ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (အမှတ် ၁၈)
မေမြို့အထူးဗိုလ်သင်တန်း
၁၉၄၅ ခုနှစ် စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များမှာ မြန်မာတို့ဘက်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် တဲ့အဖွဲ့နဲ့ ဗြိတိသျှတို့ဘက်က လော့ဒ်လူဝီမောင့်ဘက်တန်တို့ ခေါင်းဆောင်တဲ့ အဖွဲ့ ၂ ဖွဲ့ သီဟိုဠ်ကျွန်း (ယခု သီရီ လင်္ကာနိုင်ငံ) ကန္ဒီမြို့တွင် မျိုးချစ်ဗမာ့တပ်မတော် အနာဂတ်နဲ့ ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြပြီး “ကန္ဒီစာချုပ်” ကို ချုပ်ဆိုခဲ့ကြပါတယ်။
အဲဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်က တပ်သားဦးရေ ၅၂၀၀ နဲ့ အရာရှိ ၂၀၀ ကို အမြဲတမ်း မြန်မာနိုင်ငံ တပ်မတော် (Burma Regular Army) တဲသို့ ပူးပေါင်းထည့်သွင်းရန် ဖြစ်ပါတယ်။ အဲဒီကာလ ဗမာ့နိုင်ငံရေးနယ် ပယ် (အထူးသဖြင့် လက်ဝဲသမားများအကြား) ဘရောက်ဒါဝါဒ ဝင်နေစဉ်ကာလဖြစ်လို့ ဒီစာချုပ်ကို ချုပ်ဆိုခဲ့ကြ တာပါ။ လွတ်လပ်ရေးကို ငြိမ်းချမ်းစွာနဲ့ တောင်းဆိုရယူနိုင်တယ်တဲ့။ အဲဒီအယူအဆအောက်မှာ ဂျပန်ကို အောင် မြင်စွာ တော်လှန်နိုင်ခဲ့ကြတဲ့ လက်နက်ကိုင် နှစ်သောင်းကျော်ရှိတဲ့ မျိုးချစ်ဗမာ့တပ်မတော်(Patriotic Burma Force -PBF) ကို ဖျက်သိမ်းပေးလိုက်ကြပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အဲဒီအထဲက လူပေါင်း ငါးထောင်ကျော်ကို အမြဲတမ်းတပ်ထဲ ပြန်သွင်းပေးလိုက်ပြီး ပီပီပြင်ပြင် တပ်မတော်တရပ်ဖြစ်လာအောင် လုပ်နိုင်တာကတော့ အရှုံးထဲ က အမြတ်လို့ပဲ ဆိုရမှာပါ။
အဲဒီစာချုပ်အရပဲ အသစ်ဖွဲ့လိုက်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၃) ကို သံလျင်မှာ ဖွဲ့စည်းဖွင့်လှစ်ပြီး ဖေဖေက ဒုတပ်ရင်းမှူးအဖြစ် အဲဒီရောက်သွားပါတယ်။ တပ်ရင်းမှူးက အင်္ဂလိပ်လူမျိုး (အိုင်းရစ်လူမျိုး) ဒုဗိုလ်မှူးကြီး သန်းဒါးပါ။ စာချုပ်ပါ သဘောတူညီချက်တွေအရ အသစ်ဖွဲ့လိုက်တဲ့ ဗမာ့တပ်မတော်က တပ်မတော်အရာရှိတွေ ကို ဗြိတိသျှတပ်မှူးများက စစ်ပညာများကို သင်ပေးဖို့အတွက် မေမြို့မှာ အထူးဗိုလ်သင်တန်းဖွင့်ခဲ့ပါတယ်။
အဲဒီအထူးဗိုလ်သင်တန်းကို အသစ်ဖွဲ့လိုက်တဲ့ တပ်ရင်းအသီးသီးက အရာရှိကြီးငယ်များ အတော်များများ တက်ကြရပါတယ်။ တနှစ်လောက် သင်ရမယ့် သင်ရိုးညွှန်းတန်းကို ၃ လနဲ့ အပြီးတက်ကြရတာဖြစ်ပါတယ်။ သင် တန်းပေးသူအားလုံးဟာ အင်္ဂလိပ်လူမျိုးများဖြစ်ပြီး၊ ဗမာ့တပ်မတော်အပေါ် တစုံတရာ မကျေမလည်ရှိမှုကြောင့် ရော(သူတို့ကို တော်လှန်ခဲ့လို့) ဗမာတွေအပေါ် လူမျိုးရေးအရ အထင်သေးမှုကြောင့်ရော ဆက်ဆံရေးတွေဟာ တခါတရံ ပြင်းထန်တတ်ပါတယ်။ ဗမာတွေဘက်ကတော့ နောင်အနာဂတ် ခေတ်မီ ဗမာ့တပ်မတော်ကြီး ပေါ်ပေါက်လာရေးဆိုတဲ့ မြင့်မြတ်လှတဲ့ ရည်ရွယ်ချက်ပန်းတိုင်အောက်မှာ ဒီဒုက္ခတွေကို ကြိတ်မှိတ်ခံပြီး စစ်ပညာတွေကို အပတ်တကုတ် သင်ယူခဲ့ကြပါတယ်။
ဒီအကြောင်းအရာတွေကိုတော့ ဗိုလ်မှူးကြီး(ဟောင်း) တင်မောင်ရေးတဲ့ “တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်” စာအုပ်မှာ အပြည့်အစုံ တွေ့နိုင်ပါတယ်။
၁၉၇၀ ခုနှစ်များမှာ အဲဒီစာအုပ်ထွက်လာတာပါ။ အဲဒီစာအုပ်ထွက်လာတော့ စာရေးသူ ဗိုလ်မှူးကြီး တင် မောင်ကိုယ်တိုင် လက်မှတ်ထိုးပြီး ကိုယ်တိုင် ဖေဖေ့ဆီလာပို့ပါတယ်။ ကျွန်မတို့က အဲဒီတုန်းက စမ်းချောင်းဆီဆုံ လမ်းအိမ်ကလေးမှာပါ။ ဗိုလ်မှူးကြီးတင်မောင်ကိုယ်တိုင်လည်း အဲဒီတုန်းက ပင်စင်ယူပြီး တောင်ကြီးမှာ နေပါ တယ်။
အဲဒီစာအုပ်ကို ကျွန်မတို့မောင်နှမတတွေ ဖတ်ကြပြီးတော့ ဖေဖေ့ကို တောင်မေးမြောက်မေးတွေ မေးကြည့်ကြပါ တယ်။ ဖေဖေလည်း အဲဒီစာအုပ် အရင်ဖတ်သူဖြစ်လို့ တချို့ရှေးဖြစ်ဟောင်း အကြောင်းအရာတွေကို သူလည်း သတိရလာနေပြီး အဲဒီကာလက အဖြစ်အပျက်များကို စိတ်လိုလက်ရ ပြန်ပြောပြဖူးပါတယ်။
ဖေဖေက သူတို့ ဂျပန်မှာ သင်ခဲ့ရတဲ့ စစ်ပညာဟာ အလွန်နိမ့်တယ်တဲ့။ တပ်ခွဲမှူး၊ တပ်စုမှူး အဆင့်လောက်ပဲ သင်ပေးတာ။ ကိုယ်က ဘာတပ်မှ မရှိတော့ အေက်ခြေလုပ်ငန်းတွေနဲ့ လူစုပြီး တပ်ဖွဲ့နိုင်ရေးအတွက် ရည်ရွယ်ပြီး သင်ပေးခဲ့ကြတာတဲ့။ ဒီအင်္ဂလိပ်တွေဖွင့်တဲ့ အထူးဗိုလ်သင်တန်းမှာတော့ တပ်ရင်းအဆင့်ဖြစ်လို့ သဘောတရား အခြေခံကအစ အဆင့်မြင့်ကြောင်းစတာတွေကို ဖေဖေက ပြောပြပါတယ်။
ဖေဖေတို့က အဲဒီအချိန်က ဂျပန်တော်လှန်ရေးအတွင်း လက်တွေ့တိုက်ပွဲတွေ အတော်များများ တိုက်ထားရလို့ လက်တွေ့အတွေ့အကြုံတွေ အတော်ရှိနေကြပြီး ဒီသင်တန်းက သဘောတရားလက်နက်တွေ တင်ဆင်ပေးလိုက် တဲ့အခါ လူတွေဟာ အတွေးအခေါ်အရ ပွင့်ထွက်သွားပြီး အလွန်ရရှိချက် ကောင်းခဲ့ကြတယ်လို့လည်း ပြောပြပါ တယ်။
ဒီအင်္ဂလိပ်သင်တန်းဆရာတွေ (အထူးသဖြင့် သင်တန်းမှူး မေဂျာဟတ်ဖို့ဒ်) ဟာ သဘောတရား အခြေခံတွေ အ တော် ကျေညက်ကြပြီး သင်ကြားတော့လည်း အလွန်စနစ်ကျတယ်လို့ ဖေဖေပ ဆိုပါတယ်။ သိပ် Professional ဖြစ်တာပဲတဲ့။
ဥပမာ ဟတ်ဖို့ဒ် သင်ကြားပို့ချပေးခဲ့တဲ့ Appreciation of Sitnation ဆိုရင် ဘာကိစ္စလုပ်လုပ် အလွန်အသုံးဝင်ခဲ့ပြီး၊ အဲဒီနောက်ပိုင်း တိုက်ပွဲတွေမှာ ဖေဖေက အဲဒီသဘောတရားကို စနစ်တကျ လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီ စွာ အသုံးချခဲ့လို့ အကျအဆုံးရော အရှုံးနဲ့ နစ်နာချက်တွေပါ နည်းပါးခဲ့ရတယ်လို့ ဆိုပါတယ်။
ဖေဖေက သူတိုက်ပွဲတပွဲ၊ ကိစ္စတခုအတွက် သေနင်္ဂဗျူဟာ ဆွဲပီဆိုရင် ရန်ငါအခြေအနေ၊ အချိုးအစား၊ အား ကောင်းချက်အားနည်းချက် အားလုံး ပြည့်စုံလုံလောက်အောင် ဖက်စုံထောက်လှမ်းရေးလုပ်ငန်းကို ရေပက်မဝင် အောင် အရင်လုပ်ဆောင်ပြီးမှာ စီမံကိန်းဆွဲတာတဲ့။ ဖြစ်နိုင်ချေအားလုံးကို လုပ်ဆောင်ပြီးမှ ရေးဆွဲတဲ့စီမံကိန်းများ ဖြစ်လို့ အဖုအထစ်မရှိလှကြောင်း ကျွန်မတို့ကို ဖေဖေက ပြောပြဖူးပါတယ်။
အဲဒီသင်တန်းတက်တော့ ဖေဖေတို့တတွေဟာ ဂျပန်တော်လှန်ရေးအတွင်း ထင်ရှားကျော်ကြားပြီး တပ်မှူးကြီးများ ဖြစ်နေကြပေမယ့် သင်တန်းသားများအဖြစ် တစုတဝေးတည်း ပြန်ဆုံကြရတဲ့အခါ ငယ်စိတ်တွေ ပေါက်ပြီး တပျော်တပါးကြီး ပျော်ကြရွှင်ကြ နောက်ကြပြောင်ကြနဲ့ ငယ်မူတွေပြန်ခဲ့ကြတယ်ဆိုပဲ။
တနေ့ သူတို့တတွေကို အင်္ဂလိပ်သင်တန်းမှူက မနက်ကျန်းမာရေး လေ့ကျင့်ခန်းအဖြစ် ပြေးခိုင်းတာ မြို့ပြင်က ဘုန်းကြီးကျောင်းတကျောင်းထဲ ရောက်သွားကြသတဲ့။ သူတို့ လူကြီးတချို့ ဘုန်းကြီးကျောင်းပေါ်တက်ပြီး ဘုန်း ကြီးကို ဝတ်ချကန်တော့ တော့ ဘုန်းကြီးက သူတို့နာမည်တွေကိုလည်း သိထားတော့ အကျိုးအကြောင်း မေးမြန်း တော့တာပေါ့။ မေးရင်းမြန်းရင်းက ဘုန်းကြီးက “သြော်ဒကာကြီးတို့လည်း အိုးအိမ်တွေ ခွဲထားပစ်ထားခဲ့ရတာ၊ သားသမီးတွေကို သတိရကြမှာပဲ”လို့ ဆိုသတဲ့။ ဒီတော့ သူတို့အထဲက ခေါင်းဆောင်လုပ်လာတဲ့ ဗိုလ်လက်ျာက “ကလေးတွေလည်း သတိရတာပါပဲ၊ ဒါပေမဲ့ ဒကာမကြီးကို ပိုသတိရမိတာပေါ့ ဘုရား”လို့ ခပ်တည်တည် လျှောက်သတဲ့။ ဘုန်းကြီးခမျာ အတော် ကသိကအောက်ဖြစ်သွားဆိုပဲ။ ဖေဖေက “အစ်ကိုကြီးဗိုလ်လက်ျာဟာ အဲဒီလို နောက်တီးနောက်တဲ့တွေလည်း လုပ်တတ်တယ်” လို့ ရယ်မောပြီး ပြေပြပါတယ်။
လှကျော်ဇော
၁-၇-၂၀၁၀။