ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း ၁၀ အဆက်) နိဂုံးပိုင်း
ဥရောပတိုက်သည် ဘိုနာပတ် (၂) ယောက်အတွက်ဆိုလျှင် သိပ်ပြီးငယ်လွန်းနေသည်မို့ ဘိုနာပတ်တယောက်က သမိုင်းဇာတ်ခုံပေါ်က ဆင်းပေးလိုက်ရပါသည်။ ဆင်းပေးလိုက်ရတဲ့ တယောက်ကတော့ လူဝီဘိုနာပတ်ပါ။ ဘစ်စ်မတ် အောင်ပွဲခံသွားခဲ့ပါသည်။ ပရပ်ရှားဘုရင် ဝီလီယံသည် ဂျာမန်အင်ပါယာကလေး (သြစတီးရီးယား မပါ) ကို (၁၈၇၁) ခုနှစ်မှာ ပရပ်ရှား လက်အောက်ခံအဖြစ် တည်ဆောက်ခဲ့ပါသည်။
လူဝီဘိုနာပတ်သည် (၁၈၇ဝ) ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့တွင် သုံ့ပန်းဖြစ်ခဲ့ရပါသည်။ သူ သုံ့ပန်းဖြစ်အပြီး စက်တင် ဘာလ (၄) ရက်နေ့အရောက်တွင် ပဲရစ်တော်လှန်ရေး ပေါ်ထွက်လာခဲ့လေသည်။
ပြင်သစ်အင်ပါယာနိုင်ငံတော်သည် ကလေးများကစားသည့် သဲပုံအိမ်ကလေးပမာ ပြိုကွဲပျက်စီးသွားပြီး သမ္မတနိုင်ငံ ကို တဖန် ပြန်လည်ကြေညာရပြန်သည်။
သို့ရာတွင် ပြင်သစ်ပြည်၏ တံခါးပေါက်မှာ ရန်သူတွေ ရောက်နေပြီ။ ပရပ်ရှားသည် ခုခံစစ်ပွဲအဆင့်ကို ကျော်လွန်ပြီး ကျူးကျော်စစ်ဆင်လိုက်ပါပြီ။ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပဲရစ်မြို့ကို ဝိုင်းထားလိုက်ကြသည်။
ပြင်သစ်အင်ပါယာ၏ စစ်တပ်တွေကတော့ မက်ဇ်မြို့မှာ မျှော်လင့်ချက်မရှိအောင် အဝိုင်းခံခဲ့ကြရသည်။ သို့မဟုတ် လျှင်လည်း ဂျာမဏီမှာ သုံ့ပန်းဖြစ်နေကြရသည်။ ဤသို့သော အရေးပေါ်အခြေအနေတွင် ယခင်ဥပဒေပြုအဖွဲ့မှ ပဲရစ်ကိုယ်စား လှယ်များကို သူတို့ဘာသာ “အမျိုးသားကာကွယ်ရေးအစိုးရ” တရပ် ဖွဲ့စည်းကြဖို့ ပြည်သူလူထုက ခွင့်ပြုပေးလိုက်ရသည်။ ထိုစဉ် အချိန်အခါနှင့် အခြေအနေများအလျောက် ကာကွယ်ရေးရည်ရွယ်ချက်အတွက် အလောသုံးဆယ် ခွင့်ပြုပေး လိုက်ရ ခြင်း ဖြစ်၏။ သည့်နောက်တွင်မူ လက်နက်ကိုင်နိုင်စွမ်းရှိသော ပဲရစ်မြို့သားမှန်သမျှ အမျိုးသားကာကွယ်ရေးတပ်ထဲ ဝင်ပြီး လက်နက်ကိုင်ခဲ့ရသည်။ ပဲရစ်လူထုသည် တပ်ရင်း (၁၉၄) ရင်းကို ဖွဲ့ပြီး ခုခံရေးစစ်ပွဲမှာ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
ထို့ကြောင့် ယခုအခါတွင် လက်နက်ကိုင်ထားသူများအတွင်း၌ အလုပ်သမားတွေက အများစု ဖြစ်နေသည်၊။ သို့ရာ တွင် အချိန်ဘာမှမကြာလိုက်သေးခင် လုံးဝနီးပါး ဓနရှင်တွေဖြစ်ကြသည့်အစိုးရနှင့် လက်နက်ကိုင်ထားသော ပစ္စည်းမဲ့တို့ အကြား အတိုက်အခံဖြစ်မှုသည် အတိအလင်း ပဋိပက္ခအဖြစ် ပေါက်ကွဲပေါ်ထွက်လာသည်။ အကြောင်းမူကား ကာကွယ်ရေး အစိုးရသည် လူထုကို လှည့်ဖျားကာ ပရပ်ရှားတို့ကို အညံ့ခံဖို့ ကြံစည်ခဲ့ကြသည့်အတွက် ဖြစ်သည်။
ဤသည်တွင် အောက်တိုဘာ (၃၁) ရက်နေ့မှာ ဘလန်ကွီး ခေါင်းဆောင်ပြီး “အမျိုးသားကာကွယ်ရေးအစိုးရ”ကို ပုန်ကန်ကြသည်။ အလုပ်သမားတပ်ရင်းများသည် မြို့တော်ခန်းမကို မုန်တိုင်းဆင်တိုက်ခိုက်ပြီး အစိုးရအဖွဲ့ဝင်တချို့ကို ဖမ်းဆီး လိုက်ကြသည်။ သို့ရာတွင် ဓနရှင်ပေါက်စ တပ်ရင်းတချို့က ကြားဝင်လာမှုကြောင့် ဖမ်းထားသူတွေကို ပြန်လွှတ်ပေးလိုက် ရသည်။ နိုင်ငံခြားတိုင်းတပါး စစ်အင်အားတရပ်၏ ဝိုင်းဝန်းခြင်းခံနေရသောမြို့တော်အတွင်းမှာ ပြည်တွင်းစစ်ဖြစ်မနေစေလို သည့် လူထုကြီး၏ဆန္ဒ ကြောင့် အစိုးရသည် ပိုနေမြဲ ကျားနေမြဲဆိုသလို သူ့နေရာသူ ပြန်ရသွားသည်။
ပြည်သူလူထုက (၁၈၇၁) ခုနှစ်၊ ဇန်နဝါရီ (၂၂) ရက်နေ့တွင် ထပ်မံပုန်ကန်ခဲ့သေးသည်။ သို့ရာတွင် မအောင်မြင် ခဲ့ပါ။ နောက်ဆုံးကျတော့ (၁၈၇၁) ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အဝိုင်းခံနေရသည့်အတွက် ငတ်မွတ်ခေါင်းပါးမှု ဖြစ်နေရသော ပဲရစ်သည် ရန်သူတွေကို အလျှော့ပေးလိုက်ရသည်။ သို့ရာတွင် စစ်ပွဲသမိုင်းမှာ တခါမျှ မကြုံခဲ့ဖူးသေးသည့် ဂုဏ်ပုဒ်တွေနှင့်ပါ။
ခံကတုတ်တွေမှာ လက်နက်ချကုန်ကြသည်။ မြို့တံတိုင်းတွေမှာ သေနတ်လက်နက်များမရှိတော့။ ရှေ့တန်းက ကာကွယ်ရေး တပ်ရင်းကြီးများနှင့် ကာကွယ်ရေးလှုပ်ရှားတပ်များက လက်နက်တွေကို အပ်လိုက်ကြပြီး သူတို့ကိုယ်သူတို့ စစ်သုံ့ပန်း ဖြစ်သွားပြီဟု ထင်ထားလိုက်ကြသည်။
သို့ရာတွင် အလုပ်သမားများပါဝင်သော အမျိုးသားကာကွယ်ရေးတပ်ကသူတို့၏ သေနတ်လက်နက်များကို တင်း တင်းကျပ်ကျပ် ဆက်လက်ဆုပ်ကိုင်ထားပြီး အနိုင်ရသူတွေနှင့် အပစ်အခတ်ရပ်စဲရေးလောက်သာ လုပ်ခဲ့ကြလေသည်။
သည့်အတွက် အနိုင်ရသူတို့သည် ပဲရစ်မြို့တော်တွင်းသို့ အောင်ပွဲခံဖို့ ဝင်မလာရဲကြတော့။ သူတို့သည် ပဲရစ်မြို့ တော် ၏ သေးငယ်လှသည့် ထောင့်နေရာလေးတခုကိုသာ သိမ်းရဲသိမ်းနိုင်ခဲ့ပါသည်။ ထိုမျှမက သည်ထောင့်ကလေး ဆိုတာက လည်း အပန်းဖြေ ပန်းခြံတွေ၏ တစိတ်တပိုင်းနေရာကလေးမျှသာပါ။ နောက်ပြီး သည်ထောင့်နေရာကလေးလောက်ကို တောင်မှ သူတို့ ရက်နည်းနည်း လောက်ပဲ သိမ်းနိုင်ခဲ့တာပါကလား။
သည်အချိန်အတောအတွင်း ပဲရစ်မြို့ကို ၁၃၁ ရက်တိုင်တိုင် ဆက်တိုက် ဝိုင်းထားခဲ့သည့် ရန်သူတွေသည် ယခုတော့ သူတို့ကိုယ်တိုင် ပဲရစ်က လက်နက်ကိုင်အလုပ်သမားများ၏ ဝိုင်းဝန်းထားမှုကို ခံနေကြရပါပကော။ ပဲရစ်အလုပ်သမားတို့သည် နိုင်ငံခြားစစ်နိုင်သူများကို ခွင့်ပြုပေးထားသည့် ကျဉ်းမြောင်းစွာ ကန့်သတ်ထားသော ထောင့်နေရာကလေးမှနေပြီး ဘယ်‘ပရပ် ရှား’ တဦးတယောက် မျှ ရှေ့တက်မလာရအောင် မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေကြလေသည်။
သူတို့ရှေ့မှောက်မှာပင် အင်ပါယာနိုင်ငံတော်၏တပ်တွေ လက်နက်ချကုန်တာ ကြုံတွေ့ခဲ့ရသော ပရပ်ရှားတပ်မတော် အတွက် ပဲရစ်အလုပ်သမားများ၏ ဒီဆောင်ရွက်ချက်သည် လေးစားဖွယ် ဖြစ်နေပါတော့သည်။ နောက်ပြီး တော်လှန်ရေး၏ အိုးအိမ်ဖြစ်သော ပဲရစ်ကို လက်စားချေဖို့ ရောက်ရှိလာခဲ့ကြသည့် ပရပ်ရှား မင်းညီမင်းသားတို့မှာလည်း ဒီလက်နက်ကိုင် တော်လှန်ရေးနှင့် ဒီ လက်နက်ကိုင် အလုပ်သမားတို့ကို မတ်မတ်ရပ်ပြီး အရိုအသေပေးဖို့နှင့် အမှန်တကယ် အသေအချာ အလေးပြုဖို့ခိုင်းစေခြင်း ခံနေရပါပကော။
စစ်ပွဲအတွင်း ပဲရစ်အလုပ်သမားတို့သည် တိုက်ပွဲကို ကြံ့ကြံ့ခိုင်ခိုင် ဆက်တိုက်သွားဖို့ ကိုယ့်ကိုယ်ကို တင်းတင်း ကျပ်ကျပ် တောင်းဆိုခဲ့ကြသည်။
သို့ရာတွင် (၁၈၇၁) ခုနှစ်၊ ဇန်နဝါရီ (၂၈) ရက်နေ့မှာပဲ “အမျိုးသားကာကွယ်ရေးအစိုးရ”သည် ပရပ်ရှားကို အညံ့ခံရေး စာချုပ်ချုပ်ဆိုခဲ့ပြီး သိုင်းယားစ် (၁၇၉၇- ၁၈၇၇) အား အစိုးရဖွဲ့စေခဲ့သည်။ သိုင်းယားစ်သည် မူလက ဘုရင်စနစ်ဂိုဏ်းသား ဝန်ကြီးတဦး ဖြစ်ပြီး မီးစင်ကြည့်ကပြတတ်သူတဦးသာ။
သိုင်းယားစ်က အစိုးရ၏ အချုပ်အခြာ အာဏာပိုင်သစ်ဖြစ်လာသည့် ယခုအခါတွင် ပဲရစ်အလုပ်သမားတို့၏ လက်ထဲတွင် သေနတ်တွေ ရှိနေသမျှ မြေရှင်ကြီးများ၊ အရင်းရှင်ကြီးများစသော ပိုင်ဆိုင်သူလူတန်းစားတို့၏ အုပ်စိုးမှုသည် အမြဲတစေ အန္တရယ် ရှိနေလိမ့်မည် ဆိုသောအချက်ကို သူ နားလည်လိုက်မိသည်။ ထို့ကြောင့် သူ၏ ပထမဦးဆုံး လုပ်ငန်း ကတော့ အလုပ်သမားများကို လက်နက်ဖြုတ်ဖို့ ကြိုးပမ်းရေးပါပဲ။
သိုင်းယားစ် အစိုးရသည် ပရပ်ရှားကို နယ်မြေတချို့ ခွဲဝေပေးပြီး ပြင်သစ်ဖရန့်ငွေ ကုဋေ (၅ဝဝ) လျော်ကြေး ပေးခဲ့သည်။ ဒီနောက်တွင်မူ အလုပ်သမားများကို နှိပ်ကွပ်ဖို့ ကြံစည်သည်။ ပြည်တွင်းစစ်အတွက် ပြင်ဆင်သည်။ သူ၏ အစိုးရကိုလည်း ဗာဆေးမြို့သို့ ရွှေ့ပြောင်းလိုက်သည်။
(၁၈၇၁) ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် သိုင်းယားစ်သည် ပဲရစ်မြို့သို့ တပ်များ လျှို့ဝှက်စေလွှတ်ပြီး ပြည်သူ လူထု၏ အမြောက်ကြီးကို သိမ်းယူဖို့ လုပ်သည်။ ဤအမြောက်ကြီးမှာ ပြည်သူလူထုက ပဲရစ်မြို့တော် ကာကွယ်ရေးအတွက် လူထု၏ ရန်ပုံငွေနှင့် လုပ်ထားခဲ့သည့် အမြောက်ကြီး ဖြစ်သည်၊ ဤအမြောက်ကြီးကို အစိုးရက လာလုသည့်သတင်း ပဲရစ်တမြို့လုံးသို့ ပျံ့နှံ့သွားလေပြီ။ ဤသည်တွင် ပဲရစ်ပြည်သူလူထုတို့က ဖောက်ပြန်ရေးစစ်တပ်အား ဝိုင်းထားလိုက်ပြီး တပ်မှူး များကို ဖမ်းဆီးထားလိုက်သည်။ ပဲရစ်သည် တသွေးတည်း တသားတည်း စည်းလုံးလာမိပြီ။
ဤနေ့တွင်ပင် ပဲရစ်ပစ္စည်းမဲ့တို့သည် “အမျိုးသားကာကွယ်ရေး တပ်ကော်မတီ” ကို ထူထောင်ခဲ့ပြီး ဒီမိုကရေစီ ဆိုရှယ်လစ် သမ္မတနိုင်ငံ ထူထောင်ရန် ဆော်သြောလိုက်သည်။ ဒီကော်မတီအပေါ် မာ့က်စ်က တန်ဖိုးထားပြီး အကဲဖြတ် ခဲ့သည်။ “အမျိုးသား ကာကွယ်ရေးတပ်ကော်မတီသည် တိုက်ခိုက်ရေးတပ်များထဲက ရွေးချယ်ထားသော ဗဟိုကော်မတီ (၂ဝ) ဦးနှင့် ဖွဲ့စည်းခဲ့ပြီး ၄င်းသည် မတ်လ (၁၈) ရက်နေ့တွင် ထွန်းညှိခဲ့သော၊ ဤရာစုနှစ်တွင် အကြီးမြတ်ဆုံးသော တော်လှန် ရေးတရပ်ကို ဖြစ်ပေါ်စေခဲ့ သည်”ဟူ၍ ရေးသားခဲ့ပါသည်။
မတ်လ (၁၈) ရက်နေ့တွင် အမျိုးသားကာကွယ်ရေးတပ်ကော်မတီသည် ပုန်ကန်မှုကို စတင်လိုက်သည်။ ဗာဆေးမှာ ရုံးးစိုက်ထားသည့် ပြင်သစ်အစိုးရနှင့် ပဲရစ်မြို့တော် အလုပ်သမားထုတို့ စစ်ကြေညာလိုက်ပါပြီ။
အမျိုးသား ကာကွယ်ရေးတပ်သည် အမှတ် (၅) ရပ်ကွက်၊ အမှတ် (၁၃) ရပ်ကွက်တို့တွင် ကတုတ်များ လုပ်ပြီး တပ်စွဲခဲ့သည်။ အမှတ် (၁၅၅) တပ်ရင်းနှင့် အမှတ် (၂၂၂) တပ်ရင်းတို့သည် တခြားတပ်ရင်း (၆) ခုတို့နှင့် ပူးပေါင်းကာ အမှတ် (၇) ရပ်ကွက်၊ အမှတ်(၁၈) ရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ကို သိမ်းပိုက်လိုက်သည်။ ပဲရစ်မြို့တော်ခန်းမတွင်လည်း ပစ္စည်းမဲ့တော်လှန်ရေးအလံတော်ကို စိုက်ထူလိုက်ပါပြီ။
သိုင်းယားစ်သည် ပဲရစ်မြို့က လုံးဝထွက်ပြေးပြီး ဗာဆေးမြို့မှာပဲ အခြေချတော့သည်။ စစ်ရဲများ၊ ပုလိပ်များတို့ သည်လည်း ပဲရစ်မြို့မှ ထွက်ပြေးတိမ်းရှောင်ပြီး အခွင့်ကောင်းကို စောင့်ဆိုင်းနေကြလေသည်။
အမျိုးသားကာကွယ်ရေးကော်မတီက “ပဲရစ်ဘုံအဖွဲ့”ကို ဖွဲ့စည်းဖို့ လုံးပန်းသည်။ (၁၈၇၁) ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပြီး မတ်လ (၂၈) ရက်နေ့မှာ ဘုံအဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ဘုံအဖွဲ့ကော်မတီ (၈၆) ဦး ရွေးချယ်ခဲ့လေသည်။ ထိုစဉ်က အစိုးရအဖွဲ့ ဆက်လက်ရှိနေသေးသော အမျိုးသားကာ ကွယ်ရေးအဖွဲ့၏ ဓနရှင်ဗဟိုကော်မတီ (၂၁) ဦးသည်လည်း သူတို့၏ နုတ်ထွက်စာကို ပဲရစ်ဘုံအဖွဲ့ထံ ပေးအပ်လိုက်သည်။
ဘုံအဖွဲ့က ပထမဆုံး ထုတ်ပြန်လိုက်သော အမိန့်မှာ နာမည်ပျက်လွန်းလှသော ပဲရစ် စာရိတ္တထိန်းသိမ်းရေးပုလိပ် အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခြင်းပင် ဖြစ်၏။
ဤ မတ်လ (၂၈) ရက်နေ့မှာပဲ မြို့တော်ခန်းမမှာ ပစ္စည်းမဲ့အစိုးရ ဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။ (ယနေ့ ထက်တိုင် ဤနေ့မှာ လူထုအထိမ်းအမှတ်ပွဲများ ပြုလုပ်ကျင်းပနေကြဆဲပါ။)
ဘုံအဖွဲ့၏ အောက်အဆင့်တွင် ကော်မတီ (၁ဝ) ခု ဖွဲ့စည်းခဲ့ကြပါသည်။ ၄င်းတို့မှာ...
၁။ အလုပ်အမှုဆောင်ကော်မတီ
၂။ ဘဏ္ဍာရေးကော်မတီ
၃။ စစ်ရေးကော်မတီ
၎။ တရားစီရင်ရေးကော်မတီ
၅။ လုံခြုံရေးကော်မတီ
၆။ ရိက္ခာကော်မတီ
၇။ လုပ်အားကော်မတီ
၈။ ရောင်းဝယ်ဖလှယ်ရေးကော်မတီ
၉။ ပြည်ပဆက်သွယ်ရေးကော်မတီနှင့်
၁ဝ။ လူ့အဖွဲ့အစည်း အလုပ်အကျွေးပြုရေးနှင့် ပညာရေးကော်မတီ
တို့ ဖြစ်ကြပါသည်။
ကော်မတီတခုမှာ အဖွဲ့ဝင် (၅) ယောက်မှ (၈) ယောက်အထိ ပါဝင်ကြသည်။ ဘုံအဖွဲ့ကော်မတီဝင်များသည် ကော်မတီခွဲများမှာ တွဲဘက်တာဝန်ယူကြပြီး စုပေါင်းခေါင်းဆောင်မှုနှင့် ဆောင်ရွက်ကြသည်။ အမိန့်များသည် စုပေါင်းခေါင်း ဆောင်မှုအရ ပေါ်ထွက်လာခြင်းဖြစ်ပြီး ဗျူရိုကရေစီကို ဖျက်သိမ်းခဲ့ပါသည်။ ထို့ကြောင့် လီနင်က “အရင်းရှင်များ၏ ဒီမို ကရေစီသည် ပစ္စည်းမဲ့များ၏ ဒီမိုကရေစီ အဖြစ် ပြောင်းလဲသွားခဲ့သည်”ဟု သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
ဘုံအဖွဲ့ဝင်တချို့သည် လန်ဒန်မှာ ရှိနေသော ကားလ်မာ့က်စ်နှင့် ဆက်သွယ်ပြီး ညွှန်ကြားချက်များ တောင်းခံ ခဲ့ကြသည်။ (ဘုံအဖွဲ့ဝင် ကိုယ်စားလှယ်သည် လန်ဒန်သို့ မေလ (၇) ရက်နေ့မှ (၁၂) ရက်နေ့အထိ သွားရောက်ပြီး မာ့က်စ်နှင့် တွေ့ဆုံခဲ့သည်။) သို့ရာတွင် မာ့က်စ်၏ ညွှန်ကြားချက်တချို့ကို မလုပ်ဆောင်နိုင်ခဲ့ကြပါ။ ဥပမာ...
၁။ ဘုံအဖွဲ့အတွင်းရှိ စိတ်မချရသူတချို့အား ဖယ်ရှားရေး
၂။ ဘုံအဖွဲ့က ဒေသအသီးသီးသို့ ဆက်သွယ်စည်းရုံးးရေး
၃။ ဘုံအဖွဲ့အနေဖြင့် သိုင်းယားစ်နှင့် ဘစ်စ်မတ် အချိတ်အဆက်လုပ်မှုကို သတိထားရေး
(မာ့က်စ်က ဘစ်စ်မတ်နှင့် သိုင်းယားစ်တို့၏ လျှို့ဝှက်ဆက်သွယ်မှုကို ဘုံအဖွဲ့ထံ အကြောင်းကြားခဲ့ရုံမျှမက လန်ဒန် တွင်လည်း ကြေညာချက်တခုကို ထုတ်ပြန်ခဲ့သေးသည်။)
၎။ ပဲရစ်မြို့ မြောက်ဘက်ခြမ်းအား ကာကွယ်ရေးအတွက် အားဖြည့်ထားရေး
၅။ ဗာဆေးအစိုးရတပ်များက ပရပ်ရှားတို့ ဝိုင်းရံခဲ့ဖူးသည့် ဘက်မှနေ၍ အလစ်အငိုက် တိုက်ခိုက်လာနိုင်သည် ကို သတိထားရေး ...တို့ဖြစ်သည်။
ဘုံအဖွဲ့သည် မတ်လ ၃ဝ ရက်နေ့တွင် အဓမ္မ စစ်မှုထမ်းစနစ်နှင့် အမြဲတမ်းတပ်မတော်ဆိုသည်တို့ကို ဖျက်သိမ်း လိုက်ပြီး လက်နက်ကိုင်နိုင်စွမ်းရှိသူ မြို့တော်သားတိုင်း စာရင်းသွင်းဝင်ရောက်နိုင်သည့် အမျိုးသားကာကွယ်ရေးတပ်သာလျှင် တခုတည်းသော လက်နက်ကိုင်အင်အား ဖြစ်ကြောင်းကြေညာခဲ့သည်။ (၁၉၇ဝ) ခုနှစ်၊ အောက်တိုဘာလမှ ဧပြီလမတိုင်မီ အချိန်အတွင်း အိမ်လခပေးချေစရာလိုသော ငွေများ မပေးချေတော့ရန် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး အကယ်၍ ပေးချေပြီးဖြစ်နေပါက နောင်အတွက် အိမ်လခကြို တင်ငွေပေးချေပြီးသား ဖြစ်သည် -ဟု စာရင်းသွင်းသတ်မှတ်လိုက်သည်။ တော်လှန်ရေးကြောင့် ထွက်ပြေးသွားကြသူများ၏ အိမ်များ၊ ဟော်တယ်များကို ဖရန့်ငွေ (၂ဝ) အောက် ငှားရမ်းခငွေများကို ပေးစရာမလိုဟု သတ်မှတ်လိုက်သည်။ အိမ်ညံ့မှာ ငှားနေရသူတွေ အခ ကြေးငွေပေးစရာမလိုဟု သတ်မှတ်လိုက်သည့် သဘောပါ။ မြူနီစီပယ်ငွေချေးဌာနက အပေါင်ဆုံးပစ္စည်းတွေ ရောင်းချမှုအားလုံးကိုလည်း တားမြစ်လိုက်သည်။
အဲဒီနေ့မှာပဲ ဘုံအဖွဲ့အတွက် ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြင်သစ်နိုင်ငံသားမဟုတ်သူ နိုင်ငံခြားသားတွေကို တရားဝင် လက်ခံအတည်ပြုကြောင်း ကြေညာလိုက်သည်၊ ဘာလို့လဲဆိုတော့ “ဘုံအဖွဲ့ရဲ့ အလံတော်ဟာ ကမ္ဘာာ့သမ္မတနိုင်ငံရဲ့ အလံတော် ဖြစ်လို့ပါ” ပဲတဲ့။ ဟန်ဂေရီနှင့် ပိုလန်မှ တော်လှန်ရေးသမားတချို့ ဘုံအဖွဲ့ဝင်များ ဖြစ်ခဲ့ကြသည်။
ဧပြီလ (၁) ရက်နေ့တွင် ဘုံအဖွဲ့ဝင် အမှုထမ်း မည်သူမဆို ၄င်းတို့ရရှိကြမည့် အမြင့်ဆုံးလစာကို သတ်မှတ်ပေး ခဲ့သည်။ ထို့ကြောင့် ဘုံအဖွဲ့ဝင်တွေကိုယ်တိုင်၏ အမြင့်ဆုံးလစာသည် ဖရန့်ငွေ (၆, ဝဝဝ)၊ (မတ်ငွေ ၄, ၈ဝဝ) ထက် မကျော် လွန်ပေ။ ကော်မတီဝင်တို့၏လစာကို အလုပ်သမား အလတ်လွှာအဆင့်ထက် မကျော်လွန်အောင် သတ်မှတ်ခြင်း ဖြစ်သည်။
နောက်တနေ့မှာ ဘုံအဖွဲ့က ဘာသာရေးနှင့် နိုင်ငံရေး ခွဲခြားထားရန် အမိန့်ထုတ်သည်။ ဘုရားကျောင်းတွေကို နိုင်ငံတော်နှင့် တသီးတခြားဖြစ်စေဖို့၊ ဘာသာရေးကိစ္စအတွက် နိုင်ငံတော်က ပေးနေရတဲ့ ငွေအားလုံးကို ရပ်စဲဖို့၊ အလားတူပဲ ဘုရားကျောင်းပိုင် ပစ္စည်းဥစ္စာမှန်သမျှကို နိုင်ငံပိုင်အဖြစ် ပြောင်းလဲဖို့ စသည်တို့ကို အမိန့်ထုတ်ပြန်လိုက်သည်။ ၄င်းလုပ်ငန်း၏ အဆက်အဖြစ် ဧပြီလ (၈ ) ရက်နေ့တွင် စာသင်ကျောင်းတွေမှာ ရှိနေသည့် ဘာသာရေးအမှတ်တံဆိပ်တွေ၊ ရုပ်ပုံတော်တွေ၊ တရားစာတွေ၊ ဆုတောင်းစာတွေ မှန်သမျှကို ဖယ်ထုတ်ပြီး သူ့နယ်ပယ်နှင့်သူ တသီးတခြားဖြစ်စေဖို့ အမိန့်ထုတ်ပြန်ကာ တစတစ အကောင်အထည်ဖော်သွားသည်။ (၄င်းအချိန်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသည် တန်ပြန်တော်လှန်ရေး သမားတွေ ခိုအောင်းရာ ဖြစ်နေခဲ့ပါသည်။ ထိုမျှမက ထိုခေတ်က ခရစ်ယာန်ဘုန်တော်ကြီးများသည် အာဏာပိုင် အုပ်စိုး သူများနှင့် တလျှောက်လုံး အကျိုးစီးပွားတူ ချိတ်ဆက်ထားကြသည် ကိုလည်း သတိပြုရပေမည်။)
သူတို့ဖမ်းဆီးမိထားသည့် ဘုံအဖွဲ့၏ တပ်သားတွေကို ဗာဆေးအစိုးရတပ်များက နေ့စဉ်နှင့်အမျှ သတ်ပစ်နေမှု အတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဓားစာခံတွေ ဖမ်းဆီးခေါ်ဆောင်ပြီး ထောင်ချဖို့ဆိုသော အမိန့်တရပ်ထုတ်ပြန်ခဲ့သေး သော်လည်း ဘယ်တုန်းကမှ အကောင်အထည် မဖော်ခဲ့ပါ။
ဧပြီလ (၆) ရက်နေ့တွင် အမျိုးသားကာကွယ်ရေးတပ်၏ တပ်ရင်း (၁၃၇) က ခေါင်းဖြတ်စက်ကြီးကို သယ်ထုတ် လာသည်။ ပျော်ရွှင်စွာ လက်ခုပ်သြဘာပေးနေကြသော လူထုပရိသတ်ကြီးအလယ်မှာပဲ ခေါင်းဖြတ်စက်ကြီးကို လူထုက မီးရှို့ပွဲ လုပ်ခဲ့ကြသည်။ (၁၈ဝ၉) ခုနှစ် စစ်ပွဲအပြီး ပထမ နပိုလီယံသိမ်းယူလာခဲ့သည့် လက်နက်များကို အရည်ကြို သွန်းလောင်းကာ ထူဆောက်ခဲ့သော ဝင်ဒိုမီ (Vendome) ရင်ပြင်က အောင်ပွဲအထိမ်းအမှတ် ကျောက်တိုင်ကြီးသည် အမျိုးသားရှော်ဗင်ဝါဒ အမှတ်လက္ခဏာနှင့် အမျိုးသား အမုန်းပွားမှုကို လှုံ့ဆော်နေသည်ဖြစ်ရာ ဖြိုလှဲပစ်သင့်သည်ဟု ဘုံအဖွဲ့က ဧပြီ (၁၂) ရက်နေ့မှာ ဆုံးဖြတ်ခဲ့သည်။ ဒါကို အကောင်အထည် ဖော်တာကတော့ မေလ (၁၆) ရက်နေ့မှာပါ။
ဧပြီလ (၁၆) ရက်နေ့တွင် ပိုင်ရှင်တွေက ပိတ်ပြီး ပစ်ပြေးသွားခဲ့ကြသည့် အလုပ်ရုံ၊ စက်ရုံတွေ၏ စာရင်းဇယားတခုကို ထုတ်ပြန်သည်။ ဒီစက်ရုံမှာ ယခင်က အလုပ်လုပ်ခဲ့ဖူးသူ အလုပ်သမားဟောင်းတွေက ဒီစက်ရုံပြန်လည် လည်ပတ်ရေးကို စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်သွားကြဖို့။ ဒီအလုပ်သမားတွေ ပါဝင်ပြီး သမဝါယမအဖွဲ့တွေ ဖွဲ့ကြဖို့နှင့် ဒီသမဝါယမအဖွဲ့တွေကို သမဂ္ဂ ကြီးတခုအဖြစ် ပေါင်းစည်းရေးစီမံကိန်းလည်း ထားရှိဖို့ ... စသည့်အမိန့်များ ထုတ်ခဲ့သည်။ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေပြန်လာခဲ့လျှင်တော့ စက်ရုံကို သိမ်းမြဲသိမ်းထားပေမယ့် လျော်ကြေး ပြန်ပေးခဲ့ပါသည်။
ဧပြီလ (၂ဝ) ရက်နေ့တွင် ပေါင်မုန့်အလုပ်ရုံများက မုန့်ဖုတ်အလုပ်သမားတွေ ညဆိုင်းအလုပ်ဆင်းရခြင်းကို ပိတ်ပင် လိုက်သည်။
လုပ်အားသွေးစုပ်မှုပြုရာတွင် နံပါတ်(၁) ပထမတန်းစားဖြစ်တွေဖြစ်ပြီး ပုလိပ်က ခန့်ထားသည့် သတ္တဝါအကောင်ဆိုး တွေ၏ လက်ဝါးကြီးအုပ်ထားရာ နေရာဖြစ်နေသော၊ ဒုတိယအင်ပါယာနိုင်ငံတော်၏ လက်ထက်ကစပြီး တလျှောက်လုံး တည်ရှိလာခဲ့သော အလုပ်ခန့်ထားရေးရုံးးများကိုလည်း ပိတ်ပစ်လိုက်ပါသည်။
ဧပြီလ (၃ဝ) ရက်နေ့တွင် အပေါင်ဆိုင်များကို ပိတ်ပစ်ဖို့ အမိန့်ထုတ်လိုက်သည်။ ဒီအပေါင်ဆိုင်တွေဆိုသည်မှာ အလုပ် သမားတွေအပေါ် သီးခြားသွေးစုပ်သည့် သဏ္ဍာန်တခုအပေါ် အခြေခံထားတာပါ။ နောက်ပြီး အလုပ်ကိရိယာဆိုင်ရာနှင့် ချေးငွေဆိုင်ရာဘက်တွင် စက်ရုံတွင်း အလုပ်သမားများ ခံစားရပိုင်ခွင့်နှင့် ပဋိပက္ခဖြစ်နေသော ဆိုင်တွေပါ။
မေလ (၅) ရက်နေ့တွင် လူဝီ (၁၆) ဘုရင် သေမိန့်ကျခဲ့စဉ်တုန်းက ဆောက်လုပ်ခဲ့သည့် ဝတ်ပြုဆုတောင်း ကျောင်းတော်ကို ဖြိုချပစ်ဖို့ အမိန့်ထုတ်လိုက်သည်။
ကျောင်းများတွင် အယူသီးမှု ပညာမပေးရ၊ ဘာသာရေးဘုန်းကြီးတွေက စာသင်ကျောင်းများမှာ ပညာသင်ကြား မပေးရဟူ၍ ကန့်သတ်သည်။ ကျောင်းလခ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ကလေးထိန်းရုံများ တည်ထောင်ခြင်း၊ စာသင်ကျောင်းနှင့် တော်လှန်ရေး တွဲစပ်ပေးခြင်းများ လုပ်ခဲ့သကဲ့သို့ အနုပညာပြခန်းများ၊ သမိုင်းပြခန်းများလည်း တည် ထောင်ပေးခဲ့သည်။
ဤသို့ဖြင့် နိုင်ငံခြားကျူးကျော်နေသူတွေကို တိုက်ခိုက်နေခဲ့ရသည့်အတွက် နောက်တန်းရောက်နေခဲ့ရသော ပဲရစ် အရေးတော်ပုံ၏ လူတန်းစားလက္ခဏာသည် မတ်လ (၁၈) ရက်နေ့ကစပြီး ထက်မြက်ပြတ်သားစွာ ပြန်လည်ပေါ်လွင် လာသည်။ ဘုံအဖွဲ့ဝင် များသည် အားလုံးနီးပါး အလုပ်သမားတွေချည်း ဖြစ်ကြတဲ့အတွက် (သို့မဟုတ်) တရားဝင် အလုပ်သမားကိုယ်စားလှယ်များ ပါနေကြ သည့်အတွက် ဘုံအဖွဲ့၏ ဆုံးဖြတ်ချက်များသည် ပစ္စည်းမဲ့လူတန်းစားလက္ခဏာ ပြက်ပြက်ထင်ထင် ပေါ်နေသည်။ ဓနရှင်သမ္မတစနစ်ဂိုဏ်းသားတွေ သူရဲဘောကြောင်ပြီး မလုပ်ရဲခဲ့သည့် လိုအပ်သော ပြုပြင် ပြောင်းလဲရေးများကို လုပ်ရာမှာ ဖြစ်စေ၊ အလုပ်သမားလူတန်းစား လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ လိုအပ်သော အခြေ ခံပြုပြင်ပြောင်းလဲရေးများ လုပ်ရာမှာဖြစ်စေ အလုပ်သမားလူတန်းစား၏လက္ခဏာ ပေါ်လွင်ခဲ့သည်။
အလုပ်သမားလူတန်းစားအတွက် တိုက်ရိုက်အကျိုးရှိစေပြိး အခြားတဖက်တွင်လည်း လူ့အဖွဲ့အစည်း၏ စနစ် ဟောင်းကို စူးစူးနစ်နစ် ထိုးခွင်းလိုက်သော အမိန့်များကို ဘုံအဖွဲ့က ထုတ်ပြန်ရာတွင်လည်း အလုပ်သမားလူတန်းစား လက္ခဏာပေါ်လွင်ခဲ့ပါသည်။ သို့ရာတွင် ရန်သူအဝိုင်းခံနေရသည့် မြို့တမြို့အတွင်းမှာ ဒီအမိန့်များ အားလုံးကို အကောင် အထည်ဖော်ဖို့ဆိုလျှင် အလွန်ဆုံး အစပြုရုံလောက်သာ ဖြစ်နိုင်ပါလိမ့်မည်။ နောက်ပြီး မေလ အစောပိုင်းမှ စတင်ကာ ဗာဆေးအစိုးရက စုစည်းပို့ဆောင်လာခဲ့လို့ တနေ့တခြား အရေအတွက် တိုးများလာနေသော သိုင်းယားစ်၏ အစိုးရတပ်တွေ ကို တိုက်ခိုက်နေရသည့်ဘက်မှာ အလုပ်သမားများနှင့် တော်လှန်သော လူထု၏အင်အားတွေကို ပုံအောပြီး သုံးစွဲနေရပါ သေးသည်။
ဧပြီလ (၂၅) ရက်နေ့တွင် ဘုံအဖွဲ့သည် ရောင်နီတော်လှန်ရေးအမိန့်တချို့ကို ထုတ်ပြန်ခဲ့ပြီး ဖောက်ပြန်ရေး သတင်းစာ (၃ဝ ) ကို ပိတ်ပစ်ခြင်း၊ တန်ပြန်တော်လှန်ရေးသမား (၂၆ဝ) ကို ဖမ်းဆီးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ မေလ (၁) ရက်နေ့ တွင်လည်း လုံခြုံရေးကော်မတီတရပ်ဖွဲ့ပြီး စစ်ရေးနှင့်လုံခြုံရေးအတွက် တာဝန်ပေးခဲ့ပါသည်။ သို့ရာတွင် လက်တွေ့မှာ ပြတ်သားမှု မလုံလောက်ခဲ့ပါ။
ဧပြီလ (၇) ရက်နေ့တွင် ဗာဆေးတပ်များက ပဲရစ်မြို့ အနောက်ဘက်ခြမ်း စစ်မျက်နှာမှာ ရှိသည့် နျူးယီလီမြို့က ဆိန်းမြစ်ကူး ကူးတို့ဆိပ်ကို သိမ်းပိုက်လိုက်ကြသည်။ တဖက်မှာကျတော့ တောင်ဘက်ခြမ်းစစ်မျက်နှာကို တိုက်ခိုက်ရာမှာ ဗိုလ်ချုပ်ယူဒီ၏ တွန်းလှန် တိုက်ခိုက်မှုကြောင့် (၁၁) ရက်နေ့မှာ အစိုးရတပ်များ အထိနာပြီး ပြန်ဆုတ်သွားခဲ့ကြသည်။
ပဲရစ်မြိ့သည် ဗုံတွေနှင့် တရစပ် တိုက်ခိုက်ခြင်းကို ခံနေရသည်။ ဒါတင်မက ဒီမြို့တော်ကိုပဲ ပရပ်ရှားလူမျိုးတွေ ဗုံးနှင့် တိုက်ခိုက်ခဲ့စဉ်က ‘အမျိုးသား ရိုးရာအမွေအနှစ်တွေကို ဖျက်ဆီးပြီး စော်ကားနေကြတာပဲ’ဟု နာကြည်းခဲ့ကြ သူတွေကိုယ်တိုင် က ယခုတော့ ပဲရစ်မြို့ကို ဗုံးထုတိုက်ခိုက်နေကြပါပကောလား။ ဒီလူတွေပါပဲ၊ ယခုအခါမှာကျတော့ သူတို့ ပဲရစ်ကို ပြန်သိမ်းနိုင်ဖို့ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆီဒန်နှင့် မက်ဇ်မြို့တွေမှာ စစ်အကျဉ်းသားများ ဖြစ်နေကြသည့် ပြင်သစ် စစ်သား တွေကို အမြန်ပြန်လွှတ်ပေးဖို့ ပရပ်ရှားအစိုးရကို တောင်းပန်နေကြပြန်သည်။
မေလ ၁ဝ ရက်နေ့တွင် သိုင်းယားစ်နှင့်ဘစ်စ်မတ်တို့ စာချုပ်ချုပ်ဆိုပြီး ပြင်သစ်အစိုးရက ဘစ်စ်မတ်၏ အကူအညီကို ရယူခဲ့ သည်။ ဘစ်စ်မတ်က ပြင်သစ် သုံ့ပန်း (၁ဝဝ, ဝဝဝ) ပြန်လွှတ်ပေးခဲ့ခြင်း၊ ပဲရစ်ကို ထိုးစစ်လုပ်ရန် စစ်နေရာပေးပြီး မြောက်ဘက်မှ ထိုးစေခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ မေလ အစပိုင်း ရက်များကစပြီး တဖွဲဖွဲ ရောက်ရှိလာနေသည့် ဒီစစ်တပ်တွေကြောင့် ဗာဆေး အစိုးရ၏ စစ်အင်အားသည် သိသိသာသာ အသာစီးရသွားခဲ့သည်။
ဘုံအဖွဲ့တွင် (၂) ကြိမ်တိုင် ရွေးကောက်ခြင်း ခံရပြီး ၄င်းအချိန်ကျတော့ ‘ကလဲယားဗောက်စ်’မှာ အကျဉ်းသား ဖြစ်နေရ သော “ဘလန်ကွီး” တယောက် ပြန်ရဖို့အတွက် ဘုံအဖွဲ့က ဖမ်းဆီးထားသော ပဲရစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးနှင့် တခြား ဓားစာခံ ဘုန်းတော်ကြီးတွေ အားလုံး ပြန်လွှတ်ပေးမည်ဆိုပြီး အလဲအလှယ် စေ့စပ်ဆွေးနွေးပွဲတခု လုပ်ခဲ့သည်။ သို့ရာတွင် သူတို့ဘက်က စစ်အင်အား အသာစီးရလာသောအခါတွင် သိုင်းယားစ်က လေသံပြောင်းပြီး စေ့စပ်ဆွေးနွေးပွဲကို ဖျက်သိမ်းပစ်လိုက်သည်။ယခင် တုန်းကဆိုလျှင် ဟိုလိုလို ဒီလိုလိုလုပ်ပြီး အချိန်ဆွဲတတ်သည့် သိုင်းယားစ်သည် ယခုတော့ လေသံပြောင်းသွားရုံမက မောက်မာလာ သည်။ ခြိမ်းခြောက်တတ်လာသည်။ ရက်စက်လာသည်။
ပဲရစ်ြမို့ မြို့တွင်းတွင်လည်း တန်ပြန်တော်လှန်ရေးလုပ်ကြံမှုများ အဆက်မပြတ်ပေါ်ပေါက်ခဲ့ပြီး ပြင်သစ်ဘဏ်ကို အခြေပြုကာ ကောလာဟလသတင်းများ ထုတ်လွှင့်ခြင်း၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ခြင်း၊ အပြင်သို့ သတင်းပို့ခြင်း စသည်တို့ လုပ်လာကြသည့် အတွက် ပဲရစ်ဘုံအဖွဲ့မှာ အတွင်းနှင့်အပြင် ညှပ်တိုက်ခြင်းကို ခံနေရလေသည်။
ဗာဆေးတပ်တွေက တောင်ဘက်စစ်မျက်နှာမှာ ရှိသည့် မော်လင်း - ဆာကွက် ခံတပ်ငယ်ကို မေလ (၃) ရက်နေ့မှာ သိမ်း သည်။ (၉) ရက်နေ့ကျတော့ အမြောက်သေနတ်များနှင့် ပစ်ထုတိုက်ခိုက်မှုကြောင့် လုံးဝသုံးမရအောင် ပျက်စီးသွား သော အစ္စီ ခံတပ်ကို သိမ်းသည်။ ဗန်ဗီခံတပ်ကိုတော့ (၁၄) ရက်နေ့ကျမှ သိမ်းမိသည်။
သို့ရာတွင် ပဲရစ် အလုပ်သမားလူတန်းစား၏ ရဲရင့်မှုသည်ကား အံ့မခန်းပေတည်း။ တအိမ်သားလုံး အိမ်ထောင်စု လိုက် အိမ်ထောင်စုလိုက် အသေခံတိုက်ပွဲဝင်သွားကြသော စံနမူနာ အများအပြား ရှိခဲ့သည်။ (၁၄) နှစ်သားအရွယ် အလုပ်သမားကလေး တယောက် ခံကတုတ်တက်စဉ် ကျဆုံးသွားလေသည်။ သည်အခါ အကိုဖြစ်သူက ညီ၏အလောင်းကို ပိုက်ပြီး ခံကတုတ်ကို ဆက်လက် တိုက်ခိုက်ပြန်သည်။ သူတို့ (၂) ဦးစလုံး ကျဆုံးသွားသည့်အခါ ဖခင်ဖြစ်သူသည်လည်း မလျှော့တမ်းဇွဲနဘဲဖြင့် ရေကုန်ရေခန်း ဆက်လက်တိုက်ပွဲဝင်ပြန်သည်။ သူလည်း အသက်စွန့်သွားခဲ့ရပြန်သည်။ ယင်းကဲ့သို့ မိသားစုလိုက် အသေခံပြီး တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား လူတန်းစားပါ။
တော်လှန်ရေး စံနမူနာများမှာ ထိုမျှသာ မကသေးပါ။ အမြောက်တင်သင်္ဘောက တော်လှန်ရေးသမားများကလည်း အမြောက်တင်သင်္ဘောပျက်စီးသွားပြီး နောက်ဆုံတယောက်တည်း ကျန်တော့သည့်အချိန် အထိ အနိုင်မခံ အရှုံးမပေး၊ အလံမလှဲဘဲ တိုက်ပွဲ ဝင်သွားခြင်းဖြင့် တော်လှန်ရေးသူရသတ္တိကို ပြသခဲ့ကြလေသည်။
အမျိုးသမီးများသည်လည်း နောက်ပိုင်းတာဝန်တွေ ထမ်းဆောင်ံရုံမျှ ဖြစ်သည်ကို သူတို့မကျေနပ်နိုင်ကြပါ။ ထို့ကြောင့် သူတို့က တောင်းဆိုကာ ရှေ့တန်းအထိ ထွက်တိုက်ပြီး တိုက်ပွဲဝင်ရင်း အသက်ကို ပေးဆပ်ခြင်းဖြင့် အမျိုးသမီးများ သွေးသည်လည်း နီရဲ ကြောင်း ပြသခဲ့ကြပါသည်။
အစိုးရတပ်များသည် အနောက်ဘက် စစ်မျက်နှာမှာကျတော့ အဓိက ခံစစ်ကြောင်းကို မရောက်သေးမီ မြို့တံတိုင်း ဆီအထိ တောက်လျှောက် ရှိနေကြသော များပြားလှသည့် ကျေးလက်တောရွာတွေ၊ အဆောက်အအုံတွေကို သိမ်းရင်း တရွေ့ရွေ့ ချီတက်လာ ကြသည်။ (၂၁) ရက်နေ့အရောက်တွင် ၄င်းနေရာမှာ တပ်စွဲထားသော အမျိုးသား ကာကွယ်ရေး တပ်တချို့၏ သစ္စာဖောက်မှုနှင့် ပေါ့လျော့မှုတို့ကြောင့် အစိုးရတပ်များ မြို့တွင်းသို့ ထိုးဖောက်ဝင်နိုင်ခဲ့ကြသည်။
မြောက်ဘက်နှင့် အရှေ့ဘက် စစ်မျက်နှာတွေမှာကျတော့ မြို့ကို ဝိုင်းရံထားသော ပရပ်ရှားတပ်တွေ ရှိနေသည်။ သူတို့နှင့် ပဲရစ်ဘုံအဖွဲ့တို့က အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့ကြသည်။ ဤအခြေအနေအောက်တွင် ပရပ်ရှားတို့က သူတို့ကို ကန့်သတ် ခွင့်ပြုပေးထားသည့် မြို့၏မြောက်ဘက် နေရာမှနေပြီး ဗာဆေးပြင်သစ်အစိုးရတပ်တွေကို ဖြတ်သန်းခွင့်ပြု လိုက်သည်။ ပရပ်ရှားတပ်များက ကတိမတည် သစ္စာဖျက်လိုက်ကြခြင်းဖြစ်သည်။ ဤနည်းဖြင့် ပြင်သစ်အစိုးရတပ်များ ရှေ့သို့ချီတက်လာနိုင်ကြသည်။ ပဲရစ်သားတွေက အစိုးရတပ်များ သူတို့ဘက်ဆီ ဝင်မလာနိုင်ဟု သဘာဝကျစွာ ထင်ထားခဲ့ သည်။ ထို့ကြောင့် လျော့ရဲရဲတပ်စွဲထားသော ကျယ်ပြန့်သည့် စစ်မျက်နှာကို အစိုးရတပ်များက ဝင်တိုက်ကြတော့သည်။ ဤသည်၏ ရလဒ်အဖြစ် စည်းစိမ်ရှင်များပမာ စိတ်ချလက်ချနှင့် စစ်ရေးသတိ ကင်းလွတ်နေသော မြို့၏အနောက် ဘက်ခြမ်းသည် မဖြစ်စလောက်သာ ခုခံတိုက်ခိုက် နိုင်တော့သည်။
အလုပ်သမားများ တာဝန်ယူထားသည့် မြို့၏အရှေ့ဘက်စစ်မျက်နှာတွင်မူ တက်လာသည့် အစိုးရတပ်များသည် မြို့နှင့် ပိုနီး လာလေလေ ... ပိုပြီး ပြင်းထန်၊ ပိုပြီး ကြံ့ခိုင်သော ခုခံမှုနှင့် တိုးရလေလေ ဖြစ်နေတော့သည်။
ရှစ်ရက်အကြာ တိုက်ပွဲအပြီးတွင်မူ ဘုံအဖွဲ့၏ နောက်ဆုံးကျန်နေသော တိုက်ခိုက်ရေးသမားများသည် ဘယ်လီဗီးလ် နှင့် မင်နီမွန်တင့် ကုန်းစောင်းတွင် အားမတန် မာန်လျှော့လိုက်ရပါတော့သည်။ သည့်နောက်တွင်မူကား ခုခံနိုင်စွမ်း မရှိတော့သည့် ယောက်ျား၊ မိန်းမသားနှင့် ကလေးငယ်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသော လူသတ်ပွဲကြီးတွေပါ။ ရက်သတ္တတပတ်လုံးလုံး တိုးတိုးပြီး သတ်လာလိုက်သည်မှာ မီးကုန်ယမ်းကုန်...ကမ်းကုန်သည်အထိပါပဲ။ ကျည်ထိုးသမား သည်လည်း အလျဉ်မီအောင် ကျည်ထိုးမပေး နိုင်တော့။ လူတွေ ရာနှင့်ချီပြီး ရှိနေတာကို စက်သေနတ်နှင့် ဆွဲပစ်မှ အလျဉ်မီအောင် သတ်နိုင်ပါတော့သည်။
လူထုကို အပြီးသတ်နောက်ဆုံး သတ်ဖြတ်ခဲ့သည့်နေရာကတော့ ပယ်ရီလာချိုက် သုသာန်ရှိ “ဖက်ဒရယ်တံတိုင်း” တွင် ဖြစ်သည်။ ဤတံတိုင်းသည် ယနေ့အထိ တည်ရှိနေဆဲပါ။ ဤတံတိုင်းသည် စကားမဆိုတတ်သည့် သက်မဲ့ဖြစ် နေသော်ငြားလည်း...အလုပ်သမားလူတန်းစားက သူ့အခွင့်အရေးအတွက် ထကြွရဲလာသည်နှင့် တပြိုင်နက် အုပ်စိုးသူလူ တန်းစားသည် ရူးသွပ်မတတ် ရက်စက်သွားတတ်ကြောင်း ထုတ်ဖော်ပြောကြားနေသော သက်သေသာဓက အထိမ်းအမှတ် တခုပါ။
ဤသို့သော သတ်ပုံသတ်နည်းဖြင့် လူတွေကို နိုင်အောင် မသတ်နိုင်ကြောင်း ထင်ရှားလာသည့်အခါတွင် သူတို့သည် လူတွေကို အစုလိုက် အပြုံလိုက်ဖမ်း၊ သည့်နောက် ဖမ်းထားသူတွေကို တန်းစီခိုင်း၊ တန်းစီထားသူများထဲမှ သူတို့စိတ် မထင်လျှင် မထင်သည့်အလျောက် စိတ်ရူးးပေါက်လျှင် ပေါက်သလို သတ်ချင်သူများကို ရွေးထုတ်ကာ သေနတ်နှင့် ပစ်သတ်ကြသည်။ ကျန်သည့် သူများကိုတော့ တရားရုံးက စွဲချက်တင် ပြစ်ဒဏ်ခတ်သည်အထိ စောင့်ကြဖို့ ကြီးမားလှသည့် အကျဉ်းစခန်းများဆီသို့ ပို့ပစ်လိုက် ကြသည်။
ပြည်သူလူထုတွင်းမှ အသတ်ခံသွားရသူ အနည်းဆုံး သုံးသောင်းကျော် ရှိခဲ့ပါသည်။ ဘုံအဖွဲ့ဝင် ခေါင်းဆောင်များ သည် တရားရုံးးတွင် ရဲရင့်စွာ မိမိယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားပြီး အသက်စွန့်သွားခဲ့ကြလေသည်။
ရန်သူ့တရားရုံးးတွင် ရဲရင့်စွာ မိမိယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားသွားသူများအနက် အမျိုးသမီးသူရဲကောင်း “မီရှယ်” ၏ ပြောကြားချက်တချို့ကတော့...
“တကယ်လို့ သင်တို့က ငါ့ကို အသက်ရှင်ခွင့် ပြုမယ်ဆိုရင်လည်း ငါကတော့ လက်စားချေဖို့အလုပ်ကို ထာဝစဉ် ရပ်နားသွား လိမ့်မယ် မဟုတ်ဘူး။
“ငါဟာ ပဲရစ်ဘုံအဖွဲ့ကော်မတီဝင်တဦးဖြစ်တယ်။ အောင်နိုင်သူတွေအနေနဲ့ ငါ့ကို ခေါင်းဖြတ်သတ်လိုက်ကြပါ။ ငါဟာ အမြဲ ထာဝရ ရှက်စရာအဖြစ် တင်ကျန်နေရစ်မယ့် အပြုအမူနဲ့ ကိုယ့်ကိုယ်ကို မကယ်တင်ပါဘူး။
“ငါဟာ လွတ်လွတ်လပ်လပ် အသက်ရှင်ခဲ့ပြီး လွတ်လွတ်လပ်လပ်ပဲ သေပြသွားမယ်။ ငါ့ရဲ့သေတမ်းစာကတော့ နောင်မှာ ငါ့ အတွက် အထိမ်းအမှတ်ပြုပြီး ငါ့အတွက် လက်စားချေကြ-ဆိုတာပါပဲ”
ပဲရစ်၏ အရှေ့မြောက်ခြမ်းကို ဝိုင်းရံထားသည့် ပရပ်ရှားတပ်များကို သူတို့အထက်ဆင့်မှ “ ဒီနေရာကို ဖြတ်သန်းပြီး တော်လှန်တဲ့ ပဲရစ်လူုထု တဦးတယောက်ကိုမျှ ထွက်ခွင့်မပြုရ၊ ဖြတ်သန်းသွားခွင့်မပြုရ”ဟူ၍ အမိန့်ထုတ်ထားသည်။ သို့ရာတွင် ပရပ်ရှားစစ်သားများသည် အထက်ဆင့်ကို နာခံရေးထက် လူသားချင်းစာနာမှု၏ ခိုင်းစေချက်ကိုသာ နာခံခဲ့ကြသည်။ ဦးစားပေးခဲ့ ကြသည်။ ဤအကြောင်း သိရှိနေကြသော စစ်ဗိုလ်တွေကလည်း မျက်စိမှတ်ပြီး မသိချင်ယောင် ဆောင်နေခဲ့ကြသည်။
အထူးတလည် ဂုဏ်ပြုထိုက်သည်မှာ ...ယခင်က ဘုံအဖွဲ့၏ တပ်သားဖြစ်ခဲ့သူ အတော်များများကို အလွန့်ကို လူသား ချင်းစာနာစွာ ဆက်ဆံပြီး လွှတ်ပေးခဲ့သော “ဆက်ဆွန် တပ်ဖွဲ့”ပင် ဖြစ်သည်။
• • • •
ပဲရစ်ဘုံအဖွဲ့ ရှုံးနိမ့်မှုအကြောင်းရင်းကို အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်း နိဂုံးချုပ်နိုင်သည်။
၁။ မာ့က်စ်ဝါဒကို လမ်းညွှန်အဖြစ် ခံယူထားသည့် ပစ္စည်းမဲ့ပါတီ မရှိသေးခြင်း။
(ဘလန်ကွီးနှင့် ပရောက်ဒွန်းဂိုဏ်း တို့က တော်လှန်ရေးကို အောင်မြင်စေရန်ဦးဆောင်နိုင်စွမ်းမရှိခဲ့ခြင်း။)
၂။ မတ်လ ရက် တော်လှန်ရေး၏အရှိန်ကို တွန်းတင်ပြီး ပြိုကွဲနေသော ဖောက်ပြန်ရေးတပ်အား လိုက်လံချေမှုန်း ခြင်း မပြုဘဲ၊ ရန်သူကို အသက်ရှူပေါက်ပေးခဲ့ခြင်း။
(ပဲရစ်ရွေးကောက်ပွဲများမှာသာ အချိန်ကို အသုံးပြုခဲ့ကြပြီး ဤနည်းဖြင့် ရန်သူကို အခွင့်အလမ်းပေးခဲ့ခြင်း။)
၃။ တန်ပြန်တော်လှန်ရေးကို နှိမ်နင်းရာတွင်လည်း အချိန်နောက်ကျခြင်း။ မပြတ်သားခြင်း။ ထို့ကြောင့် ရန်သူ၏ အတွင်းအပြင် ညှပ်တိုက်မှုကို ခံကြရခြင်း။
၎။ ပြင်သစ်ဘဏ်တိုက်ကို မသိမ်းဘဲ ထားသဖြင့် ရန်သူအတွက် စီးပွားရေးထွက်လမ်းသာမက နိုင်ငံရေး အကွက်ကောင်း တခုလည်း ရရှိသွားခဲ့ခြင်း။
၅။ ဘုံအဖွဲ့တွင် အလုပ်သမား လယ်သမား မဟာမိတ်ဖွဲ့မှု အခန်းကဏ္ဍတွင် လုံလောက်မှုမရှိခဲ့ခြင်းနှင့် အရန်တပ်ဖွဲ့ မရှိခဲ့ခြင်း။
ပဲရစ်ဘုံအဖွဲ့နှင့် စပ်လျဉ်း၍ ကားလ်မာ့က်စ်က သူ၏“ပြင်သစ်ပြည် ပြည်တွင်းစစ်” ကျမ်းထဲတွင် အသေးစိတ် သုံ့းသပ်ပြခဲ့ပါ သည်။ မာ့က်စ်၏ နိဂုံးချုပ်သုံးသပ်ချက်တချို့ကို အောက်ပါအတိုင်း တင်ပြလိုက်ပါသည်။
“ဘုံအဖွဲ့ကမူ ပြိုကွဲသွားလေပြီ။ တိုက်ပွဲများကမူ ရေရှည် ဆက်လက်ဖြစ်ပေါ်နေပေလိမ့်ဦးမည်။ ဘုံအဖွဲ့၏ မူများသည် ထာဝရ ဆက်လက်တည်ရှိနေလိမ့်မည်ဖြစ်ပြီး ချေမှုန်း၍လည်း ရနိုင်လိမ့်မည်မဟုတ်ပါ။ အလုပ်သမားလူတန်းစား မလွတ်မြောက်မချင်း ဤမူများ သည် ထပ်ဖန်တလဲလဲ ဖော်ပြနေပေလိမ့်ဦးမည်
“အလုပ်သမားလူတန်းစားသည် တည်ရှိနေသည့် နိုင်ငံတော်ယန္တရားကို သာမန်ရိုးရိုးကလေး ဆုပ်ကိုင်အသုံးချ ရုံဖြင့် မရနိုင်ပေ။ ၄င်းကိုအသုံးပြုပြီး မိမိရည်မှန်းချက်ရရှိနိုင်ဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။ ပစ္စည်းမဲ့လူတန်းစားသည် နိုင်ငံတော် ယန္တရားဟောင်းကို အကြမ်းဖက်တော်လှန်ရေးနည်းဖြင့် ချေမှုန်းပစ်ရပေမည်။ ပစ္စည်းမဲ့အာဏာရှင်စနစ်ကို ကျင့်သုံးရပေမည်။
“ဘုံအဖွဲ့က သက်သေပြလိုက်သည်မှာ ပစ္စည်းမဲ့အာဏာရှင်စနစ်၏ ပထမဦးဆုံးသော အကြောင်းအချက်သည် ပစ္စည်းမဲ့ လူတန်းစား၏ တပ် ဖြစ်ပြီး၊ ပစ္စည်းမဲ့များသည် စစ်မြေပြင်တွင် မိမိကိုယ်မိမိ လွတ်လပ်သော အခွင့်အလမ်းရရှိစေဖို့ လိုပေသည်။
“ပဲရစ်ဘုံအဖွဲ့၏ (၇၂) ရက်ခရီးသည် လက်နက်ကိုင်ပုန်ကန်ခြင်း၊ လက်နက်ကိုင် တိုက်ပွဲဆင်ခြင်း၊ လက်နက်နှင့် ခုခံကာကွယ်ခြင်း ဟူသော (၇၂ ) ရက်ခရီး ဖြစ်ခဲ့သည်။ ပဲရစ်ဘုံအဖွဲ့သည် ဓနရှင်များအပေါ် လက်နက်ကိုင်ပြည်သူများ၏ သြဇာအရှိန်ကို မသုံးခဲ့ဘူးဆိုပါက တရက်ထက်ပိုပြီး ခံနိုင်ပါမည်လား။ ပြောင်းပြန်အားဖြင့် သည်သြဇာအရှိန်ကို အသုံးပြုခဲ့တာ နည်းခဲ့သည့်အတွက် အပြစ်တင်ဖို့ အကျိုးအကြောင်း မရှိပေဘူးလား။
“သည် ပဲရစ်သားများသည် ဘယ်လောက်တောင် ပျော့ပျောင်းမှု ရှိလိုက်ကြပါသလဲ။ အဘယ်မျှ ကိုယ်ကျိုးစွန့် အနစ်နာခံ စိတ် ပြည့်ဝလိုက်ကြပါသလဲ။ သမိုင်းမှာ သည်လို ရဲရင့်တဲ့ တိုက်ပွဲစံနမူနာ မရှိခဲ့သေးပါ၊
“ ၁၈၇ဝ - ရ၁ စစ်ပွဲနှင့် ပဲရစ်ဘုံအဖွဲ့၏ ရှုံးနိမ့်မှုကြောင့် ဥရောပအလုပ်သမားလှုပ်ရှားမှု၏ ဗဟိုချက်မ နေရာသည် ပြင်သစ် ပြည်မှ ဂျာမဏီပြည်သို့ ပြောင်းရွှေ့သွားခဲ့လေပြီ။
“ပဲရစ် ဘုံအဖွဲ့၏ ကံကြမ္မာ မည်သို့ပင်ရှိစေ၊ ဘုံအဖွဲ့သည် တကမ္ဘာာလုံးသို့ ပျံ့နှံ့သွားလေပြီ။”
အထက်ပါ ကားလ်မာ့က်စ်၏ သုံးသပ်ချက်များအရ...
ပဲရစ်ဘုံအဖွဲ့သည် ကမ္ဘာ့ာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ် ပစ္စည်းမဲ့အာဏာရှင်စနစ်ကို စမ်းသပ်ထူဆောက် ခဲ့ခြင်း ဖြစ်သည်။ အရင်းရှင်စနစ်ကို အထိနာအောင် ထိုးနှက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပစ္စည်းမဲ့လူတန်းစား၏ ထိုးထွင်းဖန်တီးမှုကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့် မာ့က်စ်ဝါဒသဘောတရား ဘဏ္ဍာတိုက်တွင်းသို့ အသစ်ဖြည့်တင်းမှုများ ပြုခဲ့ပေသည်။
• • • •
ပဲရစ်ဘုံအဖွဲ့ ရှုံးနိမ့်သွားပြီးခဲ့သည့်နောက် အနှစ် (၂ဝ) ကာလ အကြာတွင် အိန်ဂယ်က ဘုံအဖွဲ့နှင့် စပ်လျဉ်း၍ အောက်ပါအ တိုင်း ပြန်လည်သုံးသပ်ခဲ့လေသည်။
• • • •
ဘုံအဖွဲ့ဝင်များနှင့် အမျိုးသားတပ်၏ ဗဟိုကော်မတီများထဲတွင် ဘလန်ကွီးဝါဒီတို့က အရေအတွက်အရ လွှမ်းမိုး နေသော အများစု ဖြစ်ခဲ့ကြလေသည်။ အနည်းစုကတော့ နိုင်ငံတကာ့ အလုပ်သမားအဖွဲ့ချုပ်မှ အဖွဲ့ဝင်များဖြစ်ကြပြီး ပရောက်ဒွန်း ဂိုဏ်း၏ ဆိုရှယ်လစ်ဝါဒကို ထောက်ခံသူတွေ အဓိက ပါဝင်နေပါသည်။
ဘလန်ကွီးဝါဒီတွေ၏ အများစုသည် တော်လှန်ရေးဗီဇနှင့် ပစ္စည်းမဲ့လူတန်းစားဗီဇ ပါရုံလောက်သာရှိကြသော ထိုအချိန် ထိုအခါက ဆိုရှယ်လစ်ဝါဒီများ ဖြစ်ကြလေသည်။ အနည်းစုလောက်သာ ဂျာမန်သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူ ‘ဗီးလ်လင့်’ကြောင့် မူတွေအပေါ် ရှင်းရှင်းလင်းလင်း သိနားလည်ကြပါသည်။
ထို့ကြောင့် ဒီကနေ့ ကျွန်တော့်အမြင်အရဆိုလျှင် ဘုံအဖွဲ့အနေနှင့် လုပ်သင့်လုပ်ထိုက်ပါလျက် မလုပ်ဘဲချန်ခဲ့သော စီးပွားရေး ဆိုင်ရာလုပ်ငန်း အများအပြား ရှိခဲ့သည်ကို နားလည်၍ ရနိုင်ပါသည်။
နားလည်ဖို့အခက်ဆုံးကတော့ ပြင်သစ်ဘဏ်တိုက်၏ တံခါးပေါက်အပြင်ဘက်မှာ ကျိုးကျိုးနွံနွံနှင့် ရပ်စောင့်ရုံသာ ရပ် စောင့်နေကြသော အဲဒီမြင့်မြတ်လှသည့် ကြောက်ရွံ့ရိုသေစိတ်ပါပဲ။ ၄င်းသည် ကြီးလေးသောနိုင်ငံရေးအမှားလည်းဖြစ်သည်။ ဘုံအဖွဲ့၏ လက်တွင်းရောက်ရှိနေသော ဒီဘဏ်သည် ဓားစာခံတသောင်းထက်ပင် ပို၍ တန်ဖိုးရှိပါသည်။ ဗာဆေးအစိုးရကို ဘုံအဖွဲ့နှင့် ငြိမ်းချမ်းရေး စကားပြောလာအောင်၊ ဒီဘဏ်သိမ်းပိုက်ပြီး ဓနရှင်လူတန်းစားတရပ်လုံးကို ကိုယ့်ဘက်ရောက်နေ စေရန် ထိန်းထားခြင်းအားဖြင့် ဖိအား ပေးနိုင်ပါသည်။
သို့ရာတွင် သည့်ထက်ပိုပြီး အံ့သြစရာကောင်းသည့်အချက်လည်း ရှိနေပါသေးသည်။
ဘလန်ကွီးဝါဒီတွေကြောင့်လို့ပဲပြောပြော၊ ပရောက်ဒွန်းဝါဒီတွေကြောင့်လို့ပဲဆိုဆို ဘုံအဖွဲ့က လုပ်ခဲ့သော ဆောင် ရွက်ချက် လုပ်ငန်းအတော်များများ မှန်ကန်မှုရှိနေခြင်းပင် ဖြစ်ပါသည်။ သဘာဝကျစွာပဲ ဘုံအဖွဲ့၏ စီးပွားရေးပြဋ္ဌာန်း ချက်များသည် ချီးကျူးစရာတွေရော အပြစ်တင်စရာတွေပါ နှစ်မျိုးစလုံးသည် ပရောက်ဒွန်းဝါဒီတို့နှင့်သာ သက်ဆိုင်ပါသည်။ အလားတူစွာပင် နိုင်ငံရေးဘက်က တာဝန်ကျေမှုရော လစ်ဟင်းမှုတွေပါ နှစ်မျိုးစလုံးသည် ဘလန်ကွီးဝါဒီတို့နှင့် သက်ဆိုင်နေပါသည်။
သည့်အပြင် အယူဝါဒဆိုင်ရာများသည် ဦးစီးခေါင်းဆောင်ပိုင်းက ဆင်းသက်လာခြင်း ဖြစ်သော်လည်း နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာကိစ္စ နှစ်မျိုးနှစ်စားလုံးတွင်မူကား သမိုင်း၏ပြက်ရယ်ပြုမှုအဖြစ် ဂိုဏ်းနှစ်ဂိုဏ်းစလုံး၏ လုပ်ဆောင်ချက်များ သည် သူတို့ဂိုဏ်း တွေ၏ပြဋ္ဌာန်းချက်များနှင့် ပြောင်းပြန်ဆန့်ကျင်ဖက်တွေ ဖြစ်ခဲ့ကြလေသည်။
လယ်သမားကလေးနှင့် လက်မှုအနုပညာသည် ဆိုရှယ်လစ်တဦးဖြစ်သူ ပရောက်ဒွန်းသည် အသင်းအဖွဲ့များကို အလွန်မုန်းတီးသည်။ အဖွဲ့အစည်းတွင်းမှာ အကောင်းထက်အဆိုးက ပိုများကြောင်း၊ အသင်းအဖွဲ့ဆိုသည်မှာ အလုပ်သမား လွတ်လပ်မှုအတွက် အတုပ်အနှောင်ဖြစ်နေခြင်းကြောင့် ပင်ကိုယ်ရည်မကောင်းရသည့်အထဲ အန္တရာယ်ပင်ပေးနိုင်ကြောင်း၊ ၄င်းသည် အလုပ်သမားလွတ် လပ်ခွင့်နှင့် ပဋိပက္ခ ဖြစ်နေသကဲ့သို့ လုပ်အားကို အရင်းအနှီးပြုရသည့် စီးပွားရေးကိစ္စနှင့်လည်း ပဋိပက္ခ ဖြစ်နေသည့်အတွက် အထုပ်အပိုးသာ ဖြစ်စေကြောင်း၊ မီရထားလုပ်ငန်းလိုမျိုး အကြီးစားစက်မှုလုပ်ငန်းနှင့် တည် ဆောက်ရေးလုပ်ငန်းကြီးများ(ပရောက်ဒွန်း ခေါ်ဆိုလေ့ရှိသည့်အတိုင်းဆိုလျှင်) ချွင်းချက်လုပ်ငန်းကြီးများမှာသာ အလုပ်သမား အသင်းအဖွဲ့တွေ တည်ရှိခဲ့တာဖြစ်ကြောင်း သူက တင်ပြပါသည်။( “တော်လှန်ရေး၏ ယျေဘုယအတွေးအခေါ်” ဆိုသော စာအုပ်၏တတိယမူကြမ်းတွင် ပရောက်ဒွန်းရေးသားချက်ကို ကြည့်ပါ။)
(၁၈၇ဝ) ခုနှစ်ကျတော့ လက်မှုအနုပညာလုပ်ငန်း၏ ဗဟိုချက်မဖြစ်သော ပဲရစ်မှာတောင်မှ အကြီးစား စက်မှုလုပ် ငန်းသည် (အလုပ်သမားအဖွဲ့ရှိနေသည့်) ချွင်းချက်လုပ်ငန်း မဟုတ်တော့တာကြာပါပြီ။ အကြောင်းမှာ အကြီးစားစက်မှု လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေးတောင်မှ စက်ရုံတခုစီမှာ အလုပ်သမားအသင်း ဖွဲ့စည်းထားရုံမျှ မကတော့ပါ။ ဒီအသင်း အဖွဲ့များ အားလုံးစုပေါင်းပြီး သမဂ္ဂကြီးတရပ်၊ အစည်းအရုံးကြီး တခုဖွဲ့စည်းရေးကိုပင် ဘုံအဖွဲ့က အရေးကြီးအမိန့် ထုတ်ပြန်ခဲ့၍ ဖြစ်ပါသည်။ အချုပ်အားဖြင့် ပြောရလျှင် ဤသို့သော အလုပ်သမားအဖွဲ့အစည်းမျိုးသည် သူ၏ “ပြင်သစ်ပြည် ပြည်တွင်းစစ်” ကျမ်းထဲတွင် ကားလ်မာ့က်စ်က အမှန်ကန်ဆုံး ညွှန်ပြထားသည့်အတိုင်း အဆုံးတနေ့တွင် ကွန်မြူနစ်စနစ်ဆီသို့ မလွဲမသွေ ဦးတည်ခေါ်ဆောင်သွားမည့် အဖွဲ့အစည်းမျိုး ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုလျှင် ၄င်းသည် ပရောက်ဒွန်း၏ အယူအဆနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေသည်။
ထို့ကြောင့် ဘုံအဖွဲ့သည် ပရောက်ဒွန်းဂိုဏ်း၏ ဆိုရှယ်လစ်ဝါဒကို မြေမြှပ်သင်္ဂြိုဟ်ပေးသူလည်း ဖြစ်ပါသည်။ ဒီကနေ့ ဆိုလျှင် ဒီဂိုဏ်းသည် ပြင်သစ်အလုပ်သမားလူတန်းစား အဝန်းအဝိုင်းထဲကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။ ‘ရက်ဒီကယ်’ ဓနရှင် အဝန်းအဝိုင်း ကြားမှာသာ ပရောက်ဒွန်းဝါဒီတွေ ဆက်လက်တည်ရှိနေတာ ဖြစ်ပါသည်။
ဘလန်ကွီးဝါဒီတွေဆိုသည်မှာလည်း သိပ်ထူးလှသည်မဟုတ်ပါ။ သူတို့သည် လျှို့ဝှက်လုပ်ကြံရေးဂိုဏ်းအတွင်းမှာ မွေးဖွား ကြီးပြင်း လာကြသူများဖြစ်သည်။ ဒီဂိုဏ်း၏ တင်းကျပ်သည့် စည်းကမ်းအရ စုဖွဲ့ခဲ့ကြတာဖြစ်ပြီး ဒီစည်းကမ်းအရ ဆောင်ရွက်လာခဲ့သူတွေပါ။ “စည်းရုံးမှုကောင်းပြီး သန္နိဋ္ဌာန်ရှိသည့် လူတစုလောက်က အခွင့်သာခိုက်မှာ နိုင်ငံတော်၏ အချက်အချာနေရာကို သိမ်းပိုက် နိုင်ရုံမျှမက တော်လှန်ရေးအတွင်း လူထုပါဝင်အောင် မလုပ်နိုင်သေးမီအချိန်နှင့် ခေါင်းဆာင် အစုကလေး၏ဘေးမှာ လူထု ဝန်းရံမလာမီ အချိန်အထိ အညှာာအတာကင်းပြီး ကြီးမားလှသော စွမ်းပကားကို သုံးကာ အာဏာကို ထိန်းထားတာလည်း လုပ်နိုင်သည်”ဟူသော အမြင်မှ သူတို့ အစချီကြခြင်းဖြစ်သည်။ သည့်အပြင် “တော်လှန်ရေးအစိုးရ၏လက်ထဲတွင် အာဏာမှန်သမျှကို အတင်းကျပ်ဆုံးနှင့် အာဏာရှင်ဆန်ဆန် စုစည်းထားရေး” ဆိုသည်လည်း သူတို့အမြင်များထဲတွင် ပါဝင်နေသည်။
ဘုံအဖွဲ့ကို စတင်လိုက်သည်နှင့် သိရှိအသိအမှတ်ပြုလာရသည့် အချက်များမှာ...
- နောက်တကြိမ်အာဏာရလာသော အလုပ်သမားလူတန်းစားသည် နိုင်ငံတော်ယန္တရားဟောင်းနှင့် ဆက်လက် စခန်းသွား နေ၍ မရတော့။
- ရရှိကာစသာ ရှိသေးသည့် အာဏာကို ပြန်လည်ဆုံးရှုံးမသွားစေဖို့အတွက် တဖက်မှာ ဒီဖိနှိပ်ရေးယန္တရားဟောင်း (ဒီယန္တရားဟာ အရင်က သူကိုယ်တိုင်ကိုယ်ကျ လူထုကို ဆန့်ကျင်ခဲ့သည့် ယန္တရား ဖြစ်သည်) ကို ဖယ်ရှားပစ်လိုက်ဖို့နှင့် အခြားတဖက်မှာကျ ၄င်း၏ကိုယ်စားလှယ်တွေ၊ အရာရှိတွေအားလုံးကို အချိန်မရွေးပြန်ဖြုတ်နိုင်သည်ဟူ၍ ကြေညာ လိုက်ခြင်း အားဖြင့် သူတို့(ဒီကိုယ်စားလှယ်တွေ) ၏ အန္တရာယ်မှ ကိုယ့်ကိုယ်ကို ကာကွယ်ရေး... တို့ ဖြစ်ပါသည်။
ယခင် နိုင်ငံတော်ဟောင်း၏ ထူးခြားသည့် လက္ခဏာတွေက ဘာတွေပါလဲ။
လူအဖွဲ့အစည်းသည် သူ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကိုယ်ပိုင်အဖွဲ့များ ဖွဲ့စည်းခဲ့ရာတွင် မူလက ရိုးရိုး အလုပ်ခွဲဝေမှုအရ ဖွဲ့ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အာဏာ၏ လက်အောက်ခံ ဒီအဖွဲ့အစည်းများသည် အချိန်ကြာလာသည်နှင့် အမျှ သူတို့ကိုယ်ပိုင် အထူးအကျိုးစီးပွားကို လိုက်စားရင်း လူ့အဖွဲ့အစည်းကို အလုပ်အကျွေးပြုသူ (ကျေးကျွန်) အဖြစ်မှ လူ့အဖွဲ့အ စည်း၏ အရှင်သခင်အဖြစ် သူတို့ဘာသာ ပြောင်းလဲကုန်ကြတော့သည်။
ဤအဖြစ်မျိုးဥပမာကို ဘုရင်စနစ်နိုင်ငံများတွင်သာမက ဒီမိုကရေစီနိုင်ငံများတွင်လည်း အလားတူ တွေ့နိုင်ပါသည်။
တိုင်းပြည်၏ အာဏာအပြည့်အဝရှိသည့် သီးခြားအစိတ်အပိုင်း တရပ်အနေနှင့် “နိုင်ငံရေးသမားများ” ပါဝင်ဖွဲ့တည် လာမှု မျိုးကို မြောက်အမေရိကလောက် ဘယ်နေရာမှာမှ မလုပ်ဆောင်နိုင်ကြပါ။ အဲဒီမှာ အဓိက ပါတီကြီး (၂ ) ပါတီသည် အာဏာကို တလှည့်စီယူထားကြသည်။ နောက်တဖန် သူတို့ကိုယ်တိုင်သည် နိုင်ငံရေးလုပ်ကာ စီးပွားရှာနေကြသူများ၏ ချုပ်ကိုင်ထားခြင်းကို ခံနေရပြန်သည်။ ဒီနိုင်ငံရေးလုပ်စားကြသူများသည် သီးခြားပြည်နယ် လွှတ်တော်များနှင့် ပြည်ထောင်စု ဥပဒေပြုလွှတ်တော်တွင် နေရာ ရရှိဖို့ မျှော်မှန်းထားကြသည်။ သို့မဟုတ် သူတို့ပါတီအတွက် နိုင်ငံရေးအတိုက်အခံ လှုပ်ရှားမှုတွေလုပ်ပြီး အကယ်၍ သူတို့ပါတီ အနိုင်ရခဲ့ပါက ဆုလဒ်အဖြစ် ရာထူးနေရာများ ရယူခြင်းအားဖြင့် အသက် မွေးဝမ်းကျောင်းကြသည်။ အမေရိကန်တို့သည် သူတို့သည်းမခံ နိုင်လောက်အောင် ဖြစ်လာသော ဒီဝန်ထုပ် ဝန်ပိုးကြီးကို ခါချပစ်ဖို့ အနှစ်သုံးဆယ်လောက် မည်သို့ ကြိုးပမ်းခဲ့ကြသည် ဆိုသည်နှင့် ဒီလိုကြိုးးပမ်းခဲ့ပေမယ့် သူတို့အနေဖြင့် ဆက် လက်ပြီး ပျက်စီးမှုနွံအတွင်းမှာသာ မည်ကဲ့သို့ တနေ့ထက်တနေ့ ပိုနစ်လာသလဲဆိုသည်တို့မှာ သိသာထင်ရှား လှပါသည်။
နိုင်ငံတော်အာဏာသည် မူလက လူ့အဖွဲ့အစည်းကို အထောက်အကူဖြစ်ဖို့ ရည်ရွယ်ခဲ့သော်ငြားလည်း လူ့အဖွဲ့ အစည်းနှင့် ဆက်ဆံရေးတွင် သူတို့ကိုယ်တိုင် ကင်းကွာလာသော ဖြစ်စဉ် မည်သို့ပေါ်ပေါက်လာခဲ့သလဲဆိုသည်ကို အကောင်း ဆုံးမြင်တွေ့နိုင်သည်မှာလည်း အမေရိကန်တွင်ပင်ဖြစ်၏။ ဒီကနေ့ အဲဒီတိုင်းပြည်မှာ ဘုရင်တွေ မရှိတော့ပါ။ မှူးမတ် မျိုးနွယ် တွေ မရှိတော့ပါ။ အင်ဒီးယန်းတွေကို စောင့်ကြပ်နေရသူ အနည်းစုကလွဲ၍ အမြဲတမ်းတပ်မရှိပါ။ (မှတ်ချက်။။ အိန်ဂယ်က သူ့ခေတ်က တွေ့ရှိရ သည့်အတိုင်း ဖော်ပြခြင်း ဖြစ်သည်။) သို့မဟုတ် ပင်စင်ခံစားခွင့်တို့နှင့်တကွ ဗျူရိုကရေစီ မရှိပါ။ သို့ရာတွင် အဲဒီနေရာမှာ တွေ့ ရှိနိုင်သည်ကတော့ နိုင်ငံရေးဈေးကစားပြီး အမြတ်ထုတ်တတ်သော ဂိုဏ်းကြီး (၂) ဂိုဏ်းပါပဲ။ သူတို့သည် နိုင်ငံတော်အာဏာကို တလှည့်စီရယူပြီး နိုင်ငံတော်ကို အယုတ်ညံ့ဆုံးနည်းနာ၊ အယုတ်ညံ့ဆုံးရည်ရွယ်ချက်တို့ဖြင့် သွေးစုပ်ခဲ့ကြသည်။ သဏ္ဍာန်အားဖြင့်သာ တိုင်းပြည်ကို အလုပ်အကျွေးပြုသူ ကျေးကျွန်ဖြစ်နေပြီး တကယ်တမ်းမှာ တိုင်းပြည်ကို စိုးမိုးလုယက်နေကြသော ဒီလိုနိုင်ငံရေးသမား များ၏ စီးပွားရေး ကာတယ်အုပ်စုကြီး (၂) ခုကို တိုင်းပြည်က ရင်ဆိုင်နေရပြီး ပြည်သူပြည်သားတွေမှာ ဘာအာဏာမျှ မရှိပါ။ (၁၈၉၁ ခုနှစ်က အခြေအနေများ ဖြစ်ပါသည်။)
နိုင်ငံတော် ဒီလိုပြောင်းလဲသွားမှုကို တားဆီးရန်အတွက်နှင့် မလွှဲရှောင်သာသည့် ပြောင်းလဲသွားမှုအဖြစ် နိုင်ငံတော်၏ အဖွဲ့အစည်းများအနေနှင့် လူ့အဖွဲ့အစည်း၏ ကျေးကျွန်အဖြစ်မှ လူ့အဖွဲ့အစည်း၏ အရှင်သခင်အဖြစ်သို့ ပြောင်းလဲသွားမှုတို့ကို တားဆီးရန်တို့အတွက် ဘုံအဖွဲ့သည် မမှားနိုင်သော နည်း (၂)နည်းကို သုံးခဲ့ပါသည်။
ပထမနည်းကတော့....စီမံအုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပညာရေးဆိုသည့် ဌာနများအားလုံးအတွက် ဒီဌာနနှင့် သက်ဆိုင် သူအားလုံးတို့က အထွေထွေမဲပေးသည့်နည်းဖြင့် ရာထူးတာဝန်များ တင်မြေ‡ာက်ပေးခြင်းဖြစ်သည်။ ဒီအရွေးခံရသူ ပုဂ္ဂိုလ်များကို မဲပေးရွေးကောက်သူများက အချိန်မရွေး ပြန်လည်ðဖတ်ချနိုင်ခွင့်ရှိသည်ဟူသော အချက်နှင့် လည်း ချုပ်ကိုင်ထားလိုက်သည်။
ဒုတိယနည်းကတော့ ... နိမ့်မြင့်မဟူ အရာရှိမှန်သမျှ တခြားအလုပ်သမားများ ရရှိသော လစာအတိုင်းသာ ခံစားစေခြင်း ဖြစ်ပါသည်။ မည်သူဖြစ်စေ ဘုံအဖွဲ့ကပေးသော အမြင့်ဆုံး လစာမှာ ဖရန့်ငွေ ၆, ဝဝဝ ဖြစ်ပါသည်။ ဤနည်းဖြင့် ရာထူးနေရာ တပ်မက်လိုက်စားမှုနှင့် ရာထူးတာဝန်အပေါ် စီးပွားဖြစ်လုပ်ကိုင်မှုတို့ကို ထိရောက်သော အတားအဆီးများ ပြုလုပ်နိုင်ခဲ့ပါသည်။ ကိုယ်စားလှယ်များကို ကန့်သတ်ချက်အမိန့်များနှင့် ချည်တုပ်ထားရုံမျှမကသေးဘဲ ကိုယ်စားလှယ် အဖွဲ့အစည်းများကိုတောင်မှ ကန့်သတ် တုပ်နှောင်ထားပါသည်။
ယခင် နိုင်ငံတော်အာဏာဟောင်းတွေ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပုံနှင့် သူ့နေရာမှာ သစ်လွင်ပြီး တကယ်တမ်း ဒီမိုကရေစီကျသော နိုင်ငံတော်တရပ် အစားထိုးဝင်ရောက်လာပုံတို့ကို “ပြင်သစ်ပြည် ပြည်တွင်းစစ်”စာအုပ်၏ တတိယအခန်းတွင် အသေးစိတ်ဖော်ပြပြီးခဲ့ပါပြီ။ သို့ရာတွင် သူ၏ အသွင်သာန်တချို့နှင့် ပတ်သက်၍ ဤနေရာတွင် နောက်တကြိမ် ထပ်မံပြီး အကျဉ်းချုပ် တင်ပြဖို့ လိုပါသေးသည်။ အကြောင်းမူကား အထူးသဖြင့် ဂျာမဏီပြည်တွင် နိုင်ငံတော်နှင့်စပ်လျဉ်ပြီး အယူသီးသော ယုံကြည်မှုတို့သည် အဘိဓမ္မာရေးနယ်ပယ်ကနေ ဓနရှင်လူတန်းစား၏ ယေဘုယျအသိနယ်ပယ်အထိ သည့်အပြင် အလုပ်သမားများဆီ အထိသို့ပင် ပျံ့နှံ့တည်ရှိနေ၍ဖြစ်သည်။ အဘိဓမ္မာဆိုင်ရာ အယူအဆအရ ပြောရလျှင် နိုင်ငံတော်သည် “စိတ်ကူး၏ အကောင်အထည် ဖြစ်လာမှု” (သို့မဟုတ်) ကမ္ဘာမြေပြင်ပေါ်ရှိ ဘုရားသခင်၏ နိုင်ငံတော် ဖြစ်သည်ဟု ဆိုပါသည်။
အဘိဓမ္မာဆိုင်ရာ အနက်အဓိပ္ပာယ်ပြန်ဆိုရလျှင်မူ ထာဝရအမှန်တရားနှင့် တရးမျှတမှုတို့ တည်ရှိရာနယ်ပယ် (သို့မဟုတ်) ၄င်းတို့ကို အကောင်အထည်ဖော်သည့် နယ်ပယ်ဟု အဓိပ္ပာယ်ရပါသည်။ ဤသည်၏ နောက်မှ လိုက်ပါလာ သည်ကတော့ နိုင်ငံ တော်နှင့် နိုင်ငံတော်ဆိုင်ရာ ဆက်စပ်မှုမှန်သမျှကို ကြောက်လန့်±ိုသေနေရသော အယူသီးမှုာပါ။ ဒီအယူသီးမှုသည် လူ့အဖွဲ့အစည်း တရပ်လုံးနှင့်ဆိုင်သည့် ဘုံအရေးကိစ္စတွေ၊ လုပ်ငန်းတွေကို အတိတ်ကာလတုန်းကနှင့် အလားတူ နိုင်ငံတော်ကသာ (ဒါ့အပြင်) လစာ များပြီး ရာထူးကြီးသည့် အရာရှိများကသာ ကာကွယ်စောင့်ရှောက်နိုင်သည်၊ တခြားနည်းဖြင့် မကာကွယ် မစောင့်ရှောက်နိုင်ဟု ထင်မြင် ယူဆခြင်းဖြစ်သည်။ ဤအမြင်ကို ကလေးဘဝကတည်းက စွဲပြီး အကျင့်ပါလာကာ လူတွေမှာ အလွယ်တကူ အမြစ်တွယ်သွားခဲ့ခြင်း ဖြစ်သည်။ နောက်ပြီး လူတွေက ဘုရင်မင်းဆက် စနစ်အပေါ် ယုံကြည်မှုကို ကိုယ့်ဘာသာ စွန့်လွှတ်ပြီး ဒီမိုကရေစီသမ္မတနိုင်ငံကို သစ္စာ ခံရသောအခါတွင် ဒါဟာ အလွန် တရာကို သာမန်မဟုတ်သော စွန့်စားမှုမျိုးနှင့် ရှေ့တိုးရသော ခြေလှမ်းတလှမ်းဟူ၍ ထင်မြင်ယူဆ နေကြခြင်း ဖြစ်သည်။
သို့ရာတွင် တကယ်တမ်းကျတော့ နိုင်ငံတော်ဟူသည်မှာ လူတန်းစားတရပ်က အခြားလူတန်းစားတရပ်အပေါ် ဖိနှိပ်သော ယန္တရားဖြစ်သည်ကလွဲ၍ တခြားဘာမျှမဟုတ်ချေ။ တကယ်ပဲ ဘုရင်စနစ်နိုင်ငံတော်မှာ ဒီအတိုင်းဖြစ်သကဲ့သို့ ဒီမိုကရေစီသမ္မတနိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ ကောင်းတဲ့ဘက်က ကြည့်လျှင်တော့ ပစ္စည်းမဲ့လူတန်းစားသည် လူတန်းစား အာဏာအတွက် တိုက်ရသော တိုက်ပွဲအောင်မြင်ပြီးသည့်နောက်တွင် နိုင်ငံတော်ကို အမွေဆိုးတရပ်အနေနှင့် လက်ခံရရှိခြင်း သာ ဖြစ်သည်။ ဆိုးသည့်ဘက်က ကြည့်ပြန်တော့လည်း ဘုံအဖွဲ့ကဲ့သို့သော အောင်ပွဲရပစ္စည်းမဲ့လူတန်းစားသည် အသုံးမကျ တော့သည့် နိုင်ငံတော်တခုလုံးကို အမှိုက်ပုံမှာ စွန့်ပစ်နိုင်သည်အထိ လွတ်လပ်သော အခြေအနေမျိုး၊ ၄င်းအပြင် မျိုးဆက် သစ်တရပ်ကို အသစ်ပြုစုပေးနိုင်သည့် အချိန်မျိုး မရောက်သေးမီမှာ နိုင်ငံတော်၏ အားကောင်းသည့် အစိတ်အပိုင်းများကို ချက်ချင်းဆိုသလို တတ်နိုင်သလောက်များများ ဖြတ်တောက်နေရဦးမည်ဖြစ်ပြီး ဤသည်ကို ရှောင်လွှဲ၍ မရနိုင်သေးပါ။
ပဲရစ်ဘုံအဖွဲ့သည် ရှုံးနိမ့်ခဲ့ရပါပြီ။
သို့ရာတွင် ပစ္စည်းမဲ့တို့၏ (၁၈၇၁) ဘုံအဖွဲ့ကာလ အောင်ပွဲသည် (၁၈၄၈) ခုနှစ် လျှပ်တပြက်တိုက်ခိုက်မှုကဲ့သို့ပင် မပြည့်စုံ မရင့်မှည့်သေးသည့် အောင်ပွဲလက်ဆောင်အဖြစ် တင်ကျန်ရစ်ပါသည်။
(၁၈၇ဝ-၇၁) စစ်ပွဲနှင့် ဘုံအဖွဲ့၏ ±ှုံးနိမ့်မှုကြောင့် ဥရောပအလုပ်သမားလှုပ်ရှားမှု၏ ဗဟိုချက်မနေရာသည် ပြင်သစ်ပြည်ကနေ ဂျာမဏီပြည်သို့ ပြောင်းရွှေ့သွားခဲ့သည်ဟု ကားလ်မာ့က်စ်က ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။ အကြောင်း မူကား ပြင်သစ်ပြည်သည် (၁၈၇၁) ခုနှစ် မေလ သွေးထွက်လွန်ရောဂါကို ပြန်လည်ကုသဖို့ နှစ်အတော်ကြာကြာ အချိန်ယူရပေလိမ့်ဦးမည်။ အခြားတဖက်မှာကျတော့ ဂျာမဏီပြည်သည် (၁၈၇၁) ခုနှစ်၊ မေလ ၁ဝ ရက် (Frankfurt) စာချုပ်အရ ပြင်သစ်ထံမှ ပြင်သစ်ငွေ (၅, ဝဝဝ, ဝဝဝ) ရခဲ့သည့်အတွက် စက်မှုလုပ်ငန်းကို ဂရုတစိုက် ပြုစုပျိုးထောင် နိုင်သည့် အပြင် ခေတ်မီသည့် အိုးအိမ်တိုက်တာများကိုလည်း တည်ဆောက်နိုင်ခဲ့သည်။ ပိုပြီး ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးးလာခဲ့ ပါသည်။
ပဲရစ်ဘုံအဖွဲ့၏ ရလဒ်တခုကတော့ ပြင်သစ်ပြည်သူလူထုကြီးသည် စစ်တပ်များထဲတွင် လက်နက်စွဲကိုင်ပြီး ပါဝင်ခဲ့ကြသည်။ ၄င်းအရေအတွက်သည် သန်းနှင့်ချီပြီး ရှိခဲ့ပါသည်။ သေနတ်လက်နက်တွေ၊ ဖောက်ခွဲရေးကိရိယာတွေကို လူထုနှင့် မိတ်ဆက်ပေးခဲ့ပြီး ပြောက်ကျားတိုက်ပွဲများနှင့် လုံးဝပြည့်စုံသော တော်လှန်ရေးကို ဖန်တီးပေးခဲ့ပါသည်။ ဤ တော်လှန်ရေးသည် အခြားတဖက်တွင် ဘိုနာပတ်၏ စစ်ကာလကို ရုတ်တရက် အဆုံးသတ်စေခဲ့သည်။ စက်မှုလုပ်ငန်း ငြိမ်းချမ်းစွာ ဖွံ့òဖးတိုးတက်ရေးကို ဖြစ် စေခဲ့ပါသည်။
သည့်အပြင် လူထုထဲမှ အဆင်းရဲဆုံးလူတန်းစားကို ဆိုရှယ်လစ်စနစ်၏ ရင်ခွင်တွင်းသို့ သွတ်သွင်းပေးခဲ့ပါသည်။
ဘုံအဖွဲ့ ရှုံးနိမ့်သွားသည့်အခါတွင် တိုက်စိတ်ခိုက်စိတ် ထက်သန်သော ပစ္စည်းမဲ့လူတန်းစားသည် ပဲရစ်ဘုံအဖွဲ့နှင့် အတူ မြေ မြုပ်သင်္ဂြိဟ်ခြင်း ခံလိုက်ရသည်ဟူ၍ တချို့က ယုံကြည်ခဲ့ကြသည်။ သို့ရာတွင် ဤသည်နှင့်ပြောင်းပြန် ပဲရစ်ဘုံအဖွဲ့ ... ၄င်းအပြင် ပြင်သစ် ပရပ်ရှားစစ်ပွဲမှနေ၍ ပစ္စည်းမဲ့လူတန်းစား အင်အားပြည့်ဝ အစွမ်းထက်စွာ ပြန်လည် လှုပ်ရှားသက်ဝင်လာမည့် နေ့တနေ့ကို ချိန်းဆိုသတ်မှတ်ပေးလိုက်ပါသည်။
• • • •
ပဲရစ်ဘုံအဖွဲ့ကတော့ ရှုံးနိမြ့်ပိုကွဲသွားခဲ့ရပါပြီ။
သို့ရာတွင် ဘုံအဖွဲ့၏ မူများကတော့ ထာဝရ ဆက်လက်တည်ရှိနေပါလိမ့်မည်
ပြီးပြီ