖို့ ဒီအခြေအနေဟာ အဆန်းမဟုတ်ပာဘူး။

မနှစ်ကဆိုရင် လင်ဂနီ အနေနဲ့ မီးသေးသေးဖိုပြီး ကာဖီကြဲကြဲတခွက်တော့ဖျော်

သောက်နိုင်ပာလိမ့်မယ်။    ခုအခာမှာတော့ ကာဖီကြဲကြဲတခွက်ဟာ ဈေးသိပ်ကြီးလှ

တယ်။

ဒီလိုဆိုးဝားတဲ့  အခြေအနေကြောင့် ဖေဖေါ်ဝာရီမှာ မြို့တော် Ouagadougou နဲ့ နိုင်ငံတဝှမ်းမြို့များမှာရိက္ခာအဓိကရုန်းတွေဖြစ်ပွားလာတယ်။ကုန်ဈေးနှုန်းကြီးမြင့်မှု

ကို  ဆန့်ကျင်ပြီး  အစိုးရအဆောက်အဦးတွေကို  မီးရှို့ဖျက်စီးတဲ့အတွက်   လူရာ

ပောင်းများစွာ အဖမ်းခံရတယ်။လင်ဂနီအတွက်တော့ တိုက်ပွဲဟာ တနေ့ထက်တနေ့ ပိုမိုကျပ်တည်း ခက်ခဲလာတယ်။နေမထွက်ခင်ကတည်းက တိုက်ပွဲကစပြီ။

သူမအသက် ၅၀ ရှိပြီဆိုတဲ့ လင်ဂနီဟာ သူ့ယောက်ျားနဲ့ ခလေးများ အိပ်နေတဲ့ အခန်းနှစ်ခန်းပာ တဲအိမ်ကို ထားခဲ့ပြီး ညစ်ပတ်နေတဲ့ ခြံဝင်းကိုဖြတ်ပြီး လျှောက်လာတယ်။ညလုံးပောက် မိုးရွာထားသဖြင့် ညစ်ပေနေတဲ့ လမ်းမဟာ ရွှံ့တွေဗွက်တွေ ထနေတယ်။

မှောင်မိုက်တဲ့လမ်းပေါ် နာရီဝက်လောက် လမ်းလျှောက်ပြီးနောက် သူမဟာ အလုပ်ဆင်းသတင်းပို့တယ်။  မြို့တော်စီမံချက်အဖြစ်     ဆင်းရဲတဲ့အမျိုးသမီးများ

အတွက် လမ်းပေါ်တံမြက်လှည်း အမှိုက်သိမ်း အလုပ်ဖြစ်တဲ့   အစိမ်းရောင်အလုပ်

တပ်ဖွဲ့ရဲ့ အလုပ်ချိန်ဝတ် အပေါ်အင်္ကျိအစိမ်းကို ဝတ်တယ်။ဒီစီမံကိန်းကဆင်းရဲတဲ့ အမျိုးသမီးများကို ရက်သတ္တတပတ်လျှင် နှစ်မနက်အတွက် တရက်၁.၂၀ဒေါ်လာ

နဲ့ ညီတဲ့ လုပ်အားခကိုပေးတယ်။

လင်ဂနီ ဟာ မြက်ခြောက်တံမြက်စည်းငယ် နှစ်ချောင်းနဲ့ အမှိုက်သိမ်းလှည်းကို တွန်းပြီး ကျယ်ပြောလှတဲ့   လူသူကင်းရှင်းတဲ့  လမ်းအတိုင်း       ထွက်လာတယ်။

လိမ္မော်ရောင် မှုန်ပြပြ  လမ်းမီးရောင်အောက်မှာ သူမဒူးက သူမခောင်းထက်မြင့်တဲ့

အထိ ခားကိုညွတ်ကွေးကာ အမှိုက်လှည်းတယ်။

တရှဲရှဲနဲ့  တံမြက်စည်းလှည်းသံ ထွက်လာတယ် ။   ကြက်ဖတကောင်တလေ တွန်သံနဲ့   ညလုံးပောက်အရက်ဆိုင်မှ အရက်သမားတွေရဲ့ မကြာမကြာ  ရယ်မော

သံမှအပ ဘာသံမှမကြားရ။     သူမ    တာဝန်ကျတဲ့ ကိုက် ၁၅၀ လောက်ရှည်တဲ့ လမ်းပိုင်းကို သူမသန့်ရှင်းရေး လုပ်ရတယ်။တဒာဇင်လောက်ရှိတဲ့ အမျီုးသမီးတပ်ဖွဲ့

ဟာလည်းသူ့အပိုင်းနဲ့သူ လုပ်နေကြတယ်။ထရပ်ကားတစီးဟာ အရှိန်နဲ့မောင်းလာ

ပြီး သူမမျက်နှာကို  ဖုန်လုံးတွေ လွင့်စင်လာစေတယ်။  သူမစုပုံထားတဲ့  အမှိုက်ပုံ

ကလေးကိုလဲလွင့်စင်သွားစေတယ်။သူမချောင်းဆိုးတယ်၊ပန်းရောင်ခောင်းစည်းပဝာနဲ့ မျက်နှာကိုစည်းလိုက်ပြီး အမှိုက်တွေ ပြန်လှည်းတယ်။

နေထွက်ပြူလာချိန် အထိ လင်ဂနီဟာတံမြက်စည်းလှည်းတယ်။သူမပုံထားတဲ့ အမှိုက်တွေကို  ဂေါ်ပြားနဲ့ကျုံးပြီး  အမှိုက်လည်း  ပေါ်တင်တယ်။ဒာပေမဲ့အမျိုးသား

ကြီးကြပ်ရေးမှူးက  အလုပ်ကို လာစစ်ဆေးတာကို တနာရီလောက် စောင့်ရတယ်။

သူမအတွက် လစာငွေဒေါ်လာ ၁၀ အောက်ရတယ်။

 

 

(၃)

 

လင်ဂနီ နာရီဝက်လောက်လမ်းလျှောက်ပြီး အိမ်ပြန်ရောက်တဲ့အခာ  အိမ်သား

တွေနိုးစပြုပြီ။သူမဟာ အလုပ်ဝတ် အပေါ်အင်္ကျိစိမ်းကို ချွတ်ပြီး ဖိနပ်ဘူး အရွယ်

လောက်ရှိတဲ့ ဈေးခြင်းကိုဆွဲလိုက်တယ်။ ဈေးချိန်ပဲ။သူမနဲ့ နောက်ထပ်မယားပြိုင်

နှစ်ဦးအနက် တဦးဖြစ်တဲ့ အက်ရှတာ ဇာဂရီ တို့ အလှည့်ကျ ဈေးဝယ်ထွက်တယ်။

သူ့ယောက်ျားရဲ့တခြားမယားဖြစ်တဲ့မယားသုံးယောက်အနက်မယားကြီးဖြစ်သူမှာ

မျက်စေ့ကွယ်လုနီး ဖြစ်နေသဖြင့် အိမ်မှုကိစ္စ မလုပ်နိုင်တော့ပာ။

အာဖရိကဒေသအများစုမှာမယားအများမပြားယူတာအဆန်းမဟုတ်တော့ဘူး။

ဒီအိမ်ရဲ့ အိမ်ဦးနတ်ဟာ အငြိမ်းစားရဲအရာရှိဟောင်း တဦးဖြစ်တဲ့ အသက် ၆၃ နှစ် ဟာမာဒို ဇိုရိုမီ ဖြစ်တယ်။ သူ့ရဲ့ပင်စင်လစာဟာမိသားစုရဲ့အဓိကဝင်ငွေဖြစ်တယ်။

ဒာပေမဲ့ သူ့လစာဘယ်လောက်ရသလဲ ဆိုတာ သူ့မိန်းမများကို အသိမပေးဘူး။

ကုလသမဂ္ဂ အဆိုအရ လူဦးရေ ၁၅ သန်းအနက် ၇၅% နီးပားဟာ    တနေ့ ၂ ဒေါ်လာအောက် နိမ့်တဲ့နှုန်းထားနဲ့  နေထိုင်ကြရတဲ့ ဘာကီနာ ဖာဆိုလို ဆင်းရဲတဲ့

နိုင်ငံတနိုင်ငံအဖို့ ၊   အလယ်အလတ်အဆင့် ဝန်ထမ်းတဦးရဲ့     ပင်စင်လစာဟာ

အတော်အတန် လျှောက်ပတ်မှု ရှိပာတယ်။

ဇိုရိုမီက အလုပ်လုပ်တဲ့    သူ့မယားနှစ်ဦး  လစာထုတ်လာတဲ့အခာ   တဦးစထီံ

မှ ဆင့် ၆၀   ဘောက်ဆူးတောင်းလေ့ရှိတယ်။    သူနှစ်ချိုက်တဲ့        သူဝားနေကျ  ကိုလာစေ့ ဝယ်ဖို့ဖြစ်တယ်။   လင်ဂနီ နဲ့အတူ ဇါဂရီ ဟာ     တံမြက်စည်းလှည်းတဲ့

အလုပ်လုပ်ကြပြီး ၊   သူတို့က   ယောက်ျားဖြစ်သူ ဇိုရိုမီက     ပြောင်းလို    အခြေ

ခံရိက္ခာဝယ်ဖို့    ငွေအနည်းအပားကိုသာ မသဒ္ဓာရေစာ     ပေးလေ့ရှိတယ်လို့ပြော

တယ်။   မိသားစု အစားအစာအတွက်    အဓိကကုန်ကျစရိတ်ကို     မယားများရဲ့

တံမြက်လှည်းလစာမှ ကျခံကြရတယ်။

ဈေးဝယ်ထွက်ဖို့  ပြင်နေစဉ် လင်ဂနီ ဟာ   သူ့ခြေကျင်းဝတ်နဲ့    ခြေထောက်

တွေကို  ကုန်းပြီး  နှိပ်နယ်ပေးနေရတယ်။  နှစ်ရှည်လများ အမှိုက်လှည်း ရလို့ ခြေ

ထောက်တွေ နာကျင်နေတယ်လို့  သူမကပြောတယ်။        သူမကိုယ်အလေးချိန်

တခာမှ ချိန်မကြည့်ဖူးပေမဲ့   ဝိတ်လျော့သွားပြီး  အားနည်းလာတယ်လို့       သိသိ

သာသာ ခံစားရကြောင်းပြောတယ်။

ယခင်လက တံမြက်လှည်းလစာဟာ  ကုန်သွားပြီ၊      သူ့ယောက်ျားထံ သွား

တောင်းတော့   ကုန်မျိုးစုံဝယ်ဖို့   နှစ်ဒေါ်လာခွဲပဲ    ပေးတယ်။   သူ့ယောက်ျားက

၇၅ ဆင့် ထက် ပိုမသုံးဖို့နဲ့ ကျန်ငွေကို နောက်နေ့အတွက် ချန်ထားဖို့ပြော  တယ်။

"  မိန်းမတွေဟာ မိသားစုကိုကျွေးဖို့ ဆိုတဲ့အလုပ်နဲ့ မွေးဖွားလာတာဖြစ်တယ် "

လင်ဂနီ က ရွှံ့ရေအိုင်ကို ပတ်လျှောက်ရင်းပြောတယ်။        " ယောက်ကျားကိုလဲ

သူရသင့်တာ ရစေရမယ်၊နောက်ပြီး ခလေးတွေကိုလဲ သူ့ဝေစုနဲ့သူ ရသင့်တာရစေ

ရမယ်၊ ဒာကြောင့်ကျမတို့ လျှော့စားကြတယ်" ။

 

လင်ဂနီ က မိသားစုထဲက ဘယ်ယောက်ျားလေးမှ တည်ငြိမ်တဲ့ အလုပ်မရှိဘူး

လို့ပြောတယ်။ဒီဆင်းရဲတဲ့မြို့မှာ အလုပ်ရဖို့ ခက်ခဲတဲ့အတွက် ကောင်လေးတွေဟာ

တောက်တိုမယ်ရ     အလုပ်တွေလုပ်ရင်း ၊     ဒာမှမဟုတ်   ဘောလုံးကစားရင်း

အချိန်တွေကုန်ကြတယ်လို့ပြောတယ်။ငွေအနည်းအပားရရင်သူတို့ဖာသာမုန့်စားပစ်

တာ ဘီယာသောက်ပစ်တာပဲလို့ သူမကပြောတယ်။

 

လင်ဂနီ ဟာ   အမျိုးသမီးတွေ   ခလေးမလေးတွေ ရောင်းတဲ့  သစ်သီးတန်းနဲ့

ဖျော်ရည်တန်းကို  ဖြတ်လျှောက်လာတယ်။    ယောက်ျားတချို့က   မီးသွေးအိပ်

တွေရောင်းနေပေမဲ့ အများစုက နေရိပ်ထဲထိုင်ပြီး လေပန်းနေကြတယ်။

"ယောက်ျားနဲ့မိန်းမဟာ သူတို့ခလေးများအတွက် အတူတကွ ရုန်းကန်ရမယ် "

လင်ဂနီ က ပြောပာတယ်။ "အကယ်၍ ယောက်ျားလုပ်သူက အဲဒီလိုမလုပ်ရင် မိန်းမတွေက သူတို့ဖာသာ ရုန်းကန်ရမှာဘဲ "။

လင်ဂနီရဲ့ယောက်ျား ကိုရိုမီ က ယခုလိုပြောတယ်၊     ယောက်ျားတွေက ဈေး

ဝယ်တာချက်ပြုတ်တာမှာ မကူညီဘူး၊      ဘာဖြစ်လို့လဲဆိုတော့ "ဒာဟာမိန်းမတွေ

ရဲ့ အလုပ်ပဲ" ။  ဆုံတွေ့ရတဲ့ ယောက်ျား အများလိုဘဲ ၊   အာဖရိကယဉ်ကျေးမှုက

ရှင်းရှင်းလင်းလင်း  ပြဋ္ဌာန်းထားက  ယောက်ျားက  အိမ်ပြင်ထွက်   အလုပ်လုပ်ဖို့နဲ့

မိန်းမက  ခလေးထိန်းချက်ပြုတ်ဖို့ ဖြစ်တယ်လို့   သူကပြောလေရဲ့။  သူဆက်ပြော

တာက ယောက်ျားတွေဟာ  အလုပ်လုပ်ချင်ပာတယ်၊  ဒာပေမဲ့  အလုပ်ကရှားတယ်

သူ့မိန်းမတွေ တံမြက်စည်း မလှည်းစေချင်ပာဘူး။  ဒာပေမဲ့ "ခုအခာမှာ ဘဝဟာပိုအ

ဖိုးတန်တယ်"။

"မနှစ်ကဆိုရင် ကျွန်တော်တို့ ကောင်းကောင်းစားနိုင်သေးတယ်၊     အခုတော့

ဒာတွေမေ့ပစ်လိုက်ပာပြီ" ။ " ကျွန်တော့်သားတွေ အလုပ်မရှိကြဘူး၊ ဒီတော့ လူ ၂၅ယောက်ကိုကြွေးဖို့  ကျွန်တော့အပေါ် ပုံကျနေတာပော့ ၊ဒာကြောင့်ပဲ မိန်းမတွေ

တံမြက်စည်းလှဲနေကြရတာ၊   ကျွန်တော်တို့မှာ ဘာမှမရှိဘူး၊       ဒာကြောင့်သူတို့

လုပ်ကြရတာ၊ ဒာဟာဘဝပဲ "။

ဈေးသွားရင်းနဲ့ လင်ဂနီ က အကျည်းတန်တဲ့ သင်္ချာအကြောင်း ရှင်းပြတယ်။

မနှစ်ကဆိုရင် ၇၅ ဆင့်နဲ့     မိသားစုကို  အသား  ဟင်းသီးဟင်းရွက် ပဲထောပတ်

တို့နဲ့ အဟာရဖြစ်အောင် ကျွေးနိုင်ခဲ့တယ်။   အခုအခာမှာတော့ အများကြီး အဆင့်

နိမ့်တဲ့ ဟင်းလျာအတွက် ငွေနှစ်ဆလောက်ကုန်တယ်။

အခြေခံစားသောက်ကုန်တွေ ဈေးနှစ်ဆတက်သွားတယ်။    ဓါတ်ဆီဈေး နှစ်

ဆကျော် တက်သွားတဲ့အတွက်   ကုန်းတွင်းပိတ် ဘာကီနာဖာဆို သို့      အစားအ

သောက်သယ်လာတဲ့ ကုန်ကားတွေ ပို့ဆောင်စရိတ် တက်လာလို့ စားကုန်သောက်

ကုန်တွေလဲ ဈေးတက်ကုန်တယ်။

အမဲသားဆိတ်သားက အခု ဈေးသိပ်ကြီးတယ်၊  ၁.၂၀ ဒေါ်လာဖိုးဆိုရင် နည်း

နည်းလေးဘဲရတယ်။ ဒာကြောင့် မိသားစု အနေနဲ့ အသားလုံးဝ မစားတော့ဘူး။

ဈေးသက်သာတဲ့ ငားခြောက်ပဲ စားတော့တယ်။အသီးအရွက် မြေပဲ နဲ့ ချဉ်ရည်ဟင်း

မလုပ်နိုင်တော့ဘူး။ အခု ဆဟာရတောင်ပိုင်းမှာ အလေ့ကျပောက်တဲ့     "ဘိုဘာ"

ရွက်ကိုဘဲ သုံးတော့တယ်။

ဘိုဘာရွက်ကို နူးနပ်ပြီး အချဉ်ပောက်လာအောင် လင်ဂနီ ဟာ      ပိုတက်စ် နဲ့

ပြာ ရောထားတဲ့ အနှစ်ကိုသုံးတယ်။

"အရင်ကဆိုရင် ငွေဟာ တလသုံးလောက်ပြီး      လက်ထဲအနည်းအပား ကျန်

သေးတယ်။အခုတော့ငွေရတာနဲ့ ကုန်တာပဲ"။

ညစာစားတဲ့အခာ   အားလုံးစားသောက်ပြီးနောက်   စားစရာနည်းနည်းပဲ ကျန်

တော့တယ်။ ဒာဟာမိန်းမတွေအတွက် စားလောက်ရုံကလေးပာပဲ။ "ခလေးတွေက

ထပ်တောင်းရင် ကျွန်မတို့ သူတို့ကိုကျွေးလိုက်တယ်"။  သူမကပြောတယ် "ငာတို့

ဟာအမေတွေပဲ" တဲ့။

(၄)

 

"ဒာဘဲလား မယူတော့ဘူးလား"   "လောက်ပာ့ မလား" ဟင်းသီးဟင်းရွက်သယ်

က လင်ဂနီ ကို မေးတယ်။   အိမ်နားက  လူစည်တဲ့ဈေးထဲမှာ  သူမဟာတိုးဝှေ့ရင်း

ဘိုဘာရွက် ဆင့်၃၀ ဖိုးဝယ်တယ်။   နောက်တနေရာမှာ ကြက်သွန်ဖြူဥ သေးသေး

လေးလုံး ဝယ်တယ်။ သူမသွားခာနီးမှာ ဈေးသယ်က နားလည်စာနာတဲ့ အပြုံးနဲ့ တ

လုံးအပို ထပ်ပေးလိုက်တယ်။သူမကကျေးဇူးတင်တဲ့ အပြုံးနဲ့ တုန့်ပြန် တယ်။လူအုပ်ထဲ တိုးဝှေ့ရင်း လင်ဂနီဟာ ငားခြောက်တထုပ်၊ ဆားအထုပ် ကလေးတထုပ်၊အမဲဆီအချောင်းငယ်နှစ်ချောင်း၊ပိုတက်စ်တထုပ်နဲ့ ပြာနှစ်တို့ကို ဝယ်တယ်။

ဆယ်မိနစ်အတွင်း သူမဈေးဝယ်လို့ ပြီးသွားတယ်။သူမရဲ့ တနေ့တာ ဘတ်ဂျက်၇၅ ဆင့်ရဲ့ နှစ်ဆလောက် ကုန်သွားတယ်။အပူချိန် ၉၀ ဒီဂရီ ကျော်တဲ့ နေပူအောက်မှာ နာရီဝက်လောက် လမ်းလျှောက်ပြီး အိမ်ပြန် ရောက်တဲ့အခာ လင်ဂနီနဲ့ ဇါဂရီ တို့ ချက်ပြုတ်ဖို့ ပြင်ကြတယ်။

"တကယ်တော့  ဒာထက်ပိုကောင်းကောင်း  စားချင်တာပော့။  ဒာပေမဲ့ အားလုံး

စားလောက်ဖို့အတွက် ဒာဟာဈေးအသက်သာဆုံးပဲ" လင်ဂနီက ပြောတယ်။ ချက်

ပြုတ်လို့ နှစ်နာရီလောက် အကြာမှာ  သူမဟာ ရနံ့ကင်းတဲ့    ဟင်းလျာခြောက်အိုး ချက်ပြီးသွားခဲ့တယ်။ ပထမအိုးက   ယောက်ျားဖြစ်သူ ဇိုရိုမီ အတွက်ဖြစ်ပြီး သူ့ထံ

သွားပို့ရတယ်။     သူကတယောက်ထဲစားတယ်။  ပြီးတော့ပြောလိုက်သေးတယ်

ငိုက်တောင်လာပြီတဲ့။

တခြားအိုးတွေကတော့ ခလေးများအတွက်ပာဘဲ။   နောက်ဆုံးအိုး ဖြစ်တဲ့ သူ့

ယောက်ျားထက် နည်းနည်းလေးပိုကြီးတဲ့ မုန့်ပြားအိုးကို လူဆယ်ယောက် စားကြ

တယ်။လင်ဂနီ ဇါဂရီ နဲ့ ခလေးငယ်ရှစ်ယောက်တို့ ဖြစ်တယ်။    နောက်ဆုံးအိုးကို

ဆာလောင်မွတ်သိပ်နေတဲ့ အငယ်ကောင် ငားကောင် လုယက်မစားမီ လင်ဂနီ က

မုန့်နှစ်ကိုက်လောက် ယူကိုက်လိုက်တယ်။

အိမ်ပောက်ဝမှာတော့ ခလေးဒာဇင်ဝက်လောက် ဝိုင်းထိုင်ပြီး ထမင်း ဟင်း ချက်

တမ်းကစားနေကြတယ်။အုတ်ကျိုးအုတ်ပဲ့တွေနဲ့ ကစားစရာမီးဖိုလုပ်ပြီး အမှိုက်ပုံ

က ကောက်လာတဲ့ ပလပ်စတစ်ခွက် အကျိုးအပဲ့များနဲ့ ဟင်းချက်ကြတယ်။  "ငာ

တို့ ထမင်းနဲ့ အသားဟင်း ချက်မယ်"။

သူတို့အဖေ ဇိုရိုမီ က ကြည့်ပြီးရယ်တယ်။ဒီနေ့ရှင်ထပ်စားဦးမလား လို့ လင်

ဂနီ ကမေးတော့ " အေး " လို့ သူကဖြေတယ်။ လင်ဂနီ က သူ့ယောက်ျားကို ည

စာ ဆန်နည်းနည်း ပြုတ်ကျွေးမယ်လို့ ပြောလိုက်တယ်။ အနားမှာရှိတဲ့ သမီးငယ်

များက ကြားသွားပြီး အော်ကြဟစ်ကြတယ်။ " ဘာပြောတယ်၊ ဘာပြောတာလဲ"

"ဘာလို့ပြောတာလဲ ၊ ဆန်လဲမရှိဘဲနဲ့"။

 

ဇိုရိုမီ က မချိပြုံး ပြုံးရင်း မုသားစကား ပြောတယ်။   "ငာတို့ စားစရာရှိလာတဲ့တ

နေ့၊ ခားပတ်တင်းအောင်စားကြတာပော့ကွာ။ ဒာပေမဲ့ အခြေအနေ မကောင်းတဲ့အခာ ယောက်ျားတယောက်အဖို့ အတော်ခက်ခဲပာတယ် "။

လင်ဂနီ ဟာ ပြောင်တလင်းခာနေတဲ့ အိုးဘေးမှာ ထိုင်နေတုန်းဘဲ။သူမရဲ့ လက်သီးဆုပ်လောက်ရှိတဲ့ မုန့်တတုံးကို ခလေးတွေဝိုင်းလုမစားခင် ဖယ်ထား လိုက်တယ်။

"တနာရီ နှစ်နာရီ လောက်ဆိုရင် အငယ်ကောင်တွေ ငိုလိမ့်မယ်၊ ဒာကြောင့်ချန်ထားရတာ" လို့ သူမကပြောတယ်။သူမအသံဟာ တိုးတိတ်ညင်သာ လှတယ်။သူမဟာမြေနီမှုန့်တွေကို ငုံ့ကြည့်ရင်း ပြောလိုက်တယ်။

"ကျမ သိပ်ဝမ်းနည်းတယ်"

"ကျမ တအားစဉ်းစါးတယ်"။။

 

[Africa's Last and Least  by  Kevin Sullivan. The Washington Post,

July 20, 2008.]

မြစမ်းအေး

 
လည်ပြန် ငေး မှပြန်မြင်ရသည်



ကျနော်ငယ်ငယ်တုန်းက စာသိပ်ဖတ်ခဲ့တယ်။ လူကစာသိပ်ဖတ်ပေမယ့် ဂျွတ်ဆတ်ဆတ် ၊လက်ယဉ်ယဉ်၊ ထောင့်သိပ်မကျိုးတဲ့ လူပေါ့။
တကယ်တန်းကျနော့်မှာ သူငယ်ချင်းတွေ ဒုနဲ့ဒေးရှိခဲ့ပေမယ့် ရွယ်တူသူငယ်ချင်းတွေဟာ ကျနော့်အတွက်
စကားပြောဖော်ဖြစ်ခဲ့တဲ့ကောင် များများ မရှိခဲ့ဘူး။

လက်ဖက်ရည်ဆိုင်တူတူထိုင်ဖော်ထိုင်ဖက်ဖြစ်တာပဲများတယ်။လက်ဖက်ရည်ဆိုင်ထိုင်ဖော်ထိုင်ဖက်ဆိုတာကလည်း ဒီလိုပါ။
ကျနော်ဟာ ကိုယ့်လက်ဖက်ရည်ဖိုးကိုယ်ပေးနိုင်တဲ့ကောင်မဟုတ်ခဲ့ဘူး။ လက်ဖက်ရည်ဖိုး မပေးနိုင်တော့ ကိုယ့်ဟာနဲ့ကိုယ်ဆို လက်ဖက်ရည်ဆိုင်ဖက်မသွားဘူးပေါ့ဗျာ။
 
ဒါပေမယ့် အားလုံးက တက်သစ်စ ဆယ်ကျော်သက် တွေချည်ပဲကိုး။ ဖိုသတ္တ၀ါတို့ ရဲ့ ဟိုမုန်းသိပ်ကြွယ်ဝတဲ့ကာလဆိုတော့ ၊ မြို့ပေါ်က ရှပ်ပြာ လူးစိန် စပ်စလူးလေးတွေကလဲ
စက်ဘီးကလေးတွေကိုယ်စီနဲ့ ညနေ ညနေ ကျူရှင်ဖြုတ်ချိန်ဆို အိမ်တန်းမပြန်ပဲ မြို့လည်မှာစက်ဘီးနဲ့ တပါတ်လောက်တော့လှည့်ပြီး ဟန်ရေးပြရမှ လူကြည့်ခံရမှသူတို့မှာ
ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ မာနရေချိန်လေးမြှင့်ရတာကိုး။ ခုတော့လဲ အဲဒီ စပ်စလူးလေးတွေ ထဲက အထက်တန်းပညာရေးမဆုံးခင်လေးနဲ့ လင်နောက်လိုက်ပြေးကြသူတွေထဲက လဲ
ကလေးသုံးလေးယောက်အမေတွေဖြစ်လို့ သူတို့ သားသမီးတွေတောင် တချို့ကောလိပ်တက်နေကြပါပြီ။

အဲသလို မြို့ကလေးရဲ့ ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တွေ နွေခေါင်ခေါင်လှည်းလမ်းကြောင်းဖုံထူထူပေါ်မှာ အဖြူရောင် ခြင်ထောင်ဇာလို စကပ်ကြီးဝတ် ၊ ထိပ်ဦးက ချွန်ထက်နေတဲ့
လေဒီရှူးအဖြူရောင်ကိုစီးပြီး နှုတ်ခမ်းနီ ပါးနီတွေအပြတ်ချယ်သပြီး မိချောင်းတံဆိပ်စက်ဘီးတို့  ပန်းကမ္ဘာစက်ဘီးတို့နဲ့ ခြေကလေးခွင်ခွင်ပြီး ဟန်ရေးပြရင်း မြို့ထဲ ထွက်ထွက်နင်းကြတဲ့
အပျိုတွေကလဲ အများကြီးဗျ တချို့ဆို ဂျပန်လိုနိုင်ငံမှာတောင်ရောက်နေကြပြီ။ လင်နဲ့သားနဲ့ဖြစ်ကုန်ကြပြီပေါ့ဗျာ။

မြို့မှာလွတ်လပ်ရေးနေ့ပွဲ အတွက် စတိတ်ရှိုးတွေ က စပြီးသီချင်းတိုက်ကြပြီဆိုလဲ သူတို့တွေ က အကဲသားဗျ။ စင်ပေါ်တက်ချင်ကြတာကိုး။ ကျနော်တို့ကလည်း တီးဝိုင်းတစ်ဝိုင်းရှိတယ်။
ကျနော်ကတော့တခါမှမဆိုခဲ့ဖူးပါဘူး။ သီချင်းတပုဒ်ဆိုဖို့ ငွေနှစ်ရာ ထည့်ဝင်ရတာကိုး။ ငွေနှစ်ရာဆိုတာကျနော့်အတွက်က ဘယ်လိုမှအိပ်မက်မက်လို့ မဖြစ်နိုင်တဲ့ ပမာဏကြီးဖြစ်နေတယ်လေ။
တဖက်ကလည်း ကျနော့်သူငယ်ချင်းတွေက ကျနော့်ကို လိုအပ်ပြန်တာကလည်းရှိတယ်။ ဒီကောင်တွေက ဂစ်တာကို သေချာ ဂီတသင်္ကေတနဲ့မတီးတတ်ကြပြန်ဘူး။
ဒီတော့ကျနော့်အလုပ်က သူတို့နဲ့ ဆိုမယ့်သီချင်းတွေကို ကက်ဆက်နဲ့နားထောင် ၊ တပိုဒ်ခြင်းပေါ့ဗျာ ပြီးတော့ မှ တီးသွားတဲ့ လိဒ် တို့ ၊ ကီးဘုတ်ဝင်သွားတာတို့ ကို ပြန်ပြီး
စာရွက်ပေါ်မှာ ၀မ်းတူးသရီး(ဒိုရေမီဖာစသဖြင့်)နုတ်စ်နဲ့ ပြန်ရေးပေးရတဲ့အလုပ်ဗျ။
စတန်းဒတ်နိုတေးရှင်း ဂျီ ကလစ်ဖ်တို့ ဘာတို့ နဲ့ဆို သူတို့ ဘယ်ဖတ်နိုင်မလဲဝေလာဝေးပေါ့ဗျာ ။
 အဲဒီလို ကျနော်က လုပ်ပေးတော့ သူငယ်ချင်းတွေကလဲ ကျနော့်ကို ဂီတမှူးဆိုပြီး ခန့်တယ်ဗျတခါမှစင်ပေါ်တက် ပြီး မိုက်ခွက် မကိုင်လိုက်ဖူးတဲ့ဂီတမှူးပေါ့ဗျာ။
  စင်ပေါ်တက် ပြီး ဘောင်းဘီရှည်နဲ့  ဂစ်တာကို ကိုင်တော့မယ်ဆိုကတည်းက လေးရာထည့်ရတော့မှာဆိုတော့ ဘယ်တတ်နိုင်မတုန်းကျနော့်အတွက်က။
သူငယ်ချင်းတွေကအ တီးတော့ကောင်းသားဗျ၊ ကိုယ်ပိုင်လျှပ်စစ်ဂစ်တာတွေရှိကြတာကိုး။ကျနော့်မှာက ၀တ်ဘို့ဘောင်းဘီရှည်တောင်မှ ကျနော့်အဘိုး ၀တ်ခဲ့တဲ့ ဘီအိုင်အေခေတ်က စစ်ရောင်သက္ကလပ်
ဘောင်းဘီကြီးပဲရှိတာကိုး ။ ရှိုးထုတ်ဖို့ ဆိုတာ အင်မတန်ဂွကျတဲ့ကိစ္စဗျ။ တခါတလေများ မြို့လည်ဖက် ကို လမ်းလျှောက်ပြီးသွားတုန်း စီးနေတဲ့သားရေဖိနပ်က အကြင်နာကင်းကင်း နဲ့ လူကို ပြတ်ပြတ်စဲစဲလုပ်လာပြီဆိုရင်
ဖိနပ်ကလေးခါးထိုးပြီး အိမ်ဖက်ပြန်လာ၊ တူကလေးနဲ့ ပလိုင်ယာကလေးနဲ့ သံမှိုလေးတွေနဲ့ကိုယ့်ဟာကိုယ်ပြန် ထုနှက် ချုပ် ပြင်ပြီးတော့ စီးရတာ။
 အဲသလို ဖိနပ်များ ပြတ်သွားချိန်မှာ ကံများ မကောင်းရင်တော့စောစောကလိုဟန်ရေးပြနေတဲ့ငနဲမလေးတွေစက်ဘီးဖြတ်နင်းလာတာနဲ့ကြုံပြီဆိုလို့ ရှိရင်များ ၊
ဂေါ်သဇင်တွေလှိုင်လှိုင်ပွင့်တတ်တဲ့ဆောင်းတွင်းမနက်ကြီးတွေမှာတောင် ချွေးက ပျံတာများ ပေါင်ကြားထိ စီးသွားမယ်ဗျို့။

ထားပါတော့လေ စောစောက လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်ဖိုးမပေးနိုင်ပဲရောက်ရောက်သွားရတဲ့အဖြစ်ကတော့ ဒီလိုဗျ။
ဟန်ရေးပြနေတဲ့စကပ်တဖားဖားကောင်မလေးတွေကို ဂျင်းဘောင်းဘီတကားကားနဲ့ ကျနော့်သူငယ်ချင်းများက မေတ္တာစာကမ်းချင်သကိုး။ ဒီတော့ ကျနော်ကသူတို့ရဲ့မေတ္တာစာကို ပင်တိုင်ထိုင်ရေးပေးရတဲ့အလုပ်ကို
အလိုလိုရသွားတော့တာပေါ့ဗျာ။ အဲသလို ဖောက်သည်တွေသိပ်များလှတော့လဲ ကျနော် လက်ဖက်ရည်ဆိုင်ကို ကိုယ့်ငွေနဲ့ ကိုယ်မထိုင်နိုင်ပေမယ့် ကပ်သောက်ရတယ်ဆိုတာမရှိလှပါဘူး ။

ဒါပေမယ့်အဲသလိုမဟုတ်တဲ့သူငယ်ချင်းတယောက်ကတော့ အရင်းအချာထဲကအရင်းအချာပေါ့ဗျာ ၊ သူကတော့ အမြဲ တန်း အိမ်လာပြီး ကျနော့်ကို လက်ဖက်ရည်ဆိုင်သွားဖို့ ခေါ်သလိုသူပဲ အိပ်စိုက်တိုက်တယ်ဗျ။
ဒီကောင်က လူတော်လူကောင်းဗျ။ စာလဲသိပ်ဖတ်တယ်။ ဒါပေမယ့်သူ့မှာ နာခံတတ်တဲ့စိတ်ကပိုများတယ် ။ ကျနော်နဲ့ကွာသွားတာအဲဒီအချက်ပဲ ။
 ကြောက်ဖို့ ကောင်းတဲ့တချက်ကတော့ လောကကြီးကကိစ္စအားလုံးကို စမ်းသပ်ချင်တဲ့စိတ်သူ့မှာရှိတယ်။
ကျနော်ကတော့အဲသလိုမဟုတ်ဘူး။သိပ်များများစားစားကို လိုက်စိတ်မ၀င်စားဘူး ။ စာဖတ်တယ် ။ တယောက်ထဲ သိပ်ညဥ့်နက်ချိန်တွေမှာမှ အမှောင်ထဲမှာဂစ်တာတီးတယ်။ အဲဒီလိုဂစ်တာတီးချိန်တွေမှာ ၀ါကျင့်ကျင့် လမ်းမီးတိုင်ဘေးကအုန်းလက်ကိုင်းတွေလေတိုက်တိုင်း ယိမ်းပြီး အရိပ်တွေမှောင်သွားလိုက်လင်းသွားလိုက်နဲ့ မြင်ကွင်း ကြားထဲက ဖြိုးဖြိးဖျောက်ဖျောက် ကြယ်ကလေးတွေကိုမော့ကြည့်မိတိုင်း လူငယ်တယောက်ရဲ့ ဘာမှန်းမသိတဲ့အနာဂါတ်ကို ကျနော့်လက်ကျနော့်ခြေ နဲ့ဖန်တီးယူချင်စိတ်ကိုတောင့်တခဲ့ဖူးတယ်။

ကျောင်းပိတ်ရက်တွေမှာဆို ကျနော်ဟာ ဘုန်းကြီးကျောင်းမှာရှိနေတတ်တယ်။ ဘာသာရေးသိပ်ကိုင်းရှိုင်းလွန်းခဲ့လို့ တော့မဟုတ်ဘူး။
ဘုန်းကြီးကျောင်းဆိုတာ အင်မတန်မှ ဆီဦးထောပတ်နဲ့ ၀က်သားတုံးကြီးတွေများ အိစက်ညက်ညောအဆီဝင်းနေလို့။
ကြက်သား ဟင်းနံ့များဆို ခုထိတောင်တွေးရင် သွားရေ ယိုရတုန်း ဗျ။    အဲဒီတော့ ကျောင်းပိတ်ရက်များမှာ ဘုန်းကြီးကျောင်းမှာ နေ့လည်စာ ညစာ သွားဝါးတယ် သိမ်ထဲမှာ တရေးတမောနှပ်တယ်။ ညနေဆို ငြိမ်းချမ်းရေးစေတီလေးဘေးကရေတွင်းကြီးမှာရေချိုးတယ်။ အဲသလိုရေချိုးရင်းများ ဘုန်းကြီးကျောင်း ၀န်းကျင်က ညီအမတွေကို လှမ်း လှမ်း ငန်းရတာလဲ အမောပါပဲဗျာကြိုက်လို့ ချစ်လို့ များလားဆိုတော့လဲ ဟုတ်သေးဘူးဗျ
ရိုးရိုးမျက်စိအရသာ ခံယုံလောက်ပါပဲလေ။

အဲဒီဘုန်းကြီးကျောင်းမှာက ပိတ်ရက်တွေဆို များသောအားဖြင့်တရား ပွဲတွေ အဘိဓမ္မာဆွေးနွေးပွဲတွေ ရှိတတ်တယ်ဗျ။
တနေ့တော့ ဗိုက်ခွေးနမ်းလောက်အောင် မျိုဆို့ပြီး ဆရာတော် စွန့် ထားတဲ့ မုန့် ဘိုးနဲ့ကွမ်းယာလေးတစ်ရာဝယ်ပြီး ငြင်းခုန်ဆွေးနွေးနေကြတဲ့ ကျနော်တို့မြို့က လူ့ဂွစာလို့ လူအများယူဆကြတဲ့အဘိုးကြီးတွေအုပ်ထဲ အသာလေး ကွမ်းမြုံ့ရင်းသွားထိုင်နားထောင်နေမိတယ်ဗျ။
အဲဒီမယ် ငြင်းကြခုန်ကြပြောကြကိုးကားကြနဲ့ပေါ့ဗျာ ။ ဂေါတမဘုရားရှင်ရဲ့ တရားတော်တွေပါ ။ သီဟိုဠ်ဆရာတွေက ဘုရားရှင်ရဲ့တရားတွေကိုနောက်ပိုင်းမယ် ဘယ်လို ဘယ်နည်းကွန့် တာ ဖြစ်တယ် စသဖြင့်ပေါ့။ အဲသမှာ တောင်တွင်းက အဘိုးကြီးတစ်ယောက် ပြောခဲ့တဲ့ပုံပြင်လေးကို ခုထိအမှတ်ရစရာတွေဖြစ်လာစေတဲ့အကြောင်းတွေက ရှိတုန်းမို့ပြောရဦးမယ်ဗျ။

ပုံဝတ္တုကလေးကတော့ဒီလို

တခါတုန်းက တော်တော့်ကိုအေးချမ်းသာယာတဲ့ကျေးရွာကလေးတစ်ရွာရှိသတဲ့ဗျ။ အဲဒီရွာကလေးဟာချောင်းနဖူးမှာ တည်ရှိပြီး မြို့ကိုသွားမယ်လာမယ်ဆိုရင်ဖြင့် ရွာသူရွာသားတွေဟာ အဲဒီချောင်းကူးတံတားကလေးကပဲကူးပြီးသွားလာကြရသတဲ့။
အချိန်ကာလအားဖြင့်ကလည်းမိုးတွင်းဖြစ်နေတော့ လယ်ယာလုပ်ငန်းခွင်တွေနဲ့အလုပ်တွေလဲများနေကြတာပေါ့ဗျာ။ အဲဒီရွာမှာသိပ်ပြီးကျပ်မပြည့်တဲ့ သူတယောက်ရှိသတဲ့ ။ အဲဒီ တယောက်ကို တရွာလုံးက အစကတော့ ချစ်ချစ်ခင်ခင်ပေါ့ဗျာ။သူကလဲ ရွာထဲမှာနွေဆို မီးကင်းစောင့်တာတို့ ဘာတို့ ကို လုပ်ပေးတတ်တဲ့ကင်းသမားတစ်ယောက်ပေါ့ ။

တနေ့သားမှာတော့ အဲဒီဆရာသမားဟာ ဘာမပြောညာမပြောနဲ့ ထပြီးကြမ်းတော့တာပဲဗျို့။  ရွာလည်ကဖြတ်လာတဲ့ ကျောင်းဆရာကို လက်သီးနဲ့ထိုးလိုထိုး ၊
 ဆွမ်းခံထွက်လာတဲ့ကိုရင်တွေကို ခဲနဲ့ ပေါက်လိုပေါက် ၊ ရွာထဲ အပျိုမတွေကို ညနေချောင်းကမ်းပါးရေချိုးဆိပ်မှာ မဖွယ်မရာတွေလုပ်ပြလိုလုပ်ပြနဲ့ပေါ့ဗျာ။

ရွာသားတွေဟာ သည်းညည်းခံနိုင်စိတ်တော့ကုန်သွားပြီဗျဒါပေမယ့်လဲအရူးနဲ့ဖက်ပြီးရန်မဖြစ်ချင်ကြဘူးလေ ။ အဲသလိုနဲ့တနေ့ မှာ အဲဒီအရူး ဟာ ကိုင်းခုတ်ဓါးကြီးထမ်းပြီး ချောင်းကိုဖြတ်ဆောက်ထားတဲ့တံတား ထိပ်မှာရပ်နေသတဲ့ဗျာ။ ပြီးတော့ ၀ါးလုံးတစ်လုံးကို လဲ ကန့် လန့် လှဲချထားရင်း နဲ့ "သတ္တိရှိတဲ့ကောင်ဖြတ်ရဲ ဖြတ်ကြည့်ကွာ ငါ့အကြောင်းသိသွားစေရမယ်"အော်တယ်တဲ့။
ပြီးတော့ အဲဒီနေရာက မရွေ့ တန်း ကို စောင့်နေတာတဲ့ ။ အဲဒီ တံတားနဲ့မနီးမဝေးက ဘုန်းကြီးကျောင်းမှာ ဆာရင်သွားစားတယ် ပြီးရင်ပြန်လာတယ်ပြီးရင်တော့ ထုံးစံအတိုင်း ကိုင်းခုတ်ဓါးကြီးထမ်းပြီး
စောင့်နေတော့တာပဲတဲ့ဗျို့။ အဲသလိုနဲ့ ရွာက လူတွေမှာလဲ မြို့ကိုမသွားရဲ ။ ဆန်ဆီဆေးဝါး ငါးခြောက်ငါးခြမ်းကလေးတွေ မြို့တက်ဝယ်ဖို့ က တော်တော်အခက်အခဲဖြစ် ဘယ်သူမှ လဲ အရူးရဲ့ဓါးနဲ့လည်ပြတ်မှာမခံရဲပေါ့ဗျာ။

အကျိုးနဲ့အကြောင်းနဲ့သွားပြီး အရူးကိုဖျောင်းဖျတော့လဲ အရူး ကဘာပြောလဲဆိုတော့ "ဟောဒီတရွာလုံးရဲ့လုံခြုံရေးကိုအသက်နဲ့လဲပြီး ငါက တာဝန်ယူခဲ့တာကွ။ အဲဒီကျေးဇူးကိုမသိပဲ ငါ့ကို အာခံပြီး ဟောဒီ ၀ါးလုံးကို ကျော်ရဲတဲ့ကောင်ကျော်ကြည့် " လို့ ပဲပြန်ဖြေသတဲ့။အမှန်တော့နေစရာမရှိ လို့ ကင်းတဲ သွားအိပ်နေတဲ့အရူးပါ။ အဲဒီမှာတင် ရွာထဲ က တဆိုင်ထဲသော ကုန်စုံဆိုင်ကလဲ ဈေးတွေတင်လာ၊ ဗိန္ဒောဆရာလဲ မြို့တက်ဆေးမ၀ယ်နိုင်၊ ကျောင်းပိတ်တုန်းရွာပြန်လာတဲ့ ကျောင်းသူကျောင်းသားတွေလဲကျောင်းပြန်မသွားနိုင်ပေါ့ ဖြစ်နေပုံက ။

အဲသလိုနဲ့ရက်နည်းနည်းကြာလာတော့ ပန်းပဲထုနေတဲ့ ခပ်ပေပေလူတစ်ယောက်ဟာ သည်းမခံနိုင်တော့ဘူး တဲ့ ။
ဒါနဲ့သူတွေးတယ် ဒီကောင် ဘာကောင်မို့ လဲပေါ့။ အရူး ကို လူတွေကလဲ ၀ိုင်းပြီး ကြောက်နေကြတယ်ပေါ့ တွေးပြီးတခါထဲ ခါးတောင်းကိုမြှောင်အောင်ကျိုက်လိုက်တာမှ
ငယ်ငယ်က ၀ဲပေါက်ခဲ့တဲ့အမာရွတ်တွေတောင် တင်ပါးမှာအထင်းသားနဲ့တဲ့ဗျား။

အဲဒါနဲ့ ပန်းပဲသမားဟာ အရူးမျက်နှာကိုစေ့စေ့ကြည့်ပြီး တကယ်လို့ များ အရူးက ကိုင်းခုတ်ဓါးနဲ့ ပိုင်းလာရင်တော့ ၀င်လုံးမယ်ပေါ့လေ အဲသလိုတွေးပြီး သတိနဲ့ အရူး ချထားတဲ့ဝါးလုံးကို ကျော်ပြီး သွားမယ်ပေါ့။ အဲဒီလို ပန်းပဲဆရာက အရူး တားထားတဲ့ဝါးလုံးကိုကျော်ပြီးသွားတော့မယ်ဆိုတာကိုလဲတရွာလုံးကို ပန်းပဲဆရာက ပြောခဲ့လိုက်တော့ အကုန် ၀ိုင်းလာပြီးခပ်လှမ်းလှမ်းက စပ်စုကြတာပေါ့ဗျာ။တချို့အရူး စိတ်ချမ်းသာအောင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဖွဲ့ဖို့ တရွာလုံးကိုတရားချနေတဲ့သူတွေကလဲ  ပန်းပဲဆရာရဲ့အပြုအမူကို အင်မတန်မှမိုက်မဲတဲ့ကိစ္စပေါ့၊ ဘယ်ကျမ်းဂန်အလာအရဆိုဘယ်လိုဘယ့်နှယ်ပေါ့ဗျာ သူတို့က
 ရွာရဲ့ ဘယ်သူမှခန့် မထားတဲ့က၀ိတွေကိုးဗျ။
အဲသမှာပန်းပဲဆရာဟာ စကားများများပြန်မပြောပဲသူ့ ဆုံးဖြတ်ချက်အတိုင်းအရူးဆီရောက်အောင်သွားတော့တာပေါ့။ချောင်းကူးတံတားကိုရောက်တော့
ပန်းပဲဆရာဟာ ၀ါးလုံးကိုကျော်ပြီး အရူးကို "ကဲ ဟေ့ကောင် ငါကျော်လိုက်ပြီ ဘာဖြစ်လဲ ပြောစမ်း"   လို့ နပမ်းဝင်လုံးဖို့ အသင့်အနေအထားနဲ့မေးလိုက်ချိန်မှာ အရူးက "ကျော်လိုက်တော့လဲရောက်သွားတာပေါ့ကွာ" လို့ပြောပြီးဝါးလုံးကို ကောက်ထမ်းရင်း ဆွမ်းကျန်ဟင်းကျန်တွေဝါးဖို့ ဘုန်းကြီးကျောင်းဖက်လှည့်သွားပါလေရောတဲ့ဗျာ။


ခုလဲ ကျနော်တို့ တိုင်းပြည်အခြေအနေက အရူးနဲ့ပူးပေါင်းဆောင်ရွက်ရေး အရူး စိတ်မညစ်ရေး အရူး ဘုံမြှောက်ရေးကို တိုးတိုးတမျိုးကျယ်ကျယ်တမျိုးတွေ အလုပ်တွေရှုပ်နေကြပုံတွေနဲ့ ဆိုတော့ ကဲလေ..... မိတ်ဆွေလဲ မျက်စိညောင်းလောက်ရောပေါ့ နောက်တပါတ်ကြုံမှပဲကျနော့်ဘ၀ဖြတ်သန်းမှုအစုစုနဲ့တွေ ခဲ့ကြုံခဲ့ ကြားနာ ခဲ့တာလေးတွေကိုဆက်ရေးပါဦးမယ်ဗျာ...။

ခင်မင်လျှက်

ကိုထွေးညို(တမာတန်း)
 
ရှင်သန်ခွင့်
(၁)

“ကိုကြီးသဘောကတော့ သူ့ကို ဆက်ပြီး မဆန့်ကျင်ကြစေချင်ဘူး။ သူစီမံခန့်ခွဲပေးတာတွေကိုပဲ လိုက်နာစေချင်တယ်”

 

“ရှင်”

“ဗျာ”

 

အာမေဋ္ဋိတ်သံများထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဧည့်ခန်းတခုလုံး အပ်ကျသံပင် မကြားရ လောက်အောင် ငြိမ်သက်တိတ်ဆိတ်သွားသည်။

 

“ခင်ဗျားမတရားဘူး။ ခင်ဗျားကို ခေါင်းဆောင်ဆိုပြီး တပ်ဦးမှာ ထားခဲ့တာ။ ခင်ဗျားကို ၀န်းရံပေးရမယ်ဆိုပြီး နာစရာရှိရင် ကျုပ်တို့က ရှေ့ဆုံးကနေ အနာခံခဲ့ကြတာ”

 

အတန်ကြာ တိတ်ဆိတ်နေမှုကို ဖြိုခွဲ၍ ထွက်ပေါ်လာသည့် အသံက ညီထွေးလေး အသံ။

 

“ဘာလဲ။ ခုတော့ ကိုကြီးက ကြောက်နေပြီလား။ ကိုကြီးရဲ့ ရဲရဲတောက် စကားလုံးတွေကြောင့် မလေးတို့က ပါခဲ့ကြတယ်။ ကိုကြီးကို အပြည့်အ၀ ယုံကြည်ပြီး ခေါင်းဆောင်နေရာ ရွေးခဲ့ကြတယ်။ ခေါင်းဆောင်ဖြစ်ပြီးကာမှ ကိုကြီးက ပထွေးဆန့်ကျင်ရေးဆိုတဲ့ စကားကိုတောင် ရဲရဲမပြောလို့ မလေးတို့ ပြောပေးခဲ့ကြတယ်။ ဒါပေမယ့် ဒီလို ပြောလို့ အရိုက်ခံရ၊ အနာခံရရင်လဲ ကိုကြီးက မသိချင်ယောင်ပဲ ဆောင်နေတယ်။ ဒီအထိ မလေးတို့ သည်းခံတယ်။ ရေငုံနှုတ်ပိတ်နေခဲ့တယ်။ အခြေအနေအရ ကိုကြီး လိုအပ်လို့ လုပ်တာပါလို့ပဲ ဖြေသိမ့်တွေးပေးခဲ့တယ်။ ကိုကြီးကို မလေးတို့ ယုံခဲ့ကြတယ်။ ခုတော့ အလကားပဲ။ မလေးတို့ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ခံလိုက်ရပြီ”

 

ညီထွေးလေးရဲ့ စကားသံဆုံးတော့ မလေးက ၀င်ပြောသည်။ ကိုကြီးက အင်းမလုပ်၊ အဲမလုပ်။ မှုန်ကုပ်ကုပ်မျက်နှာဖြင့် အားလုံးကို ပြန်ကြည့်နေသည်။

 

 

“မလေး။ နင်ဘာမှ အပိုတွေ ပြောမနေနဲ့တော့။ ငါနင်တို့ကို ဘယ်နှစ်ခါ ပြောခဲ့လဲ။ ကိုကြီးဆီမှာ ငါတို့တအိမ်လုံးကို ဦးဆောင်ပြီး ဟိုလူယုတ်မာကို အာခံရဲတဲ့ သတ္တိမရှိပါဘူးဆိုတာကိုး။ ငါတို့ အားလုံးက အဲဒီလူယုတ်မာကို ဆန့်ကျင်နေလို့ သူက ငါတို့ထဲ ပါလာတာ။ သူက ငါတို့အားလုံးထဲမှာ အကြီးဆုံးမို့ ငါတို့က ခေါင်းဆောင်ရွေးခဲ့ကြတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒီလို ခေါင်းဆောင်ဖြစ်ပြီးတဲ့ အခါမှာ ဘယ်နှစ်ကြိမ်များ ငါတို့ရှေ့က ရပ်တည်ပေးခဲ့လို့လဲ။ ငါတို့ ပေါ်ပေါ်ထင်ထင်နဲ့ လူယုတ်မာကြီးကို ဆန့်ကျင်ရင်တောင် သိပ်မတက်ကြွဖို့ သူုက ခေါ်ပြီး သတိပေးနေသေးတာပဲ။ ဒီကတည်းက ငါပြောနေတယ်။ လူယုတ်မာဆန့်ကျင်ရေးမှာ သူ့ကိုပဲ ရှေ့တန်းတင်ပြီး ပုံမအပ်ပါနဲ့။ ရှုံးလိမ့်မယ်လို့။ နင်တို့ လက်မှမခံကြတာပဲ။ ငါ့ကိုတောင် အပြစ်ပြန်တင်နေသေးတယ်။ ခုတော့ နင်တို့ ခေါင်းဆောင်ကြီးက လူယုတ်မာကို လက်ခံပြီး လူယုတ်မာရဲ့ စီမံချက်ကိုတောင် လိုက်လုပ်ပေးမယ် ပြောနေတယ်။ ကောင်းသေးလား။ ဒီမှာ ကိုကြီး။ ၀ါအရ ခင်ဗျားကို ကျုပ်လေးစားပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်တွေကိုတော့ မလေးစားနိုင်ဘူး။ ခင်ဗျားက ဒူးထောက်ဆိုတာနဲ့ လိုက်ထောက်ပေးမယ့် သူငယ်နှပ်စားထဲမှာ ကျုပ်မပါဘူး။ အခုကစပြီး ခင်ဗျားကို ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုနိုင်ဘူး။ ခင်ဗျား လုပ်ခိုင်းတာတွေလဲ ကျုပ်မလုပ်နိုင်ဘူး။ ရှင်းအောင် ပြောထားမယ်”

 

“ဖေကြီးရယ်၊ ရှက်ဖို့ကောင်းလိုက်တာ။ ဘာလို့ ဒီလို အတွေးမျိုးတွေ ၀င်နေရတာလဲ။ သမီးမှာတော့ ဖေကြီးရဲ့ မျိုးဆက်ဖြစ်ရတာကို ဂုဏ်ယူလိုက်ရတာ။ ဖေကြီးဟာ တအိမ်လုံးရဲ့ အခက်အခဲတွေကို ပြေလည်အောင် လုပ်ပေးဖို့ ကြိုးစားနေတဲ့ ခေါင်းဆောင်ကြီးအနေနဲ့။ ခုတော့သွားပြီ။ သိပ်ရှက်ဖို့ ကောင်းတာပဲ”

 

ကိုကြီးရဲ့ သမီး ဇင်မာအောင်ကပါ ၀င်ပြောသည်။ ပြောရင်းနှင့် မျက်ရည်များကျနေပေမယ့် ကိုကြီး မျက်နှာပေါ်က ခက်ထန်တင်းမာမှုတွေက ပျောက်မသွား။ သူလုပ်တာ မှန်သည့်အနေဖြင့် ခပ်တင်းတင်း ပြန်ပြောသည်။

 

“ဇင်မာအောင်။ ငြိမ်ငြိမ်နေစမ်း။ ငါမွေးလို့ နင်လူဖြစ်လာတာပါ။ ငါ့ကို ပြန်အာခံမနေနဲ့။ ငါက ဒါဆို ဒါပဲလုပ်”

 

ကိုကြီးရဲ့ အော်ငေါက်သံအဆုံးမှာ ဇင်မာငြိမ်သွားသည်။ အသံထပ်မထွက်လာတော့ပေမယ့် ကိုကြီးကို လှမ်းကြည့်နေသော ဇင်မာ့ မျက်ဝန်းများရဲ့ အဓိပ္ပာယ်ကို သူမနားလည်သည်။ မျိုးဆက်ဟောင်း အပေါ်မှာ မျိုးဆက်သစ်တယောက်ရဲ့ အထင်သေးသော အကြည့်။

 

မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာ အလုပ်အကိုင်တွေမှာပဲ ဖြစ်ဖြစ်၊ ကျောင်းစာသင်ခန်း တွေမှာ ပဲဖြစ်ဖြစ် အပြန်အလှန် လေးစားမှု ဆိုတာက အလွန်အရေးပါလှသည်။ အိမ်ထောင်ဘက် အချင်းချင်း တယောက်ကိုတယောက် အထင်သေးမှုရှိလာပြီဆိုလျှင် ဒီအိမ်ထောင်ရေး သာယာမည်မဟုတ်တော့။ အနန္တေအနန္တဂိုဏ်းဝင် မိဘပေမယ့်လဲ အကျင့်စာရိတ္တ ယိုယွင်းပျက်စီးမှုနှင့် လူအများကို ဆုတ်ယုတ် ပျက်စီးစေမှုတွေကြောင့် သားသမီးများအား အရှက်ရစေသည်ဆိုလျှင် မိဘနှင့် သားသမီး ဆက်ဆံရေးမှာ အဖုအထစ်များ ဖြစ်စမြဲ။ သိက္ခာတရားနှင့် ကျင့်ဝတ်ကို မစောင့်ထိန်းသော ဆရာများကိုလဲ ဘယ်လို ကျောင်းသားမျိုးကမှ အထင်တကြီး ဆည်းကပ်မည် မဟုတ်။ အဖွဲ့အစည်းတွင်လည်း ထိုနည်းလည်းကောင်း။ မျိုးဆက်ဟောင်းများရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို မျိုးဆက်သစ်များက အထင်သေးလာပြီဆိုလျှင် အဖွဲ့အစည်းရဲ့ ရှင်သန်ကြီးထွားမှု နှောင့်နှေးပြီး အကွဲကွဲ၊ အပြဲပြဲ ဖြစ်လာလေ့ရှိသည်။

 

ဇင်မာ့ မျက်ဝန်းများကို ကြည့်ပြီး သူမအတွေးများက ဟိုရောက်ဒီရောက်ဖြစ်နေသည်။ ဒီပြဿနာများရဲ့ အစ၊ ဟိုး လွန်ခဲ့သော နှစ်ပေါင်းများစွာက အခြေအနေတွေကို သူမ ပြန်မြင်ယောင်နေမိသည်။

 

(၂)

 

“မလတ်။ ဒါ ကိုစစ်နိုင်တဲ့။ ကျောင်းတုန်းက ငါတို့က မေဂျာတူတူပဲ။ ကွဲနေကြတာ ကြာပြီ။ တလောကမှ ပြန်တွေ့တာ”

 

ကိုကြီးက မိတ်ဆက်ပေးတာကြောင့် ကိုစစ်နိုင်ကို လှမ်းကြည့်လိုက်မိတော့ မျက်လုံးတွေကို မြင်ရစဉ်မှာပဲ သူမရင်ထဲ ဒိတ်ကနဲဖြစ်သွားသည်။ စိတ်ပညာဘွဲ့ရ တယောက်ဖြစ်တာကြောင့် လူတွေရဲ့ မျက်လုံးကတဆင့် အတွင်းစိတ်ကို မြင်နိုင်အောင် ကြိုးစားလေ့ကျင့်ခဲ့ဖူးသည်။ ကိုစစ်နိုင်မျက်လုံးတွေက မရိုးသား။ ကောက်ကျစ်စဉ်းလဲမှု သဏ္ဍာန်လေးတွေကို တွေ့နေရသလိုလိုရှိသည်။ သို့ပေမယ့် လူမှုရေး အရမို့ သူမ ပြန်နှုတ်ဆက်လိုက်ပါသည်။

 

“ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ်။ အိမ်ကို အလည်လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

“ကျွန်တော်က နောက်ဆို ခဏခဏ ရောက်ဖြစ်တော့မှာ။ ကိုအောင်နဲ့ စီးပွားရေး တူတူ လုပ်မလားလို့”

ကိုစစ်နိုင်က လိုသည်ထက် ပိုနေသော အပြုံးများဖြင့် ပြန်ပြောသည်။ ကိုကြီးကို လှမ်းကြည့်မိတော့ ကိုကြီးမျက်နှာက အရမ်းကို ပျော်ရွှင် လန်းဆန်းနေတာကြောင့် ဘာမှ ဆက်မပြောမိတော့။ သူငယ်ချင်းဟောင်းနှင့် ပြန်တွေ့ရလို့ ပျော်နေပုံပေါ်သည်။ နှစ်ယောက်သား အတူစားကြ၊ သောက်ကြရန်သာ သွားရောက်ပြင်ဆင်ပေးလိုက်သည်။

 

နောက်ပိုင်းကျတော့ ကိုစစ်နိုင်က အိမ်ကို ချောင်းပေါက်မတတ်လာသည်။ ကိုကြီးနှင့်အတူ ပုလင်းတူဘူးစို့ သောက်ကြ၊ စားကြသည်။ သူမတို့ တတွေ စိတ်ပျက်မိပေမယ့် ကိုကြီးမျက်နှာကြောင့် မကန့်ကွက်ဖြစ်ကြ။ သတိနှင့် ဆင်ဆင်ခြင်ခြင်နေရန်သာ သူမညီမလေးများကို သတိပေးရသည်။ သို့ပေမယ့် သူမ သတိပေးရန် တယောက်တော့ ကျန်ခဲ့ပါသည်။ ဒီလောက်အထိ ယုတ်မာမယ် မထင်ထားမိခဲ့တာကြောင့်လဲ ဖြစ်သည်။ အသက် ငါးဆယ်ကျော်ပေမယ့် အလှသွေးတွေ ဝေဖြာနေဆဲဖြစ်သော စီးပွားရေး လုပ်ငန်းရှင် မုဆိုးမ မေမေ့ကို အပိုင်ကြံသွားလိမ့်မယ်လို့တော့ သူမတို့ တွေးပင် မတွေးမိခဲ့ကြပါ။ များပြားလှသော မေမေ့အလုပ်တွေကို ကူလုပ်ပေးရင်း လူအများအကြားတွင် တွဲပြီး နာမည်ထွက်အောင် ကြိုးပမ်းတာတွေ၊ ပွဲလမ်းသဘင်တွေမှာ မေမေ့နောက်က တကောက်ကောက် လိုက်တာတွေ လုပ်ပြီး ဓာတ်ပုံတွေ အတူယှဉ်တွဲထွက်လာအောင် ပိုက်ဆံပေး စီမံတာတွေ လုပ်လာတော့မှ သူမတို့ သတိထားမိပေမယ့် အသိုင်းအ၀ိုင်းကြားမှာ နာမည်က ထွက်နေခဲ့ပြီဖြစ်သည်။ မတတ်သာသည့်အဆုံး တရှက်က နှစ်ရှက် မဖြစ်အောင် မေမေက လက်ထပ်လိုက်သည်။

 

သို့ပေမယ့် စိတ်ဆင်းရဲမှုတွေကြောင့် မေမေ အသက်မရှည်ခဲ့ပါ။ မေမေဆုံးတော့ ကိုစစ်နိုင်လက်ထဲတွင် စီးပွားရေး လုပ်ငန်းအားလုံး ရောက်နေခဲ့ပြီ။ အိမ်နှင့် ပတ်သက်လို့သာ ဘယ်သူကမှ ရောင်းဖို့ သဘောမတူကြတာကြောင့် အမွေဆိုင်အိမ်ကြီးအဖြစ် နှစ်ပေါင်းများစွာ သူများလက်ထဲ မရောက်ပဲ ကျန်နေခဲ့တာ ဖြစ်သည်။ အိမ်ထဲမှာ အတုနေကြပေမယ့် အိမ်ရဲ့ စီးပွားရေးကို ကိုစစ်နိုင်ကသာ ချုပ်ကိုင်ထားတာကြောင့် သူမတို့ အိမ်ရှင်များမှာ တစတစနှင့် အရိုးအရင်းကိုက်ရသော ကျွန်ဘ၀သို့ ကျရောက်လာကြသည်။ မနေနိုင်သော ကိုငယ်က ကျောင်းထွက်ပြီး သင်္ဘောတက်သွားသည်။ အိမ်ကို ငွေပြန်ပို့ပြီး မလေးနဲ့ ညီထွေးလေးတို့ရဲ့ ကျောင်းစရိတ်ကို ထောက်ပံ့ရသည်ဆိုပေမယ့် ပေးတာယူ၊ ကျွေးတာစားနေရသော ဘ၀မှာ လူငယ်တွေရဲ့ အနာဂတ်ကား မျှော်လင့်ချက် မဲ့နေဆဲ။ သိပ်ထက်မြက်တဲ့ မိခင်တွေရဲ့ ခြေရာကို သားသမီးတွေ မှီအောင် လိုက်နိုင်စွမ်း မရှိဖူးဆိုတာ မှန်နေသလား မသိ။ မေမေရှိတုန်းက မေမေ့ကိုသာ အရာရာမှီခိုနေကြသည်မို့ မေမေမရှိချိန်တွေ သူမတို့အားလုံး မလုပ်တတ်၊ မကိုင်တတ်နှင့် ကိုစစ်နိုင် ကြီးစိုးခြယ်လှယ်သမျှသာ ခံကြရသည်။ ကိုစစ်နိုင် လက်သပ်မွေးထားသော လူဆိုးလူမိုက်များ၏ ခြိမ်းချောက်အနိုင်ကျင့်မှုတွေကိုလဲ ခံကြရသေးသည်။

 

မေမေတို့ လက်ထပ်ပြီးစဉ်တုန်းက သူမတို့တတွေ စုပြီး ကိုစစ်နိုင်ကို အလိုမရှိ လုပ်ခဲ့ကြသည်။ မေမေဆုံးပြီးတော့လဲ ကိုစစ်နိုင် အိမ်ပေါ်က ဆင်းရအောင် ကြိုးပမ်းခဲ့ကြသေးသည်။ အပြင်းအထန် ထိပ်တိုက်တွေ့နေချိန်တွင် ကိုကြီးက စင်ပေါ်ရောက်လာသည်။ သူရအောင် ဆွေးနွေးဖြန်ဖြေပေးမည်လို့ ဆိုခဲ့သည်။ ဒါကြောင့် သူမတို့ အားလုံး တညီတညာတည်း ကိုကြီးကို ခေါင်းဆောင်ရွေးခဲ့ကြသည်။ သို့ပေမယ့် ကိုစစ်နိုင်က သူ့လက်ထဲ အကုန်ရောက်နေသည့် ကြီးစိုးခြယ်လှယ်ခွင့်ကို လွယ်လွယ်နှင့် မစွန့်။ တမေဂျာတည်း အတူကျောင်းတက်ခဲ့သည့် ကိုကြီးရဲ့ ခေါင်းဆောင်မှု အရည်အချင်း ဆိုတာကိုလဲ သူက အတွင်းသိ၊ အစင်းသိ။

 

ပုလင်းတူ၊ ဗူးစို့ ဖြစ်ခဲ့သူ အချင်းချင်းဆိုတော့ ဘယ်လို အချိန်ရောက်ရင် ဘယ်လိုအထာပေးရမည်ကို နားလည်ပြီးသား။ “ဆွေးနွေးကြတာပေါ့ကွာ။ မင်းညီတွေ၊ ညီမတွေ မကျွံလာအောင်သာ မင်းထိန်းပေး” ဆိုပြီး ငါးရံ့ဆီနှင့် ငါးရံ့ပြန်ကြော်ထားခဲ့သည်။ အခြေအနေတွေကို တွေ့နေပေမယ့် ကိုကြီးကို ခေါင်းဆောင်အဖြစ် ရွေးထားခဲ့သည်မို့ သူမတို့တွေ မပြောရက်၊ မဆိုရက်၊ မဝေဖန်ရက်ကြ။ သူမတို့ အချင်းချင်းကွဲနေရင် ကိုစစ်နိုင်က နွားကွဲတုန်း၊ ကျားဆွဲ လုပ်လာမှာ စိုးလို့ ငြိမ်ကုပ်နေခဲ့ကြသည်။ သို့ပေမယ့် အခုတော့ ပြောရတော့မည်။ မပြောလို့ မဖြစ်တော့။ နွားက ကွဲတာ မဟုတ်ပဲ ခေါင်းဆောင်နွားလားက ကျားရဲတွင်းထဲကို ခုန်ဆင်းဖို့ပင် ခိုင်းနေပြီဖြစ်သည်။ သူမို့ လုပ်ရက်လေခြင်း၊ သူမို့ ပြောရက်လေခြင်း။ အတွေးများနှင့်အတူ သူမ မျက်ရည်ဝဲလာသည်။ မဖြစ်တော့။ ကိုကြီးကို သူမ စကားသွားပြောမှ ဖြစ်တော့မည်။ တားမှ ဖြစ်တော့မည်။

 

(၃)

 

“ငါတို့သူ့ကို ဆန့်ကျင်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟာ။ ထိရောက်မှုမှ မရှိတာပဲ။ ပကတိအခြေအနေမှန်ကို နားလည်လက်ခံရမယ်လေဟာ”

 

ကိုကြီးက စိတ်ဓာတ်ကျနေသော အသံဖြင့် တိုးတိုးလေး ပြောသည်။ မာရသွန်ခရီးကို မီတာ (၁၀၀) အတွေးနဲ့ ကိုကြီး ၀င် ပြေးခဲ့တာ ဖြစ်မယ်လို့ သူမ တွေးလိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူပြောတာကို အရင်နားထောင်ဖို့ ဆုံးဖြတ်လိုက်မိသည်။ ရှေ့ဆင့်နောက်ဆင့် မောင်နှမမို့ သူမတို့ နှစ်ယောက်က အနီးစပ်ဆုံး ရင်းနှီးခဲ့ကြပါသည်။

 

“ငါတို့နဲ့ သူနဲ့ တသက်လုံး ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။ ခုဆို သူ့ဘက်က လျှော့လာပြီဟာ။ ဒီအိမ်ကြီးကို စီမံခန့်ခွဲဖို့ အဖွဲ့ဖွဲ့မယ်တဲ့။ သူ့လူတွေ လဲပါမယ်။ ငါတို့ထဲကလဲ ပါမယ်။ အတူတူ စီမံအုပ်ချုပ်ဖို့။ ဘယ်လောက်ကောင်းတဲ့ အစီအစဉ်လဲဟာ။ ငါလဲ အသက်ကြီးပြီ။ သူ့ကို ဆန့်ကျင်နေရတာလဲ နှစ်များစွာ ကြာခဲ့ပြီ။ ဘာမှ မရတာထက်စာရင် ငါ့မိသားစုရဲ့ ဆက်လက်ရှင်သန် ရပ်တည်ခွင့်အတွက် ရသလောက်လေး ၀င်ယူမှ ရတော့မယ်”

 

“ရှင်သန်ခွင့်။ ဟုတ်လား ကိုကြီး။ ကိုကြီး မိသားစုရဲ့ ဆက်လက်ရှင်သန်ခွင့်အတွက် သူစီမံတာကို လက်ခံဖို့”

 

“ဟုတ်တယ်လေဟာ။ အရင်တုန်းကဆို သူပဲ အားလုံးကို ချုပ်ကိုင်ထားတာ။ ခုဆို လမ်းဖွင့်လာတာပဲ။ ငါ့မိသားစုကို သူအသိအမှတ်ပြုဖို့အတွက် ငါကြိုးစားရမယ်။ ရှင်သန်ခွင့် ဆိုတာ လူတွေအတွက်၊ မိသားစုတွေအတွက်၊ နောက်ဆုံးဟာ တိုင်းပြည်တပြည်အတွက် အရေးကြီးဆုံး အရာပဲ”

 

ဒီလောက်ဆို ကိုကြီးရဲ့ အတွင်းစိတ်ကို တွက်ချက်လို့ ရပြီဆိုတာ သူမ သဘောပေါက်လိုက်သည်။ သူမတို့ မှားခဲ့ကြပါပြီ။ အိမ်ကြီးထဲမှာ နေထိုင်တဲ့ မိသားစုသားချင်းတွေ အများကြီး ထဲကနေ သူ့မိသားစုလေး တခုတည်းကိုသာ ကွက်ပြီး စဉ်းစားတတ်သူကိုမှ တအိမ်လုံးရဲ့ အရေးအတွက် ခေါင်းဆောင်ရွေးမိ ခဲ့ကြပါပကောလား။ယူကျုံးမရ စိတ်တွေဖြင့် သူမ စကားစလိုက်မိသည်။

 

“ပြဿနာတွေကို ငါပြန်တွေးမိတယ်ဟာ။ ကိုစစ်နိုင် အိမ်ပေါ် ရောက်လာပြီးတော့ ပထမဆုံး ညီထွေးလေးနဲ့ ပြဿနာ စတက်တယ်နော်။ ပြဿနာစဖြစ်ပြီး ထိပ်တိုက်ဖြစ်နေတုန်းမှာ နင်က ပါလာခဲ့တယ်။ အဲဒီမှာ နင်က ပြဿနာတွေကို နင်ဦးဆောင်ဖြေရှင်းပေးမယ်ဆိုလို့ နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်ရွေးခဲ့ကြတယ်။ ငါတို့ နင့်ကို ရွေးခဲ့ကြတာက နင့်မိသားစုရဲ့ ခေါင်းဆောင် အနေနဲ့မဟုတ်ဘူး။ တအိမ်လုံးရဲ့ အနာဂတ်ကို ဦးဆောင်ပဲ့ကိုင်နိုင်မယ့် အိမ်ခေါင်းဆောင် အနေနဲ့ ရွေးခဲ့ကြတာ။ ငါတို့ နင့်ကို အရာရာ ပုံအပ်ခဲ့ကြတယ်။ ငါတို့အိမ်ပေါ်မှာ ကိုစစ်နိုင်ရဲ့ အုပ်စိုးခြယ်လှယ်မှု အာဏာပပျောက်ရေးအတွက် လုပ်ဖို့ တပ်ဦးမှာ ထားခဲ့ကြတယ်။ တအိမ်လုံးကို ကိုယ်စားပြုပြီး ကိုစစ်နိုင်ရဲ့ မတရားမှုတွေကို ဆန့်ကျင်ဖို့ပဲ။ ဒါပေမယ့် နင်က ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတယ်။ နင်ပြောရင် ကိုစစ်နိုင်က လက်ခံမယ်လို့ ထင်တယ်။ ဆန့်ကျင်ရေး လမ်းကြောင်းကို သွေဖည်ပြီး၊ တောင်းဆိုရေး လမ်းစဉ်ကို လိုက်တယ်။ ကိုစစ်နိုင်ကလဲ နင့်သူငယ်ချင်း အရင်းကြီးဆိုတော့ နင့်အကြောင်းကို ကောင်းကောင်း သိတယ်ထင်ပါရဲ့။ မျှော်လင့်ချက်လေးတွေ ပေးပြီး နင့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်။ နင်ကလဲ ဒါကို မသိဘူး။

အမေတယောက်လုံး ပေးလိုက်ရတာတောင် မမှတ်သေးဘူး။ ယုံတုန်းပဲ။ နောက်ဆုံး နင့်ကို ငါတို့အားလုံးက ရွေးပြီး၊ ယောက်ျားချင်း စိန်ခေါ် အနိုင်ယူဖို့ ၀န်းရံပေးခဲ့တာတောင် နင်က ညောင်နာနာလုပ်နေလို့ နင့်မိန်းမနဲ့ အငယ်ကောင်လေး အိမ်ပေါ်က ဆင်းသွားရတဲ့ အထိပဲ မဟုတ်လား။ နင့်မိန်းမက အဝေးမှာ ရောက်နေပေမယ့်လဲ ငါတို့ကို မေ့မသွားပါဘူးဟာ။ အိမ်ရဲ့ အရေးအတွက် ဆက်ပြီး လုပ်နေတုန်းပဲ။ ကိုစစ်နိုင်ကို ဘယ်လို ဆန့်ကျင်ပြီး သူ့ကျွန်ဘ၀ကနေ ငါတို့ တအိမ်လုံးလွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ခုအချိန်အထိ ကြံဆပေးနေတုန်းပဲ။ နင်က နင့်မိသားစု အရေးပဲ ကြည့်မယ်လို့ ပြောတယ်။ နင့်အပေါ် ယုံကြည်ခဲ့ကြတဲ့ ငါတို့တွေကို ထည့်မတွက်ရင်နေပါ။ အဝေးမှာ ရောက်နေတဲ့ နင့်မိန်းမနဲ့ နင့်သားအငယ်လေးကကော နင့်မိသားစု မဟုတ်ဘူးလား။ ပြီးတော့ နင့်သမီး။ နင့်သမီးဟာ ငါတို့ တအိမ်လုံးရဲ့ လက်ပေါ်မှာ ကြီးလာခဲ့တာ။ နင်ကသာ နင့်မိသားစုဆိုပြီး ခွဲခြားဆက်ဆံနေပေမယ့် နင့်သမီး၊ နင့်မျိုးဆက်ကို ငါတို့က ဆွေမျိုးသားချင်း၊ ဒီအိမ်ကြီးတခုလုံးရဲ့ မျိုးဆက်လို့ သဘောထားခဲ့ကြတာ။ သူ့စိတ်ထဲမှာကလဲ နင့်လို နင်တို့ မိသားစု ရှင်သန်ခွင့်၊ နင်တို့ မိသားစု အနာဂတ်ကိုပဲ ကြည့်ပြီး ကိုစစ်နိုင်ရဲ့ ကြိုးကိုင်အုပ်စီးမှုကို ခံချင်တဲ့ စိတ်မရှိဘူး။ အေး- ရှင်သန်ခွင့်ဆိုလို့လဲ ငါက ပြောရဦးမယ်။ နင်က နင့်သူငယ်ချင်းဟောင်း ပုလင်းတူဘူးစို့ လူယုတ်မာကို တော်တော်ယုံတယ် ဟုတ်လား။ သူပြောတာက ရှင်းရှင်းလေးနော်။ သူ့ရဲ့ စီမံခန့်ခွဲရေး အဖွဲ့ဆိုတာမှာ သူ့မွေးစားသားတွေဆိုပြီး အိမ်ထဲမှာ ဓားတကိုင်ကိုင်နဲ့ လမ်းပတ်လျှောက်နေတဲ့ စစ်သွေးရယ်၊ အရက်မူးပြီး ရမ်းကားနေတဲ့ ဖြိုးအောင်ရယ်၊ အားအာယားယား အကျီင်္ချွတ်ပြီး သူ့ဗလ ကြီးကြောင်း လိုက်ပြနေတဲ့ စွမ်းအားရယ်တွေက အဓိက ပါမှာ။ ပြီးတော့ အိမ်လုံခြုံရေး တာဝန်ခံက ကိုစစ်နိုင်ကိုယ်တိုင်ပဲ။

သူရေးထားတဲ့ အဖွဲ့အကြောင်း နင်သေချာကော ဖတ်ပြီးပြီလား။ အဲဒီ စီမံခန့်ခွဲရေး အဖွဲ့ကို အိမ်လုံခြုံရေးအရ အချိန်မရွေး ဖျက်သိမ်းလို့ ရပါတယ်ဆိုနေမှ။ သူကြိုးကိုင်တာမဟုတ်လို့ ဘာလဲ။ နင့်ကိုကော သူက ဘယ်လောက်ထိ အရေးပေးမယ် ထင်လို့လဲ။ ခြံထဲမှာ တံမြက်စည်းလှဲဖို့၊ ပန်းပင်ရေလောင်းဖို့ တာဝန်လောက် ရရင်တောင် ကံကောင်းတယ်မှတ်ပါ။ နင့်ကို သူက လူလိုသူလို သဘောထားပြီးများ သူ့အဖွဲ့ထဲ ပါဖို့ ခေါ်နေတယ် ထင်လို့လား။ နင်က အစ်ကို အကြီးဆုံးဆိုတော့ နင့်ကို ချိုးထားနိုင်ရင် ငါတို့ အားလုံး သူ့ကို ဆန့်ကျင်နေတာတွေ ရပ်သွားနိုင်ပြီဆိုပြီး ပါခိုင်းနေတာ ကိုကြီးရဲ့။ ငါတို့က နင့်ကို မတရားအနိုင်ကျင့်ခံနေရတဲ့ ငါတို့ တအိမ်လုံးက လူတွေရဲ့ ရှေ့မှာမားမားမတ်မတ် ရပ်တည်ပေးဖို့ ခေါင်းဆောင်ကြီး နေရာမှာ ထားခဲ့ကြတာပါဟာ။ တပ်ဦးမှာ ထားခဲ့ကြတာပါ။ ရှင်သန်ခွင့် ဆိုတာကို နင်က လူယုတ်မာ ကိုစစ်နိုင်ရဲ့ အသိအမှတ်ပြုမှုလို့ သဘောပေါက်ပေမယ့် ငါကတော့ ငါတို့ တအိမ်လုံးရဲ့ ခေါင်းဆောင်ကြီးအဖြစ် ရှင်သန်ခွင့် ဆိုတဲ့ တခြား အမျိုးအစားလဲ ရှိသေးတယ်လို့ ထင်တာပဲ။ နင်ကလူယုတ်မာရဲ့ စီမံချက်ကို လက်ခံမယ်လို့ စကားစရုံ ရှိသေးတယ်။ နင့်အပေါ် ၀န်းရံခဲ့သူတွေရဲ့ နင့်အပေါ် မြင်သွားတဲ့ အမြင်တွေ၊ နောက်ဆုံး နင့်မျိုးဆက် ကိုယ်တိုင်က နင့်ကို ပြန်ကြည့်နေတဲ့ မျက်လုံးတွေကို နင်မတွေ့ဘူးလား။ နင်လက်ခံလိုက်တာနဲ့ တအိမ်လုံးရဲ့ အရေးကို လုပ်နေတဲ့ တပ်ဦးနေရာကနေ နင်ဘာသာနင် ဖယ်ရှားလိုက်ပြီဆိုတာ သဘောပေါက်စမ်းပါဟာ ငါတို့ရဲ့ ခေါင်းဆောင်ကြီး လုပ်ခဲ့ဖူးသူက လူယုတ်မာရဲ့ ဖိနပ်ကြိုးကို ချည်ပေးနေရတာကိုတော့ ငါ မမြင်ပါရစေနဲ့။ ငါရင်နာလွန်းလို့ပါ။

အတိုချုပ်ဆိုရရင် နင်ပြောနေတဲ့ ရှင်သန်ခွင့်ဆိုတာမှာ နှစ်မျိုးရှိတယ်ဟာ။ လူယုတ်မာက နင့်ကို အသိအမှတ်ပြုပြီး သူ့ရဲ့ ကျွန်နေရာမှာ ထားတာကို ခံယူဖို့အတွက် ရှင်သန်ခွင့်နဲ့ တအိမ်လုံးက နင့်ကို တပ်ဦးမှာ ထားပြီး လူယုတ်မာကို ဆန့်ကျင်ဖယ်ရှားတာတွေမှာ ခေါင်းဆောင်အဖြစ် ရှင်သန်ခွင့်။ ဒီနှစ်ခုမှာ နင်တခုခုတော့ ရွေးရလိမ့်မယ်။ ငါကတော့ နင့်ကို ဒုတိယရှင်သန်ခွင့်ကို ရွေးစေချင်တယ်။ အေး- အဲလိုဆိုလို့။ ငါတို့တွေအားလုံးထဲမှာ နင်က မရှိမဖြစ် အရေးပါနေလွန်းလို့တော့ မထင်နဲ့။ နင်မရှိပဲနဲ့လဲ ညီထွေးလေး ဦးဆောင်ပြီး သူ့ကို ငါတို့ ဆန့်ကျင်ခဲ့ဖူးပါတယ်ဟာ။ နင်က နောက်မှ ပေါ်လာခဲ့တာပါ။ ဒါပေမယ့် နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်တင်ခဲ့ပါတယ်။ အမြင့်ကို ပို့ခဲ့ပါတယ်။ မြင့်တယ်ထင်ပြီး ခုန်ချရင်တော့လဲ နင့်သမိုင်းပေါ့။ ငါဘယ်တတ်နိုင်မလဲ။ နင်က ငါ့ထက် အသက်ကြီးပါတယ်။ ငါ့ထက်လဲ ပိုပြီး စဉ်းစားဥာဏ် ရှိလိမ့်မယ်လို့ ငါယုံပါတယ်။ နင်သေချာ စဉ်းစားနော်ကိုကြီး။ ဘ၀မှာ ပြင်လို့ ရတဲ့ အမှားရှိသလို ပြင်လို့ မရတဲ့အမှားလဲ ရှိတယ်။ နောက်ပြန်ဆုတ်လို့ ရတဲ့ လမ်းဆိုတာ ရှိသလို ရှေ့တလှမ်းတိုးမိတာနဲ့ ထောင်ချောက်ထဲ ကျသွားတတ်တာတွေလဲ ရှိတယ်။ ငါပြောသင့်လို ပြောပြီးပြီဟာ။ နင့်ဘာသာပဲ ဆုံးဖြတ်တော့”

 

ငြင်းခုန်ဖို့ သွားခြင်း မဟုတ်သည့်အတွက် သူမ ထထွက်လာခဲ့သည်။ ကိုစစ်နိုင်ရဲ့ ဖိနပ်ကို ကြိုးချည်ပေးနေရသော ကိုကြီးရဲ့ ဘ၀ကို မတွေ့ရပါစေနဲ့ လို့တော့ စိတ်ထဲမှာ ဆန္ဒတွေ အပြည့်နှင့်။

 

ခင်မမမျိုး (၂၂၊ ၃၊ ၂၀၁၀)

 
ကမ္ဘာမကျေဘူး


(၁)

‘ဒီမိုကရေစီရရှိရေး’ ‘တို့အရေး၊တို့အရေး’

‘စစ်အစိုးရပြုတ်ကျရေး’ ‘တို့အရေး၊တို့အရေး’

‘လူသတ်အစိုးရပြုတ်ကျရေး’ ‘တို့အရေး၊တို့အရေး’

‘မုဒိမ်းအစိုးရပြုတ်ကျရေး’ ‘တို့အရေး၊တို့အရေး’





နာကျည်းမှု နှလုံးသားများဆီမှ ထွက်ပေါ်လာသော ပြည်သူတို့၏ ရင်ဖွင့်ဟစ်ကြွေးသံများက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မြန်မာသံရုံးရှေ့တွင် ဟိန်းညံလို့နေသည်။ ရှေ့ဆုံးမှနေ၍ ကြွေးကြော်သံများကို တိုင်ပေးနေသူက လန်ဒန်ဆေးရုံကြီးမှ နှလုံးအထူးကုဆရာဝန် ကိုနိုင်ဇော်ဟိန်း။ မုဒိမ်းအစိုးရ ပြုတ်ကျရေးဆိုသည့် ကြွေးကြော်သံသို့ရောက်တိုင်း သူ့အသံများက နစ်ဝင်လို့သွားသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် အတိတ်က အရိပ်တွေက ရိုက်ခတ်နေဆဲပါလားညီမလေးရယ်။



Read more...
 
«StartPrev12NextEnd»

Page 1 of 2
©2009-12 အရှေ့ မိုးကောင်းကင်